Tuesday, January 27, 2009

မြန်မာ့နိုင်ငံရေးကို ကုလအထူးသံ သွေးတိုးစမ်းဦးမည်

လာရီဂျေဂင်

အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်ရေး ကြားဝင်ဆောင်ရွက်ပေးသည့် နောက်ဆုံးကြိုးပမ်းမှု ဖြစ်နိုင်ဖွယ်ရှိသော ခရီးစဉ်အဖြစ် ကုလသမဂ္ဂ အထူးသံတမန် မစ္စတာအီဗရာဟင် ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ယခုလကုန်တွင် နောက်တကြိမ် သွားရောက်ဦးမည်။

မြန်မာနိုင်ငံသို့ သူ၏ခရီးစဉ်သည် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး၊ ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် ပြီးဆုံးမည်ဟု မစ္စတာဂမ်ဘာရီက မဇ္ဈိမကို ပြောသည်။

သို့သော် သူက အသေးစိတ်ပြောရန် ငြင်းဆိုသည်။ "ခရီးစဉ်နဲ့ပတ်သက်တဲ့ အသေးစိတ် အစီအစဉ်တွေ၊ ဖြစ်နိုင်ချေတွေကို ဆက်လက်ဆောင်ရွက်နေတုန်းပါ" ဟု သူက ပြောသည်။

သူ့ခရီးစဉ်အတွင်း စစ်အစိုးရ အကြီးတန်းအဖွဲ့ဝင်များ၊ လောလောဆယ် ရန်ကုန်မြို့တွင် အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံခေါင်းဆောင်များ၊ တိုင်းပြည်၏ တိုင်းရင်းသားလူနည်းစု ကိုယ်စားလှယ်များနှင့် တွေ့ဆုံနိုင်ရန် မျှော်လင့်ထားသည်ဟု အမည်မဖော်လိုသူ ကုလအရာရှိများ၏ အဆိုအရ သိရသည်။

"ဤခရီးစဉ်သည် ၄ ရက်ကြာ အလုပ်သဘော ခရီးစဉ်ဖြစ်သော်လည်း၊ သူ၏ ထိပ်တန်းဦးစားပေး လုပ်ငန်းအစီအစဉ်ထဲတွင် တိုးတက်မှု တစုံတရာရှိပုံရပါက ရက်တိုး၍ နေထိုင်သွားမည်" ဟု မစ္စတာဂမ်ဘာရီနှင့် နီးစပ်သူ ကုလအရာရှိတဦးက ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး သူမရဲ့အမြင်တွေကို နားထောင်ဖို့ဟာ ဒီခရီးစဉ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတရပ်ဆိုတာ ထင်ရှားပါတယ်" ဟု သူက ဆက်ပြောသည်။ သူ၏ နောက်ဆုံးခရီးစဉ်အတွင်း ကုလအထူးသံသည် ဒီမိုကရေစီခေါင်းဆောင်နှင့် တွေ့ဆုံရန် နှစ်ကြိမ်ကြိုးပမ်းခဲ့ရာ မအောင်မြင်ခဲ့ပါ။

မြန်မာစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီးပါက ဤနိုင်ဂျီးရီးယားသံတမန်သည် ဒေသတွင်းခရီးစဉ်များ ဆက်လက်သွားရောက်မည်ဟု နယူးယောက်မြို့ရှိ ကုလသတင်းရပ်ကွက်များ၏ အဆိုအရ သိရသည်။ သွားရောက်မည့် နေရာများကို အပြီးသတ် မဆုံးဖြတ်ရသေးသော်လည်း ဤကိစ္စကို အကောင်းဆုံး မည်သို့ဆက်လုပ်ရမည်ကို ဆွေးနွေးရန်အတွက် ဘန်ကောက်၊ ပီကင်း၊ ဂျကာတာ၊ စင်္ကာပူနှင့် တိုကျိုသို့ သေချာပေါက် သွားရောက်မည်ဟု မျှော်လင့်ရသည်။ သို့သော် ဤသို့မသွားရောက်မီ ကုလ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကို အစီရင်ခံရန် နယူးယောက်မြို့သို့ ပြန်လာဦးမည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို တိုင်းပြည်၏ နိုင်ငံရေးအရ အရေးပါ အရာရောက်သူများ အထူးသဖြင့် အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင်များနှင့် စတင်ဆောင်ရွက်ပါရန် မြန်မာစစ်ခေါင်းဆောင်များအား မည်ကဲ့သို့ အကောင်းဆုံး တိုက်တွန်းအားပေးနိုင်မည်ကို လပေါင်းများစွာကြာအောင် ဆွေးနွေးငြင်းခုံခဲ့ပြီးနောက် ခေါင်းမာသော မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် ကုလသမဂ္ဂ၏ အသစ်တဖန်ကြိုးပန်းမှုအဖြစ် ဤခရီးစဉ်ကို ရှုမြင်ကြသည်။ လွန်ခဲ့သော ဒီဇင်ဘာလက ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင် မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်ခဲ့သေးသော်လည်း အဆိုပါခရီးစဉ်မှ အခိုင်အမာရလဒ် တစုံတရာရလိမ့်မည်ဟု မထင်သဖြင့် ခရီးစဉ်ကို ပယ်ဖျက်ခဲ့သေးသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ မတိုးသာမဆုတ်သာ အခြေအနေမှ တစုံတရာ စစ်မှန်သော ထိုးဖောက်အောင်မြင်မှု ရနိုင်ဖွယ် မရှိရင်တောင်မှ ဤခရီးစဉ်ကို ရှေ့ဆက်ဆောင်ရွက်စေရန် အချို့သော နိုင်ငံများ၊ အထူးသဖြင့် UK နိုင်ငံက အပြင်းအထန် ဖိအားပေးလျက်ရှိသည်။

ထိုအချိန်ကတည်းကစ၍ ကုလအကြီးအကဲသည် ကန်လန့်ကာ နောက်ကွယ်မှ တက်ကြွစွာ ဆောင်ရွက်မှုများကို ပြုလုပ်နေခဲ့သည်။ မြန်မာနိုင်ငံအပေါ် အစိုးရိမ်အပူပန်ဆုံး နိုင်ငံများမှ အဆင့်မြင့်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ အဆက်မပြတ် ပြုလုပ်ခဲ့ပြီး၊ လုံခြုံရေးကောင်စီ အမြဲတမ်း ၅ နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

၂ဝဝ၆ ခုနှစ်တွင် သူ ဤတာဝန်စယူကတည်းက ၇ ကြိမ်မြောက်ခရီးစဉ်နှင့် ၅ လအတွင်း ပထမဆုံးဖြစ်မည့် ဤခရီးစဉ်သည် ရန်ကုန်အခြေစိုက် သံတမန်များ၏ အဆိုအရ သူ၏ တာဝန်နှင့်စပ်လျဉ်း၍ စစ်တမ်းရှာအဖြေထုတ်မည့် ခရီးစဉ်ဖြစ်သည်။ နိုင်ငံတကာက ကြားဝင်စေ့စပ်ပေးမှုများနှင့် စပ်လျဉ်း၍ စစ်အစိုးရသည် သူတို့၏ သဘောထားကို အနက်ကောက်၍ မရအောင် အမျိုးမျိုးပြောကြားနေခဲ့သည်။ ကြောက်မက်ဖွယ် ဖျက်ဆီးအားပြင်းထန်လှသည့် နာဂစ်ဆိုင်ကလုံး မုန်တိုင်းကျအပြီးတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကို တဖြည်းဖြည်း ကြိုဆိုလက်ကမ်းခဲ့သော်လည်း နိုင်ငံရေးကိစ္စများတွင်မူ နိုင်ငံတကာ၏ ဖိအားကို ငြင်းဆန်ခုခံခဲ့သည်။

"စစ်အစိုးရက နိုင်ငံတကာ အကူအညီနဲ့ ထောက်ခံမှုကို လိုလိုလားလား ရှိ မရှိ၊ အနည်းဆုံး သည်းခံခွင့်ပြုနိုင်မလားဆိုတာကို မစ္စတာဂမ်ဘာရီက သွေးတိုးစမ်းကြည့်မှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သတင်းစကားဖြစ်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ဟာ စစ်မှန်ရမှာဖြစ်ပြီး၊ အားလုံး အမှန်တကယ် ပါဝင်ဖို့လည်း လိုတယ်ဆိုတာကို ထပ်လောင်းပြောကြားမှာလည်း ဖြစ်ပါတယ်" ဟု ရန်ကုန်အခြေစိုက် အနောက်တိုင်း သံတမန်တဦးက ပြောသွားသည်။ သို့သော် အကဲခတ်အများစုကမူ မစ္စတာဂမ်ဘာရီ၏ ခရီးစဉ် အောင်မြင်မှု ကြီးကြီးမားမား ရနိုင်ရေးဆိုသည်ကို သိပ်မမျှော်လင့်ကြပါ။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အ"ိက အတိုက်အခံပါတီ အန်အယ်ဒီကမူ ဤ ခရီးစဉ်သည် အနိမ့်ဆုံးအားဖြင့် ဆက်ဆံရေးများ လုံးဝအေးစက်သွားသည်ကို ပြန်လည်စတင်ပေးနိုင်မည်ဟု မျှော်လင့်ထားကြပြီး၊ စစ်အစိုးရနှင့် သူတို့အကြား ဆက်သွယ်မှုအသစ်များ ထပ်မံဖြစ်ထွန်းလာစေမည်ဟုလည်း မျှော်လင့်ထားကြသည်။ ထိုမှတဆင့် မယ်မယ်ရရ ဆွေးနွေးပွဲများ အစပြုလာနိုင်ဖွယ်ရှိပြီး၊ အနိမ့်ဆုံးအားဖြင့် စစ်အစိုးရ အဆင့်နိမ့်ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများ ပေါ်ထွန်းလာနိုင်သည်ဟု မျှော်လင့်ထားကြသည်။

"ကုလအထူးသံရဲ့ ယခုတကြိမ် ခရီးစဉ်ဟာ အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ တိုင်းပြည်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ အောင်မြင်ရေးအတွက် အထူးသံတမန်မှာရော၊ ဒီချုပ်မှာပါ တူညီတဲ့ မူတွေရှိနေလို့ပါ" ဟု အန်အယ်ဒီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သို့သော် လေ့လာအကဲခတ်သူ အများစုကမူ ဤခရီးစဉ်အပေါ် မျှော်လင့်ချက်ထားရာ၌ အတော်သတိကြီးစွာ ထားရှိသည်ကို တွေ့ကြရသည်။ မစ္စတာဂမ်ဘာရီ၏ ကြိုးပမ်းမှုများ ရလဒ်တစုံတရာ မရရှိခဲ့ခြင်းအတွက် မြန်မာနိုင်ငံတွင်းတွင် အကြီးအကျယ် စိတ်ပျက်နာကြည်းမှုများ ဖြစ်ပေါ်စေခဲ့သည်။ "ဘာမှ မျှော်လင့်မထားပါနဲ့" ဟု နိုင်ငံတကာ စေ့စပ်ဆွေးနွေးမှု လုပ်ငန်းများနှင့် ရင်းရင်းနှီးနှီးရှိသူ အနောက်တိုင်း သံတမန်တဦးက မဇ္ဈိမကို ပြောသည်။ "ဒီခရီးစဉ်က ရည်မှန်းချက်နဲ့ မျှော်လင့်ချက် နဲနဲလေးပဲရှိတာပါ" ဟု သူက ဆိုသည်။

ကုလအထူးသံသည် ယခင်နောက်ဆုံးအကြိမ်က သူမနှင့် သွားရောက်တွေ့ဆုံရာတွင် ငြင်းပယ်ခံခဲ့ရသော်လည်း ယခု ခရီးစဉ်အတွင်း အတိုက်အခံခေါင်းဆောင်နှင့် တွေ့ဆုံနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ ယခင်ခရီးစဉ်များ အတွင်းကလည်း သူမနှင့် ထိုသို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယခုခရီးစဉ်သည် ယခင်ဖြစ်ရိုးဖြစ်စဉ်နှင့်မတူဘဲ ပိုမိုအောင်မြင်မှု ရှိမရှိ ဆိုသည်ကို အမှန်တကယ် တိုင်းတာစစ်ဆေးမည့် အရာမှာ စစ်အုပ်စုအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့် ရ မရ ကိစ္စဖြစ်သည်။ ယခင်ခရီးစဉ် အနည်းငယ်တုန်းကလည်း ဗိုလ်ချုပ်မှူးကြီးက သူ့ကို လက်ခံတွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။

"သူတွေ့နိုင်ဖို့ များတာက ပွဲတက်ဟန်ပြ ခေါင်းဆောင်သာဖြစ်တဲ့ ဝန်ကြီးချုပ် သိန်းစိန် တယောက်ထဲသာ ဖြစ်ပါတယ်" ဟု ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် မြန်မာပညာရှင် ဦးဝင်းမင်းက ပြောသည်။ "ထိပ်ဆုံးဗိုလ်ချုပ်ကြီးကတော့ သူ့ကို အရေးမစိုက်မှာ သေချာတယ်၊ သူလိုလူနဲ့ တိုက်ရိုက်စကားပြောစရာ မလိုဘူးလို့ ယုံကြည်နေမှာပဲ" ဟု သူက ပြောသည်။

ဤကုလသမဂ္ဂ ခရီးစဉ်သည် အတိုက်အခံများကို အစုလိုက်အပြုံလိုက် နှိမ်နင်းအပြီးတွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော လအနည်းငယ်အတွင်း စစ်အစိုးရသည် ဒီမိုကရေစီလိုလားသူ လှုပ်ရှားတက်ကြွသူများကို ကြီးလေးသော ထောင်ဒဏ်များ ချမှတ်အပြစ်ပေးခဲ့သည်။

မစ္စတာဂမ်ဘာရီ ရန်ကုန်မြို့သို့ အလည်အပတ် ရောက်ရှိနေစဉ်အတွင်း ဒီချုပ်အဖွဲ့ဝင် ၃ဝဝ ကျော်နှင့် အခြားနိုင်ငံရေး အကျဉ်းသားများကို ဖမ်းဆီးမှုများ၊ ထောင်ဒဏ် အပြစ်ပေးမှုများကို ဆွေးနွေးမည်ဟု ဒီချုပ်က မဇ္ဈိမကို ပြောသည်။

ကုလအထူးသံတမန်အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အဓိက စိုးရိမ်ပူပန်မှုဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရေးကို ထပ်လောင်းပြောကြားမည်မှာ သေချာသော်လည်း၊ စစ်အစိုးရက ဤအချက်အပေါ် သဘောထားပြောင်းလဲမည့် အလားအလာ အလွန်နည်းသည်။ နိုဘယ်ဆုရှင် အတိုက်အခံခေါင်းဆောင်သည် လွန်ခဲ့သော အနှစ် ၂ဝ အတွင်း ၁၃ နှစ်ကျော် နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့ရသည်။ သူမအား ထိန်းသိမ်းထားသည့် အမိန့်သည် မေလကုန်တွင် သက်တမ်းကုန်ဆုံးမည်။ သို့သော် ယခုတကြိမ်လည်း နောက်ထပ် တနှစ်သက်တမ်း တိုးလိမ့်ဦးမည်ဟု မျှော်လင့်ရသည်။

စစ်အစိုးရအတွက် စိုးရိမ်တကြီး ဖြစ်နေသည့်အချက်မှာ ကုလအကြီးအကဲ၏ ခရီးစဉ်ကို သူတို့က တားဆီးဟန့်တားထားခြင်း မဟုတ်ကြောင်း ပြသရန်ဖြစ်သည်။ ထို့ကြောင့် ယခုမစ္စတာဂမ်ဘာရီ ခရီးစဉ်တွင် အ"ိက ရည်မှန်းချက်တရပ်မှာ ကုလအကြီးအကဲ၏ ခရီးစဉ် ပြန်လည်သတ်မှတ်ရေးအတွက် စစ်အစိုးရဘက်မှ အသင့်ဖြစ်မှု အနေအထားကို တီးခေါက်ကြည့်ရေးဖြစ်သည်ဟု သံတမန်အချို့က ယုံကြည်နေကြသည်။

ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ယခုနှစ် ပထမပိုင်းကာလအတွင်း သွားရောက်လည်ပတ်ဖွယ်ရှိသည်။ နောက်လတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး အပြီးတွင်သော်လည်းကောင်း၊ ပိုပြီးဖြစ်နိုင်သည်မှာ ထိုင်းနိုင်ငံတွင် ဧပြီလအတွင်း ကျင်းပရန် စီစဉ်ထားသည့် ကုလသမဂ္ဂနှင့် အာဆီယံ အစည်းအဝေးအပြီးတွင်သော်လည်းကောင်း ဖြစ်ဖွယ်ရှိသည်။

No comments: