Thursday, January 29, 2009

လူ့အခွင့်အရေးအဖွဲ့ စွပ်စွဲချက်ကို စီအန်အက်ဖ် ငြင်းဆို

မုံပီး ဇန်နဝါရီလ 29 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ချင်းပြည်သူများအပေါ် ဖိနှိပ်ငြင်းပမ်းမှုများ ပြုနေသည်ဆိုသော လူ့အခွင့်ရေးအဖွဲ့၏ စွပ်စွဲချက်ကို ချင်းအမျိုးသားတပ်ဦး၏ လက်နက်ကိုင်တပ်ဖြစ်သော ချင်းအမျိုးသား တပ်မတော်က ဗုဒ္ဓဟူးနေ့က ပယ်ချလိုက်သည်။

နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော အစီရင်ခံစာထဲတွင် မြန်မာစစ်အစိုးရ၏ ဖိစီးနှိပ်စက်မှုခံနေရသော ချင်းပြည်သူများမှာ ချင်းလက်နက်ကိုင် အဖွဲ့ကြောင့်လည်း ထပ်လောင်း ဒုက္ခရောက်ကြရသည်ဟု ပါရှိသည်။

စာမျက်နှာ ၉၃ မျက်နှာရှိ " မေ့လျော့ခံ ပြည်သူများနှင့် တူပါသည်။ မြန်မာပြည်တွင်လည်း မလုံခြုံ- အိန္ဒိယကလည်း အကာအကွယ်မပေး" ဟု အဓိပ္ပါယ်ရသည့် အစီရင်ခံစာတွင် မြန်မာစစ်တပ်နှင့် အစိုးရ၀န်ထမ်းများ၏ အာဏာ အလွဲသုံးစားပြုမှုကို ချင်းပြည်သူများကို အမြဲတစေ ခံစားရသည်ဟု ဖော်ပြထားသည်။

မတရားဖိနှိပ်ခြင်းများတွင် အဖိုးအခမပေးဘဲ လုပ်အားခိုင်းစေခြင်း၊ ဥပဒေမဲ့ ထင်တိုင်းကြဲ ဖမ်းဆီးချုပ်နှောင်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ ဘာသာရေးကိုးကွယ်ခွင့် ကန့်သတ် တားဆီးခြင်းနှင့် အခြားသော အခြေခံ လွတ်လပ်ခွင့်များ တားမြစ်ပိတ်ပင်ခံရသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

၂၀၀၅ ခုနှစ်မှသည် ၂၀၀၈ ခုနှစ်အတွင်း လူပေါင်း ၁၄၀ ကို တွေ့ဆုံမေးမြန်းကာ သုတေသနပြုခဲ့ခြင်းမှ ထွက်ပေါ်လာသော အစီရင်ခံစာက စီအန်အက်ဖ် ခေါ် ချင်းလက်နက်ကိုင်တပ်၏ အပြုအမူကလည်း ချင်းတို့ကို ပိုမိုအထိနာအောင် ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။

လူ့အခွင့်အရေးအဖွဲ့က " စီအန်အက်ဖ်/စီအန်အေ အဖွဲ့ရဲ့ တချို့ အဖွဲ့ဝင်တွေက ရွာသားတွေဆီကနေ ဆက်ကြေးကောက်တယ်၊ နှောက်ယှက်တယ်၊ ရိုက်နှက်တယ်၊ ပြီးတော့ တခြား ဖိနှိပ်မှုတွေပါ လုပ်တယ်" ဟု ရေးသားထားသည်။

သိုသော် စီအန်အက်ဖ်၏ အထွေထွေအတွင်းရေးမှုး ပေါ်လ်စမစ်က စွပ်စွဲချက်များကို ပယ်ချလိုက်ပြီး စီအန်အက်ဖ်ကို မလိုမုန်းထားသည့် လူတစု သို့မဟုတ် တဦးတယောက်က ပံ့ပိုးပေးလိုက်သည့် အချက်အလက်များကို အခြေခံထားသည့် အစီရင်ခံစာဟု တုံ့ပြန်လိုက်သည်။

စီအန်အက်ဖ်၏ မကောင်းကြောင်းကို ပြောမည့်သူများကို အဓမ္မခိုင်းစေ ဖြေဆိုစေခြင်းများ ရှိနိုင်သည့်အတွက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ အနေဖြင့် ဂရုစိုက် လူရွေး မေးမြန်းသင့်ကြောင်း ပေါလ်က မဇ္ဈိမသို့ တယ်လီဖုံးမှတဆင့် ပြောကြားသည်။

"မြန်မာပြည်မှာ လူအများစုက ကြောက်စိတ်နဲ့ နေနေရတာ၊ အစိုးရကို ဆန့်ကျင်တယ်ဆိုတာ မကောင်းဘူးဆိုတဲ့အမြင် မြင်အောင် လုပ်ခံထားရတာ" ဟု ပေါလ်က ပြောသည်။

" ဒါကြောင့် HRW (လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့) အနေနဲ့ အခြေအနေ အရပ်ရပ်ကို ထဲထဲဝင်ဝင် နားလည်အောင်လုပ်ပြီး အင်တာဗျူးတဲ့အခါ သေသေချာချာ လူရွေးချယ်သင့်တယ်"

တအိမ်ထောင်လျှင် ကျပ် ၃ ထောင်ကျ စီအန်အက်ဖ်က နှစ်စဉ် ကောက်ခံကြောင်း အစီရင်ခံစာတွင် ပါရှိသည်။ အများစုသော ကျေးရွာသားများမှာ ငွေမရှိ၍ ရှိစုမဲ့စုလေးများ ရောင်းချပေးကြရသည်ဟု ဆိုသည်။

"တခါတလေမှာ မလှူတဲ့လူတွေကို ရိုက်တာ၊ နှက်တာတွေ လုပ်တယ်။ အများစုကလည်း ကြောက်တော့ ပိုက်ဆံပေးလိုက်တာပေါ့" ဟု ရွာသားတဦး၏ ပြောကြားချက်ကို လူ့အခွင့်အရေးအဖွဲ့က ကိုးကားထားသည်။

စီအန်အက်ဖ်အနေဖြင့် ရွာသားများထံမှ အခွန်ကောက်ခံသည် ဆိုခြင်းကို ပေါလ်က ၀န်ခံသော်လည်း နိုင်ထက်စီးနင်း လုပ်ဆောင်ခြင်းမရှိပါဟု ပြောသည်။ စီအန်အက်ဖ်အနေဖြင့် ၂၀၀၇ ခုနှစ်အထိ အိမ်ထောင်စုတစုလျှင် ငွေကျပ် ၃ ထောင် ဆက်ကြေး ကောက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် ၁၀ ကျပ်သာ အလှူခံတော့သည်ဟု ပေါလ်က ပြောသည်။

"လူတွေကို ရိုက်နှက်တာ အနိုင်ကျင့် ငွေတောင်းတာတွေ မလုပ်ရဘူးဆိုပြီးတော့ ကျနော်တို့ အဖွဲ့ဝင်တွေကို တားမြစ်တဲ့ စည်းကမ်း ထုတ်ပြန်ထားပါတယ်။ တကယ်လို့ တယောက်ယောက်က အဲသလိုတွေ လုပ်တယ်ဆိုရင် အရေးယူပါတယ်" ဟု ပေါလ်က ပြောသည်။

သို့ပေမယ့်လည်း စစ်အစိုးရက စီအန်အက်ဖ်၏ လှုပ်ရှားမှုကို မျက်ခြေမပြတ် ပစ်မှတ်ထားနေခဲ့ပြီး ကျေးရွာသားများ စီအန်အက်ဖ်နှင့် အဆက်အသွယ် မလုပ်ရန် အကြပ်ကိုင်နှိပ်စက်ကာ လူအများ စီအန်အက်ဖ်ကို မုန်းလာအောင် ကြောက်စိတ်သွင်းပေးခဲသည်ဟု ဆိုသည်။

"ပြီးတော့ တချို့ကလည်း စီအန်အက်ဖ်နာမည်သုံးပြီး ခြိမ်းခြောက် ငွေညှစ်တာတွေ လုပ်တတ်တယ်၊" ဟု သူက ထပ်ပြောသည်။

လူ့အခွင့်အရေးအဖွဲ့ အနေဖြင့် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စီအန်အက်ဖ်အပေါ် မလိုတမာ စွပ်စွဲချက်များကို တိုင်းတာနှိုင်းယှဉ်ခြင်းတော့ မလုပ်ထိုက်ဟု ပေါလ်က ပြောသည်။

မြန်မာစစ်တပ်၏ အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမှု၊ နှိပ်စက်ငြင်းပမ်းမှုနှင့် တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းတို့ကြောင့် ချင်းလူမျိုး အများအပြား အိမ်နီးချင်း အိန္ဒိယသို့ ထွက်ပြေးကြရာတွင်လည်း ဒေသခံ လူမှုအဖွဲ့အစည်း၏ ခွဲခြားဆက်ဆံမှုနှင့်လည်း ထပ်မံကြုံရပြန်သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

မြန်မာနိုင်ငံ အနောက်ပိုင်း တောင်တန်းများပေါ်တွင် နေထိုင်ကြသော ချင်းတို့မှာ ၂၀၀၆ နှစ်ကုန်ပိုင်းကတည်းက ကြွက်သောင်းကျန်းမှုကြောင့် ပြည်နယ်အတွင်း အစာရေစာ ရှားပါးခြင်းလည်း ထပ်မံကြုံတွေ့နေရသည်ဟု အစီရင်ခံစာက ရေးသားထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်၏ အပြောအရ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာသုံးစွဲမှု အနည်းဆုံး ဒေသဖြစ်သည်ဟု ပြောသည်။

ချင်းတို့၏ ကံကြမ္မာဆိုးနှင့် ပတ်သက်၍ လူအချို့ကသာ အလေးထား ဂရုစိုက်ကြောင်း လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

No comments: