Thursday, January 15, 2009

ပဲဈေးကွက် နမူနာ

မဇ္ဈိမသတင်းဌာန

ကမ္ဘာ့ဈေးကွက်တွင် ပဲဈေးများ မထင်မှတ်ဘဲ ထိုးကျဆင်းသွားပြီးနောက် လောဘဇောတိုက်ကာ မနိုင်မနင်း ကြိုပွိုင့်ဝယ်ထားသော ဝယ်လက်ကုန်သည်ကြီးများ ငွေလိမ်မှုများပေါ်၊ ထွက်ပြေးအဖမ်းခံရသည့် သတင်းဖြစ်လာပြီးနောက် စစ်အစိုးရက အဖြေရှာသည့် အနေဖြင့် လက်ဝါးကြီးအုပ်ထားသော ဈေးကွက်ကို ဖြန့်ချရန် ကြိုးစားလာခဲ့သည်။

အထိနာနေသော ပဲစိုက်တောင်သူများအတွက် ကောင်းသော ခြေလှမ်းတရပ် ဖြစ်နိုင်ပေသည်။ သို့သော် စစ်အစိုးရက အမှန်တကယ် အင်တိုက်အားတိုက် အကောင်အထည် ဖော်မှာလားဆိုတာက သံသယရှိစရာပင်။ လုံခြုံရေးကိုသာလျှင် ဦးစားပေးလွန်းလှသော စစ်ဗိုလ်ချုပ်ကြီးများ ကြီးစိုးသည့် စစ်အုပ်ချုပ်ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု မဖြစ်ထွန်းနိုင်သည့် သာဓကကို ထပ်မံတွေ့ရဖွယ်သာပင် ရှိတော့သည်။

နအဖ အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက ပဲကုန်သည်ကြီးများနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဦးဆောင်ပုဂ္ဂိုလ်များကို အပြည်ပြည်ဆိုင်ရာ စီးပွားရေးစင်တာတွင် သက်ဆိုင်ရာ မြို့နယ်များအလိုက် အဖွဲ့ဝင် ၅ဝ ဦးထက် မပိုသော ပဲ၊ နှမ်း ရောင်းဝယ်ရေး ကုမ္ပဏီများ ဖွဲ့စည်းခွင့်ပေးကြောင်း ထုတ်ဖော်ပြောကြားသွားသည်။

ဈေးကွက်ကို ရန်ကုန်ကုန်သည်များကိုသာ မှီခိုနေရသဖြင့် ယခုလို ဈေးကွက်ပျက်သည့် အချိန်တွင် ပဲစိုက်ကုန်သည်များနှင့် နယ်ကုန်သည်ငယ်များ စီးပွားရေးအရ ထိခိုက်နစ်နာရခြင်း နည်းပါးသွားစေရန် ရည်ရွယ်သည်ဟု ဆိုသည်။

ယခုလက်ရှိ ပဲလောကတွင် အဓိက အရောင်းအဝယ်လုပ်နေသော ကုမ္ပဏီကြီး ၃ ခုသာရှိပြီး၊ ပဲအရောင်းအဝယ် ငွေကြေးလည်ပတ်မှုက ၎င်းတို့အပေါ်တွင်သာ မူတည်နေသည်။ ယင်းအခြေအနေကို ယခုကဲသို့ မြို့နယ်အဆင့် ကုမ္ပဏီများ ဖွဲ့စည်း၍ ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ထားကြသည်။

ရန်ကုန် ကုန်သည်များအနေဖြင့် ပဲဝယ်ယူရာတွင် အစိုးရသို့ ပေးဆောင်ရမည့် အခွန် ၁ဝ ရာခိုင်နှုန်းနှင့် ၎င်းတို့အတွက် အမြတ်ငွေကို နုတ်ပြီးမှသာ ဈေးနှုန်းတခု သတ်မှတ်ဝယ်ယူနေကြသည်။

ဈေးကွက်သဘောအရ ယခုကဲ့သို့ ကုမ္ပဏီအများအပြား လုပ်ကိုင်လာပါက ဈေးကွက်အရ အပြိုင်အဆိုင်များလာပြီး၊ ပဲစိုက်တောင်သူများ အကျိုးအမြတ် ပိုရလာနိုင်သည်။

သို့သော် နယ်ကုန်သည်များအနေဖြင့် ယခုကဲ့သို့ ကုမ္ပဏီထူထောင်ရန် စိတ်ဝင်စားမှု နည်းနေသေးသည်။ ယခင်ကတည်းက ကုမ္ပဏီ ထူထောင်ခွင့် ပေးထားသော်လည်း နယ်ကုန်သည်များအနေဖြင့် ငွေကြေးမတတ်နိုင်၍ လုပ်ကိုင်နိုင်ခြင်း မရှိသည်ကို ကြည့်ပါက သိနိုင်ပါသည်။

ထို့အပြင် နယ်ကုန်သည်များအနေဖြင့် အိတ်စ်ပို့ကို ကိုင်တွယ်ရန် မဖြစ်နိုင်သေးပါ။ ၎င်းတို့အတွက် အတွေ့အကြုံမှာ ကြားပွဲစားအဖြစ် ရောင်းဝယ်ပေးနေသည့် အနေအထားတွင်သာ ရှိနေသေးသည်။

အစိုးရအဖွဲ့အနေဖြင့်လည်း ယခုကိစ္စကို မဖြစ်မနေ လုပ်ဆောင်ရန် တိုက်တွန်းမည့်သဘော ရှိနေသဖြင့် မြို့နယ်အမည်များဖြင့် ထူထောင်သော ကုမ္ပဏီများအဖြစ် ပေါ်ပေါက်လာဖွယ်ရှိပါသည်။ သို့သော် ပဲဈေးကွက်တွင်း ငွေကြေးလည်ပတ်မှုနှင့် အိတ်စ်ပို့ကိစ္စများကို ငွေအရင်းအနှီးထုတ်ပေးမည့် ပုဂ္ဂိုလ်များ၏ လက်ထဲတွင်သာ ရှိနေမည်။

အမှန်မှာက လယ်ယာထုတ်ကုန်ဈေးကွက်သာမက အခြားသော အိတ်စ်ပို့လုပ်နေသော ကုန်စည်များအတွက် ထုတ်လုပ်သူက ထုတ်လုပ်သည့် အလုပ်ကိုလုပ်၊ ကုန်သည်က ကုန်သည်လုပ်ငန်းဆောင်တာကို လုပ်၊ ပြည်ပဈေးကွက်တင်ပို့သူက တင်ပို့လုပ်ငန်းကို လုပ်မှသာ ဈေးကွက်မှာ အမှန်တကယ် တည်ငြိမ်လာမည်။

အထောက်အကူဖြစ်အောင် လုပ်ပေးရန်လိုသည်က အမှန်တကယ် လိုအပ်သော သတင်းအချက်အလက်များ ဖော်ထုတ်ခွင့် (ဝါ) သတင်းလွတ်လပ်ခွင့် ရှိရန်လိုပြီး အကောက်ခွန်လျှော့ချပေးရန်များ လိုအပ်နေသည်။

သို့သော် ယခုကဲ့သို့ အရေးကိစ္စတခု ဖြစ်လာပါက အစိုးရအနေဖြင့် စားပွဲတွင် စုထိုင်ကာ စိတ်ကူးယဉ်ပေါ်လစီတခု ချမှတ်သည်ကလွဲ၍ ယင်းပေါ်လစီကို အကောင်အထည်ဖော်သည့်နေရာတွင် အောင်မြင်ရိုးထုံးစံ မရှိသည့်အတွက် ယခုကိစ္စတွင်လည်း မြန်မာနိုင်ငံတွင် ကုမ္ပဏီအရေအတွက် တိုးလာမည်ကလွဲ၍ ထူးခြားသော အကျိုးအမြတ် မမြင်နိုင်ပါ။


No comments: