Thursday, January 22, 2009
အရေးတကြီး ဖြည့်ဆည်းရမယ့် ကွက်လပ်
ကျနော်တို့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှု ဖြစ်စဉ်တလျှောက်မှာ ကျောင်းသားဆန္ဒပြမှု၊ သပိတ်တိုက်ပွဲ၊ အလုပ်သမားသပိတ် အုံကြွမှုတွေအများကြီး ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် ကျောင်းသားလှုပ်ရှားမှု တိုက်ပွဲတွေက များခဲ့ပါတယ်။
အစိုးရပြုတ်ကျရေး ရည်မှန်းချက်နဲ့ မဟုတ်ဘဲ အခွင့်အရေးနစ်နာဆုံးရှုံးမှု၊ ပြဿနာတရပ်ပေါ်မှာ အစိုးရရဲ့ ဖြေရှင်းပုံကို မကျေနပ်တဲ့အတွက် ဆန္ဒပြ ကန့်ကွက်သပိတ်မှောက်မှုတွေလည်း ရှိခဲ့ပေမယ့် အဲဒါတွေအားလုံးဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ကျောင်းသား သွေးမြေကျ၊ သမိုင်းဝင်ကျောင်းသား သမဂ္ဂကြီး ပြိုကျအောင် ပစ်ခတ်နှိမ်နှင်း ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ အာဏာရှင်အစိုးရကို နာကြည်းစိတ်၊ တော်လှန်ဆန့်ကျင် ဖြိုဖျက်ချင်စိတ်တွေကို အခြေခံခဲ့ကြတာပါပဲ။
အဲဒီစိတ်ဓာတ် အခြေခံနဲ့ပဲ (တချို့ ဒီထက်နက်နဲတဲ့ အတွေးအခေါ် အခြေခံနဲ့ ဆန့်ကျင်ကြတဲ့ သူတွေလည်း ရှိပါတယ်) ၆၂ ခုနှစ် နောက်ပိုင်းကာလ တက္ကသိုလ်ကျောင်းသား မျိုးဆက်တွေဟာ အစိုးရကို ဆန့်ကျင်ရင်ဆိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဓိက စိတ်ဓာတ်ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဒီမိုကရေစီ ဖွံ့ဖြိုးဖြစ်ပေါ်ရေးပါပဲ။
ဒါကို ၆၂ ခုနှစ် နောက်ပိုင်းကာလ ကျောင်းသားတိုက်ပွဲ အဆက်ဆက်မှာ ပါဝင်လှုပ်ရှားပြီး စစ်အစိုးရကို ဆန့်ကျင်အာခံ တွန်းလှန်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတိုင်း သိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းသားတိုက်ပွဲတွေအားလုံးဟာ တစိတ်တပိုင်း အောင်မြင်မှုမျိုး၊ ယာယီအောင်မြင်မှုမျိုး ရတာမျိုးပဲ ဖြစ်နေပါတယ်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှု ဖြစ်စဉ်ကြီးကို အောင်မြင်ပြီးဆုံးအောင် မသယ်ဆောင်နိုင်ခဲ့ပါဘူး။ အကြောင်းရင်းကတော့ အဲဒီအချိန်က ကျောင်းသားလှုပ်ရှားမှုတွေဟာ ကျောင်းသားသက်သက် လှုပ်ရှားမှုတွေသာ ဖြစ်ခဲ့ပြီး၊ အလုပ်သမား၊ လယ်သမားနဲ့ လူထုလူတန်းစားတွေအားလုံးနဲ့ မပေါင်းစည်းနိုင်ခဲ့ပါဘူး။
၁၉၇၄ ခုနှစ် ဇွန်လ အလုပ်သမားအရေးအခင်းမှာတော့ အလုပ်သမားနဲ့ ကျောင်းသား ပေါင်းစည်းလှုပ်ရှားနိုင်ခဲ့ပေမယ့် လူထုလှုပ်ရှားမှုအဖြစ် မကူးပြောင်းနိုင်သေးခင်မှာဘဲ စစ်အာဏာရှင်တွေရဲ့ ရက်ရက်စက်စက် ခြေမှုန်းတာကို ခံခဲ့ရပါတယ်။
အဲဒီ ကျောင်းသားနဲ့ အလုပ်သမား တိုက်ပွဲတွေက ရရှိခဲ့တဲ့ နိုင်ငံရေးအမြတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်၊ နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရတဲ့ ဖိနှိပ်မှုတွေ မတရားမှုတွေအပေါ် ပြည်သူလူထုရဲ့ မကျေနပ်ဖြစ်မှုတွေ ပေါင်းစည်းသွားတဲ့ အချိန်မှာတော့ ၁၉၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပါတော့တယ်။
ဒါပေမယ့် အဲဒီအရေးတော်ပုံကြီးဟာ အောင်ပွဲရလုဆဲဆဲ အခြေအနေမှာပဲ လျှော့ပေါ့တွက်ချက်မှု၊ တိုက်ပွဲအပေါ် သုံးသပ်အကဲဖြတ်ချက် မှားယွင်းမှု၊ နိုင်ငံရေးအတွေ့အကြုံ အားနည်းမှု စတဲ့ အမှားတွေကြောင့် အောင်ပွဲနဲ့ ဝေးခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ စစ်အာဏာရှင်အစိုးရဟာ သူတို့လိုချင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတင်းရအောင် ရေးဆွဲ၊ အတင်းအကျပ် အတည်ပြုပြီး အခု ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အပြီးသပ် ပယ်ဖျက်ပစ်တော့မယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေပါပြီ။ အဲဒီလို ပြင်ဆင်တဲ့နေရာမှာ စစ်အစိုးရဟာ နောက်ထပ် လမ်းပေါ်ဆန္ဒပြပွဲတွေ ပေါ်ထွက်မလာရအောင် လူထုအုံကြွမှု ထပ်ဖြစ်ပေါ်မလာရအောင် အစိုးရဆန့်ကျင်သူ မှန်သမျှ လုံးဝ နလန်မထူနိုင်အောင် ဖိနှိပ်ခြေမှုန်းရေး ပုံစံကို အသုံးပြုနေပါတယ်။
သူတို့ ချမှတ်ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို ထိပါးဆန့်ကျင်သူ မှန်သမျှကို ကျားကုတ်ကျားခဲ ဖော်ထုတ်ဖမ်းဆီးပြီး၊ မကြားဝံ့မနာသာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်၊ ရက်ရက်စက်စက် နှိပ်ကွပ်နေတာကို မြင်သာထင်ရှား ဖြစ်နေပါပြီ။ တဖက်ကလည်း ပြည်သူလူထုကို အသက်ရှင်နေထိုင်ရေးအတွက် အကျပ်အတည်း တွေ့နေအောင် လုပ်ပြီး၊ မက်လုံးပေး စည်းရုံးသိမ်းသွင်းတဲ့ နည်းနဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်လိုသူတွေကို လူထုထဲက ဖဲ့ထုတ်စည်းရုံးပြီး လက်ကိုင်တုတ် အဖွဲ့အစည်းတွေကို အခိုင်အမာ ဖွဲ့စည်းနေပါတယ်။
အဲဒီဒေါက်တိုင်တွေရဲ့ အင်အားနဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ယူပြီး အရေခွံ အရပ်ဝတ်နဲ့ စစ်အစိုးရတရပ် တရားဝင် ပေါ်ထွန်းလာအောင် မဖြစ်မနေ ကြိုးစားတော့မှာ အသေအချာပါပဲ။
စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီ တည်ဆောက်ရေး အရေးတော်ပုံကြီးဟာ ပကတိ အခြေအနေအရ ပြည်တွင်းက ပြည်သူလူထု မပါဘဲ ဘယ်နည်းနဲ့မှ အောင်မြင်မှု မရနိုင်ပါဘူး။ တကယ့် အခြေခံ ပြည်သူလူထုကြီးကတော့ စစ်အာဏာရှင်စနစ်ကို ခါးခါးသီးသီး အာခံဆန့်ကျင် တွန်းလှန်ဖို့ အဆင်သင့် ရှိနေကြတယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။
ဒါပေမယ့် ပြည်သူလူထုဟာ မှန်ကန်ရဲရင့်တဲ့ ဦးဆောင်ပါတီ၊ ဦးဆောင်အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်မှု မရှိဘဲနဲ့တော့ ရက်စက်ကြမ်းတမ်း ဉာဏ်နီဉာဏ်နက် များလှသလို အင်အားတောင့်တင်းတဲ့ ဖက်ဆစ်စစ်အစိုးရကို အောင်ပွဲရအောင် တိုက်ခိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဒီတာဝန်ကို ဘယ်သူ ထမ်းဆောင်မှာပါလဲ။ အဖြစ်သင့်ဆုံးကတော့ လူထုက ယုံကြည်အပ်နှံ ရွေးချယ်တင်မြှောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပဲ ဖြစ်ပါတယ်။ လူထုကို မှန်ကန်တဲ့ တိုက်ပွဲလမ်းကြောင်းပေါ် ဆွဲတင်ပြီး၊ လူထုရှေ့က ရဲရဲရင့်ရင့် ဦးဆောင်ရင်း စစ်အာဏာရှင်တွေ လက်မြှောက် အရှုံးပေးလာတဲ့အထိ ဖော်ဆောင်လို့ ရနိုင်သမျှ တိုက်ပွဲပုံစံ မျိုးစုံကို ဖော်ဆောင်တိုက်ပွဲဝင် ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လူထုရဲ့ ယုံကြည်အပ်နှံ တာဝန်ပေးအပ်ခံရတဲ့ ပါတီတရပ်အနေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ပြီး၊ ဒီမိုကရေစီထွန်းကားရေး ကြိုးစားအားထုတ်ပေးဖို့ အဓိက တာဝန်ရှိနေတယ် ဆိုတာကလည်း ရှင်းနေပါတယ်။
ဒါပေမယ့် ဒီတာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ဖို့ဆိုတာ အလွန်ခက်ခဲ ပင်ပန်းမှာဖြစ်သလို၊ အန္တရာယ်ကြီးမားတဲ့အတွက် ယုံကြည်ချက် ခိုင်မာအားကောင်းဖို့ လိုသလို စွန့်လွှတ်အနစ်နာခံမှုတွေ အများကြီး လိုအပ်မှာဖြစ်ပါတယ်။
အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ အနေနဲ့လည်း မိမိတို့ရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်နဲ့ လက်တွေ့ လုပ်ရပ်တွေကို မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်၊ မိမိကိုယ်ကိုယ် ဝေဖန်ရေးလုပ်ပြီး မိမိတို့ရဲ့ တဦးချင်း ချို့ယွင်းအားနည်းချက်တွေနဲ့ အမှားတွေ၊ အသင်းအဖွဲ့နဲ့ ပါတီ တခုလုံးအရ ချို့ယွင်းအားနည်းချက်နဲ့ အမှားတွေကို ပြုပြင်တည့်မတ်ဖို့ လိုအပ်ပါလိမ့်မယ်။
ဒီအချိန်ဟာ တဦးနဲ့ တဦး၊ တဖွဲ့နဲ့ တဖွဲ့ အပြန်အလှန် အပြစ်တင်နေရမယ့်အချိန် မဟုတ်ပါဘူး။ အပြုသဘော ဝေဖန်ရေးနဲ့ ပြုပြင်ထိန်းမတ် ဝေဖန်ရေး တည်ဆောက်ရမယ့် အချိန်ပါ။ တခုသတိထားဖို့ လိုအပ်တာက ရိုးရိုးသားသား ဝေဖန်သုံးသပ်၊ အမှားကို အမှန်ပြုပြင်တာမှာ အချိန်နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ်ကိုယ်တိုင်က အမှားကို အမှားလို့ မြင်ပြီး၊ ပြုပြင်တည့်မတ် အမှန်လမ်းကြောင်းကို ရွေးချယ်ရဲဖို့ တော့ လိုအပ်ပါလိမ့်မယ်။
လူထုဒီမိုကရေစီ တော်လှန်ရေးကြီးဟာ ကာလရှည်ကြာလာတာနဲ့အမျှ အကျအဆုံး၊ အဆုံးအရှုံးတွေ၊ နစ်နာမှုတွေ များပြားလာနေပါပြီ။ နောက်ဆုံး တိုင်းပြည်နဲ့ လူမျိုး အဆုံးစွန် ပျက်သုန်းသွားနိုင်တဲ့ အခြေအနေ ဖြစ်လာပြီလို့ ယူဆနိုင်တဲ့ အခြေအနေ ရောက်လာနေပြီဖြစ်လို့ နှောင့်နှေးကြံ့ကြာ အချိန်ဆွဲနေလို့ မဖြစ်ပါဘူး။
အမြန်ဆုံး ပြန်လည်ဝေဖန်သုံးသပ်၊ ချို့ယွင်းအားနည်းချက်နဲ့ အမှားတွေကို အမြန်ဆုံး ပြုပြင်တည့်မတ်ပြီး၊ စစ်အာဏာရှင်တွေရဲ့ ထာဝရ အာဏာတည်မြဲရေး ကြိုးပမ်းအားထုတ်မှုတွေကို အမြန်ဆုံး ရိုက်ချိုးချေဖျက်ပစ်ကြဖို့ လိုအပ်ပါတယ်။
စိုးနေလင်း
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment