Friday, January 30, 2009

တရုတ်နဂါးကသည့် ရန်ကုန်ည

ကြည်ဝေ

အဖြူရောင်နှင့် အနီရောင် အချိုး ညီအောင် ရောစပ် ချယ်မှုန်းထား သော လှပသည့် နဂါးကြီးသည် ညနေဆည်းဆာ အချိန်တွင် စည်းချက်နှင့် အညီ လှလှပပ ယိမ်းယိမ်းနွဲ့နွဲ့ ကလျှက် ရှိသည်။
ခပ်ပြင်းပြင်း တီးခတ် လိုက်သော ဗုံသံနှင့် အတူ လှပ တက်ကြွနေသော အဖြူ၊ အ၀ါ၊ အနီကျား နဂါး တကောင်သည် ကွင်းထဲသို့ ၀င်လာကာ ပထမ နဂါးကြီးနှင့် အပြိုင် မြိုင်မြိုင်ဆိုင်ဆိုင် ကလေတော့သည်။

တရုတ် နှစ်သစ်ကူး အထိမ်းအမှတ် နဂါးအက ပြိုင်ပွဲကို စိတ်ဝင်စားစွာ လာရောက် ကြည့်ရှုနေ ကြသော ဧည့်ပရိသတ် မှာလည်း တရုတ်လူမျိုး များသာလျှင် မက ဗမာ၊ ကုလား စသဖြင့် လူမျိုး စုံလင်လှကာ ကြိတ်ကြိတ် တိုးလျှက် ရှိလေသည်။

"နှစ်ကူးမှာ တရုတ် နဂါး ကတာကို မြင်ရတဲ့ သူတွေက ကံကောင်းတယ်၊ လာဘ် ကောင်းတယ်လို့ အယူရှိကြတယ်၊ အဲဒါကြောင့် လာကြည့် ကြတဲ့သူက များတယ်၊ ကျနော် တို့ကတော့ ကိုယ့်အိမ်ရှေ့မှာ နဂါး လာကအောင်လည်း ဖိတ်ထားပြီပြီ"ဟု တရုတ် နဂါးအကကို လာကြည့်သူ တရုတ်လူမျိုး တဦးက ပြောဆိုသည်။

တရုတ်ရိုးရာ ပြက္ခဒိန် အရ ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၆ ရက်နေ့မှ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အထိ နွားနှစ်ဟု သတ်မှတ် ထားကြောင်း သိရှိရသည်။

နွားနှစ်မှာ မြေဓာတ် သဘာဝကို စိုးမိုးပြီး ယင် (YIN) ဟု ခေါ်သော ဓာတ်မစွမ်းအား ပြည့်ဝသော နှစ်တနှစ် ဖြစ်ကြောင်း၊ နွားနှစ်တွင် လပေါင်း ၁၃ လ ရှိပြီး တရုတ်ရိုးရာ အယူအဆ အရ အလုပ်ကို အထူးကြိုးစား ပမ်းစား လုပ်ကိုင်ရမည့်နှစ် ဖြစ်သလို၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့ အရာရာ သတိထား ဆောင်ရွက် ရမည့် အရေးကြီးသော နှစ်ဖြစ်သည်ဟု တရုတ်ရိုးရာ ဗေဒင် ပညာရှင်များမှ သုံးသပ်ကြကြောင်း တရုတ်လူမျိုးများက ဆိုကြသည်။

"အခုနှစ်က နွားနှစ်ဆိုတော့ အစစ အရာရာမှာ ကြိုးစားကြရမယ် ဆိုတဲ့ သဘောပဲ၊ အခုလို နဂါးအကပြိုင်ပွဲ လုပ်ရတာလည်း နွားနှစ်မှာ ကံကောင်းအောင် ပြုလုပ်ရခြင်း တခုပဲ၊ ပြီးခဲ့တဲ့ ကြွက်နှစ်တုန်းကလို နာဂစ်လို ဘေးဆိုးမျိုးတွေ မဖြစ်အောင် မကြုံရအောင်ပေါ့”ဟု တရုတ် ကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။

တရုတ်နှစ်ကူး၏ အဓိက ပြယုဂ်တခုဖြစ်သော ကံကောင်းစေသည်ဟု အယူအဆရှိသော နဂါးအကကို ပြိုင်ပွဲပြု လုပ်ခြင်းအားဖြင့် တွေ့ကြုံရမည့်အခက်အခဲများကိုဖြတ်သန်းကျော်လွှား နိုင်မည်ဟု မျှော်လင့်ချက်ဖြင့် တရုတ် နဂါးအကပြိုင်ပွဲပြုလုပ်ခြင်းဖြစ်ကြောင်း တရုတ်နဂါးအကပြိုင်ပွဲ ကော်မတီအဖွဲ့ဝင်တဦးက ပြောဆိုသည်။

အဆိုပါ ပြိုင်ပွဲကို ရန်ကုန်မြို့၊ သာကေတမြို့နယ်တွင်ရှိသော Capital Hyper Mart တွင် ဇန်န၀ါရီလ ၂၃ ရက်နေ့ မှ ၂၅ ရက်နေ့ ထိ ညနေ ၃နာရီမှ ည ၉နာရီထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် အသင်းပေါင်း ခြောက်သင်း ၀င်ပြိုင်ခဲ့ သည် ဟု သိရပြီး ဆုကြေးများမှာ ပထမဆုကို ကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ကျပ် ၅ သိန်း၊ တတိယဆုကို ကျပ် ၃ သိန်း သတ်မှတ်ထားပြီးနှစ်သိမ့်ဆုများကိုလည်း ကျပ် ၂ သိန်းစီ သတ်မှတ်ထားကြောင်းတရုတ်နဂါး အက ပြိုင်ပွဲ ကော်မတီ ထံမှ သိရသည်။

နဂါးအကပြိုင်ပွဲနှင့်အတူ နှစ်ကူးဈေးရောင်းပွဲတော်များ၊ မော်ဒယ်လ်ရှိုးများကိုလည်း နှစ်ကူးပွဲတော် စည်ကားစေ ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါနေရာတွင်ပင် ပြုပ်လုပ်ခဲ့ကြသည်။

အဆိုပါ နဂါးအကပြိုင်ပွဲ ကျင်းပရာနေရာ Capital Hyper Mart အပြင်ဘက်တွင်လာရောက်ကြည့်ရှု့နေသော လူအုပ်ကြီးမှ ထောင်သောင်းမက များပြားပြီးကြိတ်ကြိတ်တိုးလျှက်ရှိသော်လည်း Capital Hyper Mart အတွင်း ပိုင်းတွင်မူရှေ့ကလူအုပ်နှင့် နှိုင်းယှဉ်လို့ မရအောင်ပင် လူနည်းပါးလှသည်ကို တွေ့ရသည်။

အစားအသောက်များရောင်းချသော နေရာတွင်သာ လူ လေးငါးဆယ်ဦးခန့် တွေ့ရပြီး၊ အ၀တ်အတထည်များ၊ လျှပ်စစ်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများရောင်းချသောဆိုင်နေရာများတွင်မူ ကြည့်ရှုသူ အနည်းငယ်သာ ရှိသည် ကိုတွေ့ရပြီး၊ တရုတ်နှစ်ကူးပစ္စည်းများ ရောင်းချသော ဆိုင်များ လောက်သာလူအနည်းငယ်စည်ကားနေသည် ကို တွေ့မြင်ရသည်။
"လူတွေက နဂါးအကပြိုင်ပွဲကို လာကြည့်ရင်း ဒီထဲကိုလည်းလိုက်လျှောက်ကြည့်ကြတာ များပါတယ်၊ ဒါပေမယ့် တကယ်ဝယ်တဲ့သူကတော့နည်းတယ်၊ သိပ်မရောင်းကြ ရဘူး ၊ တရုတ်ပစ္စည်းတွေလောက်ပဲ ရောင်းရတာ တွေ့ တယ် "ဟုအဆိုပါ Capital Hyper Mart တွင် ရောင်းချနေသောအိမ်သုံးပစ္စည်းအရောင်းဆိုင် တဆိုင် က ပြောဆို သည်။

ကမ္ဘာ့စီးပွားရေးအကြပ်အတည်းကြောင့် နှစ်ကူးပစ္စည်းများမှာယခင်နှစ်များနှင့် နှိုင်းယှဉ်ကရောင်းအားသိသိသာ သာကျ ဆင်းသွားကြောင်း တရုတ်တန်းရှိနှစ်ကူးပစ္စည်း အရောင်းဆိုင် တဆိုင်မှ ပြောဆိုသည်။

တရုတ်နှစ်ကူးတွင် အဓိကအသုံးပြုကြသော ရွှေစက္ကူ၊ ငွေစက္ကူများသည်အခြားပစ္စည်းများထက်စာလျှင် အရောင်း ရဆုံးဖြစ်သော်လည်း ယခင်နှစ်ကထက် ရောင်းအား ၃ ပုံ ၁ပုံ ခန့်ထိ ကျသွားသည်ဟု အရောင်းဆိုင်များကပြော ဆိုကြသည်။

"မနှစ်တုန်းကတော့ အိမ်က ကလေးတွေကော တူတွေတူမတွေကော အားလုံးကို အ၀တ်သစ် ၂ စုံစီ ၀ယ်ပေးနိုင် တယ်၊ ဒီနှစ်တော့ သားသမီးတွေကိုလည်း တစုံစီပဲဝယ်ပေးနိုင်တယ်၊ တူတွေအတွက်ကိုတော့ အန်ပေါင်း (မုန့်ဖိုးငွေ) ပဲပေးနိုင် တော့မယ်"ဟု နှစ်ကူးချိန်တွင် အ၀တ်အစားသစ် ၀ယ်ယူခြင်းသည် မင်္ဂလာဖြစ်သည်ဟု လက်ခံထားသောအသက် ၄၅ နှစ်အရွယ် တရုတ်အမျိုးသမီးကြီးတဦးကပြောသည်။

တရုတ်လူမျိုးတို့၏ အယူအဆအရနှစ်သစ်ကူးချိန်တွင် အ၀တ်အစားအသစ်များ ၀ယ်ယူဝတ်ဆင်ခြင်း၊ ဆွေမျိုး များအား လက်ဆောင်ပေးခြင်း၊ အန်ပေါင်းပေးခြင်း၊ တီကွေ့လို နှစ်ကူးမုန့်လုပ်ပြီး မိတ်ဆွေများရဲ့ အိမ်များ ကိုဝေငှကြခြင်းများပြုလုပ်ကြပြီး၊ နှစ်သစ်ကူးချိန်မှာ မင်္ဂလာရှိသောစကားများကိုသာ ပြောဆိုခြင်းများ ပြုလုပ်ကြ ကြောင်း နှစ်သစ်မှာ အသက် ၆၀ပြည့်မည့် တရုတ်အမျိုးသားကြီး တဦးက ပြောဆိုသည်။

"နှစ်ဆန်းတရက်နေ့မှာ အလုပ်လုပ်ရင် တနှစ်လုံးပင်ပန်းတယ်လို့ အယူရှိကြတော့ တော်ရုံလူတွေက မလုပ်ကြ တော့ဘူး၊ အလှူပေးတာတွေ ဘုရားစုံလိုက်ဖူးတာတွေပဲလုပ်ကြတယ်" ဟု သူက ဆိုသည်။

သို့သော်လည်း တချို့မှာမူ နှစ်သစ်ကူးချိန်တွင်နှစ်သစ်ကူးပွဲကျင်းပနိုင်ရေးအတွက်ပင် အလုပ်လုပ်နေကြရ သည်ကို တွေ့မြင်ရသည်။

တရုတ်လူမျိုးတဦးဖြစ်သော အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီးသည် တရုတ်တန်းတွင် တရုတ်နှစ်ကူးပွဲ အသုံးပြုသော ပန်းစက္ကူများအား ယနေ့ထိတိုင် ရောင်းလျက်ရှိသည်ကို တွေ့မြင်ရသည်။

သူမသည် နှစ်သစ်ကူးနေ့တွင် အလုပ်လုပ်ပါက တနှစ်လုံးပင်ပန်းမည်ဟူသောတရုတ်အယူအဆကို သိသော် လည်း နှစ်သစ်ကူးပွဲ ကျင်းပနိုင်ရေးအတွက်ငွေလိုသောကြောင့် စက္ကူပန်းများ ရောင်းနေရခြင်းဖြစ်ကြောင်း ၊ ပြီးခဲ့သောနှစ်ကလည်း နှစ်ကူးတွင် အသုံးပြုရန်အတွက် အစားအသောက်ခြိုးခြံကာယခုကဲ့သို့ပင် ငွေရှာခဲ့ရ ကြောင်း ပြောဆိုသည်။

"နှစ်ကူးမှ မလုပ်နိုင်တဲ့ တရုတ်လူမျိုးဆိုရင် မင်္ဂလာမရှိဘူး၊ ဆွေစဉ်မျိုးဆက် မကောင်းစားဘူးလေ၊ အဲဒါကြောင့် အရောင်းအ၀ယ်တွေကမကောင်းပေမယ့်လည်း နှစ်ကူးတော့ မဖြစ်ဖြစ်အောင် ကြိုးစားပမ်းစားလုပ်ရတာပဲ၊
နဂါးလာကအောင်လည်း ဖိတ်ထားရတာပဲ" ဟု သူက ဆိုသည်။

ကွမ်းတုံလူမျိုးများသည် ဘုရားပန်း၊ ဒေါင်းပန်းများကိုဘုရားပူဇော်ခြင်းဖြင့် မိမိတို့သားသမီးများ ပညာရေးထွန်း ပေါက်မည်ဟုယုံကြည်သောကြောင့် သူမ ထံမှ စက္ကူပန်းများကို ၀ယ်ယူကြကြောင်း၊ ရန်ကုန်မြို့ရှိ တရုတ် လူမျိုး အများအပြားနေထိုင်ရာ တရုတ်တန်းတွင်သူမကဲ့သို့ပင် နှစ်ကူးချိန်အတွက် ကုန်ကျမည့် စရိတ်ရစေရန် ယနေ့ ထိတိုင်ဈေးဆိုင်များဖွင့်ကာ ရောင်းချနေကြသော တရုတ်လူမျိုးများရှိနေကြောင်း သူမကပြောဆိုသည်။

တရုတ်လူမျိုးတို့အနေနှင့် နဂါးလာကသည့် အိမ်မှာ လာဘ်ကောင်းသည်ဟူသောအယူအဆကြောင့် ဖိတ်ကြပြီး၊ နဂါးလာကသည့်အခါ အိမ်ရှင်အနေနှင့်အန်ပေါင်းပေးရပြီး၊ အန်ပေါင်းမှာလည်း လာကသည့် လူများကို ကြည့်ကာ ကိုယ်တတ်နိုင်သည့် ပမာဏတခုသတ်မှတ်ပြီး ပေးကြရကြောင်း၊ နဂါးလာကသည့်အဖွဲ့တွေကလည်း နှစ်ကူးမှာ ခုလို ကနိုင်ရန်အတွက် ၂ လကျော်ကျော်ခန့်ကြိုတင်အချိန်ယူကာ လေ့ကျင့်ခဲ့ရကြောင်း သိရသည်။

တရုတ်လူမျိုးများအနေနှင့် နှစ်ကူး၏ အဓိက အနှစ်သာရ တခုဖြစ်သောဘိုးဘွားတွေကို ကန့်တော့ခြင်း၊ အိမ်ရှိ လူ ကုန် အ၀တ်အစားအသစ် ၀တ်ဆင်ခြင်း၊ ဆွေမျိုးသားချင်းများအား အန်ပေါင်းပေးခြင်း၊ မိတ်ဆွေများအားနှစ်ကူး အစားအစာများ လိုက်လံဝေငှခြင်း၊ လာဘ်ကောင်းစေသည်ဟု အယူအဆဖြစ်သောနဂါးလာကစေခြင်း၊ ညစာမှာ ငါးကို စားသုံးခြင်းတို့ကိုပြုလုပ်ကြရခြင်းဖြစ်ကြောင်း၊ ထို့ပြင် နှစ်ဆန်း ၈ ရက်နေ့တွင် ကျရောက်သော မိုးနတ်မင်း ကို ပူဇော်ကန်တော့ပွဲလည်း ကျင်းပကြကြောင်း သိရှိရသည်။

"ကိုယ်တတ်နိုင်တဲ့ ပမာဏအလျောက်လုပ်ကြရတာပဲ ကျနော်တို့ကတော့ မနှစ်က သိန်း၂၀ လောက် ကုန်တယ်၊ ခုနှစ်လည်း သိန်း ၂၀ ၊ ၃၀ လောက်ကုန်မှာပဲ၊ ဒါကတော့မတွက်ကောင်းဘူးပေါ့၊ မတတ်နိုင်တဲ့သူတွေကတော့ အနည်းဆုံး စုစုပေါင်း ၁ သိန်း၂ သိန်း လောက်တော့ ကုန်ကြတာပဲ" ဟု တရုတ်လူမျိုးတဦးက ပြောဆိုသည်။

တရုတ်နှစ်ကူးပြုလုပ်ရန်အတွက် တနှစ်လုံးဝင်ငွေမှ ရာခိုင်နှုန်း မည်မျှသုံးစွဲမည်ဆိုသည်ကို သတ်မှတ်ထားသူများ ရှိသည် ဟု သိရသည်။

No comments: