Friday, January 16, 2009

မော်လမြိုင်လေယာဉ်ကွင်းအနီးမီးလောင်သော်လည်း လက်သည်မပေါ်

Kaowao Newsgroup

ဇန်နဝါရီလ(၁၂)ရက်နေ့ လယ်ပိုင်းခန့်၌ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်းဝိုင်းလေယာဉ်ကွင်းအနီးတွင် တောမီးလောင်မှု တရပ်ဖြစ်ခဲ့ရာ နှစ်နာရီခန့်အကြာတွင် မီးသတ်ဌာနမှ ငြိမ်းသတ်နိုင်ခဲ့သည်ဟု မျက်မြင် တွေ့ရှိသူ များက ပြောဆိုကြပါသည်။ မော်လမြိုင်တက္ကသိုလ်-မြိုင်သာယာ-ကျိုက်မရောမြို့သို့ သွားရာလမ်းမကြီးတွင်ဖြစ် ပွားခဲ့ပါသည်။

မီးလောင်ရခြင်းအကြောင်းအရင်းကို အသေအချာမသိရသေးသော်လည်း ခြောက်သွေ့သောခြုံနွယ်များ လောင်ကျွမ်းခြင်းသာဖြစ်သည်ဟု မီးလောင်စဉ်မြင်တွေ့ရသူတစ်ဦးက ဆိုပါသည်။ ယ္ခုခြောက်သွေ့ရာသီ ဖြစ်သည့် အလျှောက် ရာဘာခြံများ မကြာခဏ လောင်ကျွမ်းမှုများဖြစ်ပေါ်နေသဖြင့် မီးလန့်မှုများ ဖြစ်ပေါ်လေ့ ရှိနေပါသည်။ အထူးသဖြင့် မွန်ပြည်နယ်ဒေသအသီးသီးတွင် စစ်အုပ်စုက ဒေသခံများ၏ခြံမြေတွေကိုသိမ်းယူခဲ့ပြီး ရာဘာစိုက် လုပ်ငန်းရှင်များကို စိုက်ပျိုးခွင့်မြေဂရမ်သစ်များ ထုတ်ပေးခဲ့မှုကြောင့် မူလပိုင်ရှင်များအနေဖြင့် မကြေမနပ်မှုများ ဆက်လက်ဖြစ်ပွားနေကာ လက်သည်မပေါ် မီးရှို့မှုများ ဖြစ်ပွားနေတတ်ပါသည်။

လွန်ခဲ့သည် ဒီဇင်ဘာလအတွင်းကလည်း မော်လမြိုင်မြို့၊ အောက်ဈေးတခုလုံး မီးလောင်ပြာကြခဲ့ရာတွင် ဈေးဆိုင် ခန်းပေါင်း တစ်ထောင်ကျော်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ဒေသခံများသောကရောက်နေရဆဲဖြစ်သည်။ မော်လမြိုင်မြို့ ပေါ် ရပ်ကွက်များတွင်လည်း အသေးစားမီးလောင်မှုများမကြာခဏ ဖြစ်ပေါ်နေသဖြင့် မီးလန့်မှုများ ဖြစ်ပေါ်နေရာ ပြဿနာစတင်ဖန်တီးသူအပေါ် မော်လမြိုင်မီးသတ်ဌာနမှ ကျပ်ငွေ(၁၀)သိန်း အထိဒဏ်ငွေရိုက်ကာ အလုပ်ဖြစ်နေ ကြပါသည်။

No comments: