Saturday, January 31, 2009

တြိဂံတိုင်းမှူး ၀ နှင့် မိုင်းလား နယ်ခြား၌ ကွင်းဆင်းစစ်ဆေး စစ်ရေးပြင်ဆင်

သျှမ်းသံတော်ဆင့် 31 ဇန်န၀ါရီ 2009
့်
ယခုလနှောင်းပိုင်းက တြိဂံတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဖြိုး မိုင်းယန်းမြို့၌ ညအိပ်၍ UWSA တပ်ဖွဲ့ နှင့် မိုင်းလားအဖွဲ့ ထိန်းချုပ်နယ်မြေ နအဖ အခြေချ နယ်ခြားစခန်းများ ကွင်းဆင်းစစ်ဆေးပြီး စစ်ရေးပြင်ဆင်ခဲ့ကြောင်း တရုပ်နယ်စပ် သတင်းကဆိုသည်။


ယခုလလယ်ပိုင်းတွင် စရဖ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် အဖွဲ့ ၀ ဌာနချုပ်အသွား မိုင်းပေါက်၌ ၀ နယ်ခြား စောင့် တပ်ဖွဲ့က ၎င်းတို့အဖွဲ့ပါလာသောလက်နက်ကြီးများဖြုတ်သိမ်းသည့်နောက်ပိုင်း ကျိုင်းတုံအခြေစိုက် နအဖ တြိဂံတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဖြိုးသည် ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ၁၀၂ ကီလိုမီတာ အကွာရှိ မိုင်းယန်းမြို့သို့ ညအိပ်ခရီးထွက်ခဲ့ကြောင်း၊ ထိုခရီးစဉ် တွင် အခြေချ တပ်စခန်းများ လက်နက်ခဲယမ်းမီးကျောက်၊ လူအင်အား၊ စားနပ် ရိက္ခာဖြည့်တင်းမှုကို အထူးအလေးထားကြည့်ရှုစစ် ဆေးခဲ့ကြောင်း၊ ထို့အတူ ကျိုင်းတုံမြို့နယ် အနောက်ဖက် နှင့် မိုင်းပြင်းမြို့နယ် မြောက်ဖက် မက်မန်းမြို့နယ် အတွင်းတွင်လည်း နအဖ အင်အားဖြည့်တင်းမှုရှိကြောင်း -ဒေသခံများ ကဆိုသည်။

ဂျန္န၀ါရီလ ၂၉ မှ ၃၀ အထိ တြိဂံတိုင်းမှူး၏ ထူးခြားသော ညအိပ်ခရီးစဉ်နှင့် ပတ်သက်၍ အသက် ၄၀ ကျော် ဒေသခံ ကုန်သည် တဦးက -“အရင်တုန်းကဆို နအဖ အရာရှိကြီးတွေ မိုင်းယန်းမှာ ညအိပ်တယ်ဆိုတာ သိပ်ရှားတယ်။ အခုက လာအိပ်ပြီး တပ်စခန်းအဟောင်း အသစ်တွေ စစ်ဆေးတယ်။ အင်အားထပ်ဖြည့်တယ်။ အရင်က မိုင်းယန်းမှာ ဗမာစစ်သား သိပ်မများဘူး။ မိုးနှောင်းချိန် ကနေ အခုအထိ အင်အားသိသိသာသာများလာတယ်။ လက်နက်ကြီးတွေတောင်လာ တပ်ဆင်နေတယ်လို့ ပြောတယ်။ ဒေသခံတွေတော့ တိုက်ပွဲဖြစ်မှာကို အရမ်းစိုးရိမ်နေကြတယ်” - ဟုဆို၏။

ဦးစိုင်းလင်းခေါင်းဆောင်သော အထူးဒေသ ၄ National Democratic Alliance Army – Eastern Shan State NDAA –ESS မိုင်းလား အဖွဲ့ နှင့် အထူးဒေသ (United Wa State Army) UWSA ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် တို့လည်း စစ်ရေးလေ့ကျင့်မှုများ အဆက်မပြတ်လုပ်နေကြောင်း ဆိုပါသည်။

ထိုဒေသရောက် တက္ကသိုလ်ဘွဲ့ရလူငယ်တဦးက -“တောင်ပိုင်းဝတပ်ဖွဲ့တွေ စစ်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက် မှာ နယ်ခြားကာကွယ်ရေးတပ် တပ်ဖွဲ့လုပ်ဖို့ သဘောတူညီချက်ရထားသလိုလို ဆိုတော့နအဖက သူတို့တွေ ကိုပို မျက်နှာသာ ပေးထား တာတွေ့ရတယ်။ မိုင်းလားအဖွဲ့နဲ့ မြောက်ပိုင်း ၀ အဖွဲ့ကိုပညာပြတော့မယ်ဆိုတဲ့သဘောလား တော့မသိဘူး”- ဟု သျှမ်းသံတော် ဆင့်ကို ပြောပြ၏။

ထို့အတူ ကျိုင်းတုံမြို့ရှိ အထူးဒေသ ၄ မိုင်းလားအဖွဲ့ ကိုယ်စားလှယ် စိုင်းစိုးဝင်း ဆိုသူကိုလည်း ပါတီထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ပါဝင်ရေး အပါအ၀င် တပ်ဖွဲ့စည်းမှု ပြန်လည်ပြင်ဆင်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအောက်နေရေးအတွက် ဆွေးနွေးရန် နအဖထိပ်ပိုင်း ခေါင်းဆောင်ကြီးများဆင့်ခေါ်ထားသဖြင့် ယခုလ ၂၇ ရက် ကတည်းက ပျဉ်းမနားကြပ်ပြေး နေပြည်တော်သို့ရောက်နေကြောင်းဆို၏။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တပ်မဟာ ၄၆၈ အခြေစိုက် မိုင်းပေါက်ဒေသသည် မိုင်းယန်းမြို့ အနောက် မြောက် ဘက် မိုင် ၃၀ ကျော် အကွာတွင်ရှိပြီး အထူးဒေသ ၂ အတွင်း ခရိုင်အဆင့်အဖြစ်သတ်မှတ်ထားသည်။ စစ်အစိုးရ ဖွဲ့စည်းပုံ နှင့် မြေတိုင်းဌာန က ထိုဒေသ ကို မိုင်းယန်းမြို့နယ်၏ ကျေးရွာအုပ်စုအဖြစ်သတ်မှတ်ထားသောကြောင့် ၀ တပ်ဖွဲ့များတပ်ရုပ်ပေးရန် ယခုချိန်ထိဖိအား ပေးခံနေရ ဆဲဖြစ်သည်။ ထို့အတူ အထူးဒေသ ၄ တပ်မဟာ ၃၆၉ ဌာနချုပ် ဆီလူး လည်း မိုင်းပေါက် နှင့် အလားတူဖြစ်နေသော ကြောင့် မိုင်းယန်းမြို့နယ်အတွင်း နအဖ တပ်များအင်အားဖြည့်ပြီး အထူးအလေးထားလာသောဒေသဖြစ်သည်။

No comments: