ခက်ထန်
မကြာသေးမီက ထိုင်းရေတပ်ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က စက်လှေနဲ့ ခိုးဝင်လာသူတွေကို အင်ဂျင်စက်ဖြုတ်ပြီး လှေကို ပင်လယ်ထဲ ပြန်မျောလိုက်တဲ့ မတရားသဖြင့် ဆက်ဆံမှုကြောင့် ကမ္ဘာ့မီဒီယာတွေ အာရုံစိုက်စရာ ဖြစ်ခဲ့ပါတယ်။ အဲဒီလိုပဲ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ အဖြစ်အပျက်မျိုး ထိုင်းနဲ့ လာအိုနယ်စပ်မှာ ထပ်မံဖြစ်နေပါတယ်။ ထိုင်းနဲ့ လာအိုနယ်ခြားမှာ ပျံ့နှံ့နေထိုင်တဲ့ မုန် (Hmong) လူမျိုး ဒုက္ခသည်တွေ ကိစ္စပါ။ မြန်မာပြည်က ဒုက္ခသည်တွေရဲ့ အဖြစ်နဲ့ နှိုင်းယှဉ်လေ့လာနိုင်ဖို့ တင်ပြလိုက်ပါတယ်။
ထိုင်းအာဏာပိုင်တွေက အခု ၂၀၀၉ ဇွန်လမှာ မုန်လူမျိုး ဒုက္ခသည် ငါးထောင်ကို လာအိုသို့ ပြန်ပို့ဖို့ စီစဉ်နေပါတယ်။ ဘန်ကောက်အစိုးရနဲ့ ဗီယန်ကျင်းအစိုးရဟာ မုန်ဒုက္ခသည်တွေကို စစ်အေးခေတ်ရဲ့ ခေတ်မရှိတော့တဲ့ အကြွင်းအကျန်နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရာမှာ အဟန့်အတားဖြစ်နေတဲ့ လူမျိုးစုတွေလို့ မြင်နေပါတယ်။ မုန်လူမျိုးစုတွေဟာ ၁၉၆၁ ကနေ ၁၉၄၇ အတွင်း ကွန်မြူနစ် ပတ်ထက် လာအိုနဲ့ မြောက်ဗီယက်နမ်တွေကို တိုက်ဖို့ အမေရိကန်က လေ့ကျင့်ပေး၊ ထောက်ပံ့ပေးထားတဲ့ ပြောက်ကြားတပ်သားများအဖြစ် အသုံးချခံခဲ့ရပြီး အခုမုန်လူမျိုးစုတွေက အဲဒီတပ်ဖွဲ့ရဲ့ လက်ကျန် အဆက်အနွယ်တွေလည်း ပါပါတယ်။
ကွန်မြူနစ် ပတ်ထက် လာအိုတွေ အနိုင်ရပြီး ၁၉၇၅ မှာ ကွန်မြူနစ်အစိုးရတက်တော့ မုန်လူမျိုးများ အပါအဝင် လာအို ထောင်ပေါင်းများစွာဟာ ထိုင်းဘက်ကို ထွက်ပြေးခိုလှုံခဲ့ရတယ်။ တောတောင်တွေမှာ အမှီပြုပြီး ကွန်မြူနစ်အစိုးရကို ဆက်လက်တိုက်ခိုက်ကြပါတယ်။
ဆယ်စုနှစ်တွေ အတွင်းမှာ မုန် လေးထောင်ကနေ ငါးထောင်လောက် ထိုင်းနယ်စပ်တောထဲ ထွက်ပြေးကြရတယ်။ ၂၀၀၇ တုန်းက ပက်ချာဘွန်ခရိုင်မှာ ရှိတဲ့ ဟွေးနမ်ခေါင်းမှာ မုန်ဒုက္ခသည် ရှစ်ထောင် ရှိပါတယ်။ ဇွန် ၂၀၀၅ နဲ့ မေ ၂၀၀၇ ကြားမှာ မုန်လူမျိုး လက်နက်ကိုင် ၂၀၀၀ လောက်နဲ့ မိသားစုတွေဟာ ထိုင်းအစိုးရထံ လက်နက်ချခဲ့ပါတယ်။ မုန်လူမျိုး ၁၀၀၀ လောက်ကတော့ လာအိုနယ်စပ်မှာ လက်နက်ကိုင်ထားဆဲပါ။
ခုချိန်မှာတော့ အမေရိကန်က ဒီပြသနာကို ရှင်းလင်းစေချင်တဲ့ သဘောကို ပြလာတယ်။ မကြာသေးခင်နှစ်တွေတုန်းဆိုလျှင် အမေရိကန်က သူ့စစ်သားတွေကို လမ်း၊ တံတား၊ ကျောင်းတွေ ဆောက်ရာမှာ ကူဖို့ လာအိုကို လွှတ်ပေးမယ်လို့ ကမ်းလှမ်းပေမယ့် လာအိုက ပယ်ချလိုက်တယ်။ ၉/၁၁ စက်တင်ဘာ တိုက်ခိုက်မှုအပြီး အမေရိကန် လူဝင်မှုဥပဒေမှာ လက်နက်ကိုင်စွဲသူတွေကို အမေရိကန်မှာ ခိုလှုံခွင့် မပေးဖို့ တားမြစ်ထားပါတယ်။ ဒါကြောင့် ဝါရှင်တန်အစိုးရက နောက်ဆုံးလက်ကျန် မုန်လက်နက်ကိုင်တွေကို ပြန်ပြီး ပြောင်းလဲဖွဲ့စည်းပေးချင်နေခဲ့တယ်။
အမေရိကန်က သဘောထားပြောင်းလဲလာကြောင်း ပြသပြီးတဲ့နောက် အမေရိကန်ရောက် မုန်ခေါင်းဆောင်တွေကို လာအိုက တရားစွဲဆိုမယ်ဆိုတဲ့ အသံတွေ ထွက်လာပါတယ်။ ထိုင်းအစိုးရသစ်ကလည်း လာအိုနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ခြေလှမ်းစတဲ့အနေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက လာအိုကို ချစ်ကြည်ရေးခရီးသွားခဲ့ပါတယ်။ ဝန်ကြီးချုပ် အဖီဆစ်က ဇန်နဝါရီထဲမှာ သွားဖို့ရှိတယ်။
မုန်လူမျိုးတွေကို လာအိုပြန်ပို့ဖို့ ထိုင်း လာအို နှစ်နိုင်ငံက ၂၀၀၇ ခုနှစ် မေလမှာ သဘောတူခဲ့ကြပါတယ်။ အဲဒီသဘောတူညီချက်အရ ထိုင်းကို ရောက်လာတဲ့ ခိုလှုံခွင့်တောင်းသူ မုန်တွေကို လာအိုသို့ ချက်ချင်းပြန်ပို့နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တစ်လကို မုန်လူမျိုး ၂၀၀ လောက် လာအိုဘက် ပြန်ပို့ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။ ဒီနှစ်တွေအတွင်းမှာ မုန်တွေကို လာအိုဘက် အကုန်ပြန်ပို့ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
UNHCR အပါအဝင် အနောက်နိုင်ငံအစိုးရတွေနဲ့ အမေရိကန်ကပါ ထိုင်းနဲ့ လာအို အစိုးရတွေကို တောင်းဆိုထားတာကတော့ မုန်လူမျိုးဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်နဲ့ နေသူတွေကို ပြန်လည်ပို့ဆောင်ရာမှာ လွတ်လပ်စွာ စောင့်ကြည့်ခွင့်ပေးဖို့နဲ့ နိုင်ငံတကာစံနှုန်းတွေကို လိုက်နာဖို့ ဖြစ်ပါတယ်။ မဟုတ်ရင် လာအိုပြန်ရောက်ပြီး ဖမ်းဆီး ထောင်ချခံရတာတွေ ရှိလာမှာ စိုးရိမ်လို့ပါ။ ဒါပေမယ့် ထိုင်းက ကုလ၊ သံတမန်တွေနဲ့ ဂျာနယ်လစ်တွေရဲ့ တောင်းဆိုမှုအတိုင်း စောင့်ကြည့်ခွင့်ပေးဖို့ ငြင်းဆန်ထားပါတယ်။ မုန်လူမျိုး ၃၀၀ ပြန်ပို့စဉ်ကပဲ ဟန်ပြသဘောမျိုး ပေးကြည့်ပါတယ်။ ပြီးတော့ ထိုင်းစစ်တပ်က မုန်တွေဟာ ပြန်ချင်လို့ ပြန်ကြတာလို့လည်း အဆက်မပြတ် ပြောနေပါတယ်။
ပြီးခဲ့တဲ့ နှစ်သစ်ကူးညမှာ စခန်းကို မီးရှို့မယ်ဆိုလို့ ထိုင်းရဲနဲ့ စစ်သား ၃၀၀ လောက်က ဟွေးနမ်ခေါင်းကို ဝိုင်းခဲ့ကြတယ်။ ဆန္ဒပြပွဲပြီးတဲ့ နောက်တစ်နေ့မှာ မုန်ဒုက္ခသည် ၈၃၇ ယောက်ကို လာအိုဘက် ပြန်ပို့ပစ်လိုက်ပါတယ်။
လာအိုဘက်ကလည်း ပြန်ပို့ခံရတဲ့ မုန်လူမျိုးတွေကို လက်ခံရာမှာ ဘယ်လို ကိုင်တွယ်စီမံတယ်ဆိုတာ နိုင်ငံတကာကို စောင့်ကြည့်ခွင့် မပေးခဲ့ပါဘူး။ ပြည်တော်ပြန် မုန်လူမျိုးတွေကို သူတို့ ဘယ်လို သဘောထားကြီးကြောင်းသာ နိုင်ငံတကာကို ဝါဒဖြန့်နေပါတယ်။ ဒါပေမယ့် သတင်းတွေကြားရတာကတော့ အမေရိကန် စီအိုင်အေနဲ့ ၁၉၆၀-၁၉၇၀ တုန်းက ပတ်သက်ခဲ့မှုတွေနဲ့ မုန်လူမျိုးခေါင်းဆောင်တွေကို တရားစွဲဆိုမှာမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ လာအိုပြန်ပို့ခံရတဲ့ မုန်လူမျိုးတွေကို လာအို လုံခြုံရေးတပ်ဖွဲ့တွေက နှိပ်စက်တာ၊ သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေ လုပ်တယ်လို့ လူ့အခွင့်အရေး အစီခံစာတွေက ဖော်ပြလာကြပါတယ်။
စီးပွားရေးဘက်က ကြည့်မယ်ဆိုရင် ထိုင်းနဲ့လာအိုရဲ့ ဆက်ဆံရေးဟာ ၁၉၈၇-၈၈ နယ်စပ်စစ်ပွဲအပြီးမှာ တဖြည်းဖြည်းတိုးတက်လာတာ တွေ့ရတယ်။ လာအိုဟာ ထိုင်းကို လျှပ်စစ်ဓာတ်အား ရောင်းချခြင်းနဲ့ စီးပွားဖြောင့်နေပြီး ထိုင်းကလည်းပဲ လာအိုမှာ အကြီးဆုံး အိမ်နီးချင်း ရင်းနှီးမြှုပ်နှံသူ ဖြစ်လာပါတယ်။ မုန်ဒုက္ခသည်တွေဟာ နှစ်နိုင်ငံစီးပွားရေးအတွက် ဓားစာခံဖြစ်ရသူတွေပါ။ လာအိုက မုန်ဒုက္ခသည်စခန်းတွေဟာ သူပုန်တွေ ခိုအောင်းတဲ့နေရာလို့ ဟိုအရင်က စွပ်စွဲလာခဲ့တာပါ။ ခုချိန်မှာတော့ နှစ်နိုင်ငံလုံးက မုန်လူမျိုးတွေကို စီးပွားရေးအရ ရွေ့ပြောင်းဝင်ရောက်သူတွေလို့ (မြန်မာပြည်သားတွေကို စွပ်စွဲသလိုပဲ) စွပ်စွဲလာပါတယ်။
လာအိုဟာ ၂၀၀၉ မှာ အာရုံစိုက်ခံနေရတဲ့ မုန်လူမျိုးစုတွေရဲ့ အခန်းကဏ္ဍကို ဗီယန်ကျင်းမှာ လက်ခံကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲ မတိုင်ခင် ပြည်ဖုံးကားချ ချင်နေပါတယ်။ မုန် ပြည်တော်ပြန်တွေအဖို့ တစ်ပါတီစနစ်နဲ့ သွားနေတဲ့ လာအိုမှာ အာမခံချက် သိပ်မရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ယူဆကြပါတယ်။
တလောက ရိုဟင်ဂျာတွေကို လှေ အင်ဂျင်စက်ဖြုတ်ပြီး ပင်လယ်ထဲ ပြန်မျှောတဲ့အတွက် ရိုဟင်ဂျာတွေ သေဆုံးခဲ့ရလို့ ထိုင်းရဲ့ လူ့အခွင့်အရေးမှာ အမည်းစက်ထင်မလို ထပ်ဖြစ်နေပါတယ်။ ထိုင်း ဒုဝန်ကြီးချုပ်ကတော့ ထိုင်းအာဏာပိုင်တွေက တရားမဝင် ဝင်ရောက်လာသူတွေအပေါ် အများကြီး သက်ညှာခဲ့ပါတယ်လို့ ဆိုပါတယ်။ မုန်လူမျိုး ဒုက္ခသည်တွေ ပြန်ပို့ရာမှာလည်း ဒါမျိုးပဲ ထပ်ကြားရဖို့ ရှိပါတယ်။
No comments:
Post a Comment