Saturday, January 31, 2009

နအဖမှ စစ်တွေ-အမ်းရထားလမ်းဖေါက်မည်

Narinjara News

(ရခိုင်ပြည်သူများကို ပျားရည်နှင့် ၀မ်းချရန်ကြိုးပမ်းမူ အဖြစ် အများက ထင်မြင်ယူဆ)

ရခိုင်ပြည်နယ် မြို့တော်စစ်တွေနှင့် အမ်းမြို့ အကြား ရထားလမ်း တခုကို များအကြာမှီ စတင် ဖေါက်လုပ်တော့မည် ဖြစ်ကြောင်း နအဖ စစ်အစိုးရ တာဝန်ရှိသူများက တရားဝင် ထုတ်ဖေါ်ပြောကြားသည်။

အဆိုပါ ရထားလမ်း အစီအစဉ်ကို ဇန္န၀ါရီလ ၂၄ ရက်နေ့က စစ်တွေမြို့ မြို့တော်ခန်းမတွင် ပြုလုပ်သော အစည်းအဝေးတွင် နအဖ ၀န်ကြီးချုပ် သိန်းစိန်က တရားဝင် ထုတ်ဖေါ် ပြောကြား လိုက်ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ နအဖ အစိုးရ အရာရှိများအပြင် စစ်တွေမြို့မိ မြို့ဖများလည်း တက်ရောက်ခဲ့သည်။

ရခိုင်ပြည်နယ်မှာ ယခင်က အိပ်မက်ပင် မမက်ခဲ့ဖူးသော ရန်ကုန် စစ်တွေ ကားလမ်းမကြီးကို နအဖ စစ်အစိုးရ လက်ထက်တွင် ဖေါက်လုပ်ပေးနိုင်ခဲ့သဖြင့် ရခိုင်ပြည်နယ်မှာ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်ဟု ဗိုလ်ချုပ်သိန်းစိန်က ပြောကြားပြီး များမကြာမှီ ရထားလမ်း တခုကိုလည်း ဖေါက်လုပ်ပေးသွားမည် ဖြစ်သည်ဟု ပြောကြားသည်။

အဆိုပါ ရထားလမ်းမှာ ၄ နှစ်စီမံကိန်း ဖြစ်ပြီး ရခိုင်ပြည်သူများ မျက်ဝါးထင်ထင် တွေ့မြင်ကြရတော့မည် ဖြစ်သည်ဟု ပြောသည်။

၎င်းပြင် ရခိုင်ပြည်နယ်မှာ ပထ၀ီအနေအထားနှင့် ကိုလိုနီ တို့၏ သွေးခွဲအုပ်ချုပ်မူကြောင့် တိုင်းရင်းသား အချင်းချင်း ယုံမှား သံသယ ဖြစ်ကာ လူမျိုးစွဲ ဒေသစွဲ ဖြစ်ပြီး တည်ငြိမ်အေးချမ်းမူ မရှိ၍ ဖွံ့ဖြိုးတိုးတက်မူ နောက်ကျခဲ့ရပြီး တပ်မတော် အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

သို့သော်လက်တွေ့ဘ၀တွင် ရခိုင်ပြည်နယ်မှာ နအဖ စစ်အာဏာပိုင်များ ပြောကြားသကဲ့သို့ တပ်မတော် အစိုးရလက်ထက်၌ တစုံတရာ ဖွံ့ဖြိုးတိုးတက်လာခြင်းမရှိဘဲ ပို၍ပင် နအဖ စစ်အစိုးရ၏ ဖိနှိပ်မူကို ခံလာခဲ့ရသည်ဟု အမည်မဖေါ်လိုသူ စစ်တွေမှ ရခိုင်အမျိုးသား နိုင်ငံရေး သမားတဦးက ပြောသည်။

လက်ရှိတွင်လည်း ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံတွင် အဆင်းရဲ အနိမ့်ကျဆုံး ပြည်နယ် တခုဖြစ်နေပြီး ယခုကဲ့သို့ ဖြစ်နေခြင်းမှာ ရခိုင်အမျိုးသားများ၏ ဒေသစွဲ လူမျိုးစွဲ ပြင်းထန်၍ မဟုတ်ဘဲ နအဖ စစ်အစိုးရ အပါအ၀င် အုပ်ချုပ်သူ ဗမာအမျိုးသားများက လူမျိုးရေး မုန်းတီ်းမူအရ ဗြိတိသျှနယ်ချဲ့ထက် ဆိုးရွားသော ပေါ်လစီများကို ကျင့်သုံးကာ ရခိုင်အမျိုးသားများကို သွေးခွဲ ဖိနှိပ် အုပ်ချုပ်နေ၍ ဖြစ်သည်ဟု သူက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် နအဖ စစ်အစိုးရ၏ နှစ်ပေါင်း ၂၀ အတွင်း စက်ရုံ အလုပ်ရုံ တခုမှ တည်ဆောက်ပေးခြင်း မရှိသလို စစ်တပ် တပ်ရင်း ၆၀ နီးပါးခန်ကိုသာ တိုးချဲ့ အခြေချထားပြီး ရခိုင် တောင်သူ လယ်သမားများ ပိုင်ဆိုင်သော လယ်ယာများကို သိမ်းယူနေသဖြင့် နအဖ စစ်အစိုးရအပေါ် ရခိုင်ပြည်သူများက အထူးနာကျည်းလျက် ရှိနေကြောင်း သိရသည်။

၎င်းအပြင် ယခုပြည်ထဲရေး ၀န်ကြီး ဖြစ်နေသူ ယင်းအချိန်က တိုင်းမှူး ဗိုလ်ချုပ် မောင်ဦးသည် လူမျိုးရေး အမြင်အရ ရခိုင်ပြည်နယ်၏ စီးပွားရေး လုပ်ငန်းများကို ရစရာ မရှိအောင် ဖျက်ဆီးပစ်ခဲ့သဖြင့် ယခုအချိန်တွင် ရခိုင်ပြည်နယ် စီးပွားရေးမှာ အဖတ်ဆယ်မရအောင် ပျက်စီး ယိုယွင်း နေသည်ဟု သိရသည်။

ထိုကဲ့သို့ ရခိုင်ပြည်နယ်ကို လူမျိုးရေး အစွဲဖြင့် ဖျက်ဆီး ပစ်ခဲ့သော တိုင်းမှူး ဗိုလ်ချုပ် မောင်ဦးကို နအဖ အထက် ခေါင်းဆောင်များက အရေး တစုံတရာ မယူသည့် အပြင် ပြည်ထဲရေးဝန်ကြီး အဖြစ် ရာထူးတိုးကာ မြှောက်စားခဲ့သဖြင့် နအဖ စစ်အစိုးရ၏ လုပ်ရပ် အပေါ် ရခိုင်လူထုက အထူးမကျေမနပ် ဖြစ်ခဲ့သည်။

သို့အတွက်လည်း ရခိုင်အမျိုးသားများ အနေဖြင့် ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင် အပြင်းထန်ဆုံးသော နအဖ စစ်အစိုးရ ဆန့်ကျင်ရေး လုပ်ရပ်များကို ပြုလုပ်ကာ နအဖ စစ်အစိုးရကို အာခံခဲ့ခြင်း ဖြစ်သည်ဟု လေ့လာ သုံးသပ် သူများက ပြောသည်။

ယခုကဲ့သို့ ရခိုင်အမျိုးသားများ အနေဖြင့် နအဖ စစ်အစိုးရ အပေါ် နာကျည်းနေမူများ ရှိနေသည်ကို သိရှိနေသော နအဖ စစ်အစိုးရသည် ရခိုင်လူထုကို ပျားရည်နှင့် ၀မ်းချဆိုသလို ရထားလမ်းနှင့် ရေအားလျှပ်စစ်များကို ပြကာ ပြန်လည် စည်းရုံး သိမ်းသွင်းရန် ကြိုးပမ်းလာခြင်း ဖြစ်သည်ဟု နိုင်ငံရေး ကျွမ်းကျင်သူများက စစ်တွေတွင် ပြောဆိုနေကြသည်ဟု သတင်း ရရှိသည်။

No comments: