Thursday, January 22, 2009

မောင်တောတွင် လုံခြုံရေး အထူးတင်းကျပ်

Narinjara News


ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မြို့ မောင်တောတွင် လုံခြုံရေးကို လွန်ခဲ့သောနေ့က စပြီး အထူး တင်းကျပ်ထားလိုက်သည်ဟု သိရသည်။

အမည်မဖေါ်လိုသူ တဦးက “လုံခြုံရေးကို အထူး တင်းကျပ် ထားလိုက်တယ်ဆိုတာက ရဲ၊ လုံထိန်းနဲ့ နစက တပ်ဖွဲ့ဝင်တွေကို မောင်တော အနှံ့ အပြားမှာ ဖြန့်ကျက် ချထားလိုက်တာကို ပြောတာပါ။ ခုနေရာတိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ ၀င်တွေ နေရာယူထားကြပါတယ်။” ဟု ပြောသည်။

ယခုကဲ့သို့ လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြားကို ဖြန့်ကျက်ထားရသည့် အကြောင်းအရင်းကို မသိရှိရ သေးသော်လည်း နေပြည်တော်မှ နအဖ အရာရှိကြီး တဦး ရောက်ရှိလာနိုင်သည်ဟု မောင်တောမြို့သူ မြို့သားများက ပြောဆိုနေကြသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အစိုးရသစ် တက်လာပြီး နောက်ပိုင်း ပေါ်လစီ အပြောင်းအလဲများကြောင့် နယ်စပ်တွင် မြန်မာဘက်က အထူးသတိထားပြီး စောင့်ကြည့်နေမူများ ရှိနေသည်ဟု သိရသည်။

မြန်မာ စစ်ခေါင်းဆောင်များ အနေဖြင့်လည်း လွန်ခဲ့သော တပတ်ကျော်က ရခိုင်ပြည်နယ် အတွင်းရှိ တပ်နယ်ရှိရာ မြို့များသို့ သွားရောက်ခဲ့ပြီး အထူးညွန်ကြားမူများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယခုရောက်ရှိလာမည့် မြန်မာ့ စစ်ခေါင်းဆောင်မှာ ထိပ်တန်းခေါင်းဆောင် တဦး ဖြစ်နိုင်သည်ဟု နစကနှင့် နီးစပ်သူ တဦးက ပြောသည်။

လက်ရှိအာဏာရထားသော ဘင်္ဂလာဒေခ်ျ့ အစိုးရ အဖွဲ့ရှိ ထိပ်တန်းခေါင်းဆောင် အများစုမှာ မြန်မာ့ ဒီမိုကရေစီအရေးကို ထောက်ခံထားသူများ ဖြစ်သည်ဟု သိရသည်။ သို့အတွက် မြန်မာ-ဘင်္ဂလာ ဆက်ဆံရေးကို နယ်စပ်နေ လူထု အနေဖြင့် အထူး စိတ်ဝင်တစား ရှိနေကြသည်။

No comments: