Saturday, January 24, 2009

တိုင်းမှူးကတော်မှ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ရန်ပုံငွေအတွက် CDMA ဖုန်းရောင်းမည်

မွန်စွန်း၊

မွန်ပြည်နယ်ရှိ မြန်မာအမျိုးသမီးအဖွဲ့ဝင်က ၄င်းတို့၏ ရန်ပုံငွေအတွက် CDMA ဖုန်းများကို ဌာနဆိုင်ရာ အရာရှိများအား ရောင်းချပေးမည်ဖြစ်သည်။

သထုံမြို့ရှိ အရာရှိတစ်ဦးက “ ဖုန်းတွေကိုတော့ အရာရှိတွေကို ဦးစားပေး ရောင်းချပေး တယ်၊ ဝန်ထမ်းတွေကိုတော့ မဲနှိုက်တဲ့စနစ်နဲ့ သူတို့ကရောင်းချပေးမယ်၊ ဒါပေမယ့် ဈေး နှုန်းခြင်းက တစ်မြို့နယ်နဲ့ တစ်မြို့နယ် မတူကြဘူး ” ဟုပြောသည်။

သထုံနှင့် ကျိုက်ထိုမြို့နယ်တို့တွင် CDMA ဖုန်းတစ်လုံးကို ၁၅ သိန်းခွဲနှင့် ရောင်းပေးမှာ ဖြစ်ပြီး မော်လမြိုင်ခရိုင်မှာတော့ ၁၇ သိန်းခွဲနှင့် ရောင်းပေးမည် ဖြစ်သည်။

ကျောင်းအုပ်တစ်ဦးက “မော်လမြိုင်ဘက်မှာတော့ ၁၇ သိန်းခွဲနဲ့ သူတို့ရောင်းပေးမှာ ဖြစ် တယ်၊ တခြားမြို့နယ်နဲ့ ဘာဖြစ်လို့ ဈေးကွာတာလဲဆိုတာကို ကျွန်မလည်း သေသေချာချာ မသိဘူး” ဟုပြောသည်။ “အခုဇန်နဝါရီလ (၆) ရက်နေ့ကပဲ ကျွန်မမြို့နယ်မယက ရုံးကနေလျှောက်လွှာယူပြီး တင်လိုက်တယ်၊ နောက်ဆုံးရက်ချိန်းကတော့ (၅) ရက်နေ့ကပါ၊ ဖုန်းတကယ်ရမယ်ဆိုရင် ကျွန်မကတော့ ပြန်ရောင်းမယ်၊ အမြတ်နည်းနည်းရလဲ ကျွန်မတို့အတွက် အဆင်ပြေတာပေါ့” ဟု၎င်းကျောင်းအုပ်က ပြောသည်။

ယခု CDMA ပြင်ပပေါက်ဈေးနှုန်းက ၂၃ သိန်း ပတ်ဝန်းကျင်လောက်ရှိပြီး GSM ပြင်ပ ပေါက်ဈေးမှာ ကျပ် ၂၁ သိန်းနှင့် အစိုးရဈေးမှာ ကျပ် ၁၅ သိန်းခွဲခန့်ရှိသည်။

လွန်ခဲ့သော ဒီဇင်ဘာလကတည်းက မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ရန်ပုံငွေအတွက် CDMA mobile ဖုန်းများကို ရောင်းချပေးမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် အစည်းဝေးတွင် ၄င်းအသင်း ဥက္ကဌ ဒေါ်မြင့်မြင့်စိုးက ပြောသည်။

၂၀၀၇ ခုနှစ်တွင်လည်း မွန်ပြည်နယ်ရှိ အာဏာပိုင်များက ဌာနဆိုင်ရာအရာရှိတွေကို ဖုန်းရောင်းချခဲ့သည်။ တချို့အရာရှိများမှာ မိမိလစာနှင့် မကိုက်ဘဲမဝယ်ယူသူလည်း ရှိသည်။

“အစိုးရက ဖုန်းတွေကို မြို့ပေါ်မှာရှိသည့် အရာရှိတွေကိုပဲ ဦးစားပေးပြီးတော့ နယ်မှာရှိတဲ့ အရာရှိရာတွေက သိပ်မရကြဘူး” ဟု အမည်စာရင်းတင်သွင်းခဲ့သည့် နယ်မှ ကျောင်းအုပ်တစ်ဦးကပြောသည်။

၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း အစိုးရအရာရှိများကို မိုဘိုင်းဖုန်းပေးရန် အရှေ့တောင် တိုင်း တိုင်းမှူးထံ မွန်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တင်ပြပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာများနှင့် ဌာနအချို့မှာ မိုဘိုင်းဖုန်းများ လက်ခံရရှိခဲ့သည်။ ဖုန်းရသည့်အရာရှိများမှာ ကျပ် ၁၅ သိန်းအပြင် အုပ်ချုပ်ရေးဌာနအတွက် ကျပ် ၂ သိန်း လည်းထပ်မံပေးရသည်။

မနှစ်ကစပြီး တရုတ်နိုင်ငံ ကုမ္ပဏီ (၂) ခုက Alcatel Shanghai Bell Co and the ZTE GSM ဖုန်းက မြန်မာနိုင်ငံအသွင်းသို့ ဝင်ရောက်ခဲ့သည်ဟု မြန်မာ Today သတင်းစာတွင် ဖော်ပြထားသည်။

No comments: