Saturday, January 31, 2009

နာဂစ်ထိ ရန်ကုန်ကျောင်းများ ကျပ်သန်း ၃ ထောင်ကျော်ကုန်မည်

မဇ္ဈိမသတင်းဌာန

ချင်းမိုင် (မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရန်ကုန်တိုင်းအတွင်းမှ စာသင်ကျောင်း ၇၇ ကျောင်းကို ပြန်ဆောက်ရန် ကျပ်ငွေ သန်းပေါင်း ၃၂၇၀ ခန့် ကုန်ကျမည်ဟု အာဏာပိုင်များက ခန့်မှန်းထားသည်။

ယခုလ ၂၁ ရက်နေ့က ပြည်တွင်းသတင်းထောက်များနှင့် တွေ့ဆုံခဲ့သည့် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက အမေရိကန် ဒေါ်လာအားဖြင့် ၃၁ သန်းကျော် ကုန်ကျနိုင်ကြောင်း ပြောကြားချက်ကို ကိုးကားကာ The Voice ဂျာနယ်က ရေးသားဖော်ပြသည်။


သမိုင်းတွင်လောက်ပင် ပျက်စီးဆုံးရှုံးမှု ကြီးမားသည့် နာဂစ်မုန်တိုင်း ဘေးဒဏ်ကြောင့် လူဦးရေ ၄ သန်းရှိသည့် ရန်ကုန်တိုင်းအတွင်းမှ မြို့နယ် ၃၃ မြို့နယ်နှင့် တွံတေး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တိုတို့မှ နှစ်ထပ်ကျောင်းဆောင် ၄ ခုနှင့် တထပ်ကျောင်း ၇၃ ခုတို့ကို အရေးပေါ် ပြန်လည်တည်ဆောက်ရန် လိုအပ်နေသည်။

ကျောင်းပေါင်း ၄၇ ကျောင်းကို ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသော ကျောင်းများကိုမူ ယခုနှစ် စာသင်နှစ်အမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဂျာနယ်က ရေးသားထားသည်။

မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းများ၏ စာသင်နှစ်မှာ ပုံမှန်အားဖြင့် ဇွန်လတွင် စတင်လေ့ရှိသည်။

No comments: