Saturday, January 24, 2009

ပိုးစုန်းကြူးတို့ ပျော်ရာမြေ


လူ့ဘ၀တွင် အဆင်မပြေမူများနှင့် နေသားကျသူများထဲ၌ မြန်မာပြည်သူများလည်း ထိပ်တန်းဝင်ပေသည်ဟု ရဲရဲကြီး ပြောနိုင်ပါသည်။ အလုပ်အကိုင်ရှား၊ ၀င်ငွေနည်းပါး၊ ကုန်ဈေးနှုန်းကြီး၊ မီးပျက်ရေရှား၊ အနေကျပ်အသေကျပ်နှင့် ထုသားပေသားကျနေကြသည်။

ပြည်သူများက ပျော်ရာမနေ၊ တော်ရာနေကာ မ၀ရေစာ ဖြစ်သလိုစား၊ ဒုက္ခအတိတွေကြားက အမုန်းမဖက် အပြုံးမပျက် နေနိုင်ကြသော်ငြား စစ်ဗိုလ်ချုပ်များမှာကား ကိုယ့်ဆွေကိုယ့်မျိုး ကောင်းစားရေးသာ အလေးထားနေဆဲဖြစ်ပြီး၊ လက်တဆုပ်စာ သူတို့တွေ ရွှေမျိုးများသာ၊ မသူတော်ချင်း ပေါင်းဖက်ပျော်နေလျက် ပြည်သူ့ဒုက္ခ ပြည်သူ့ငိုသံ ပြည်သူတို့ လိုအပ်နေချက်များကိုကား နဲနဲမျှ မဖြည့်ဆည်းနိုင်ခဲ့ပါ။ အစိုးရအာဘော် သတင်းစာများတွင် ရွှန်းရွှန်းဝေအောင် ရေးနေသည်များက အပြင်က လက်တွေ့ဘ၀များနှင့် များစွာကွာခြားနေပါသေးသည်။

နေပြည်တော် စွမ်းအင်ဝင်ကြီးဌာနမှ လာသည်ဆိုသော သတင်းတရပ်က ဓာတ်ငွေ့တိုးချဲ့ တင်ပို့ရောင်းရန် လိုသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက "မီးပျက်လို့ လူတွေ ဆူတာ မရှိဘူး။ ကားတွေ မပြေးနိုင် ဈေးတက်မှသာ ဆူကြတယ်။ သဘာဝဓာတ်ငွေ့နဲ့ မောင်းတဲ့ ရန်ကုန်က မီးစက်တွေနား စီအန်ဂျီကားတွေသာ ပေးစေ" ဟု ညွှန်ကြားကြောင်း ကြားရပေသည်။

ရန်ကုန်မှ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်များ မလည်နိုင်တော့၍ ရန်ကုန်လူထု မီးကို အလှည့်ကျ သုံးနေကြရပေသည်။ မီးမလာသဖြင့် မီးအားများစွာ အသုံးပြုရသော သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များလည်း မလည်နိုင်တော့ပေ။ ဆိုင်တိုင်းတွင်လည်း လောင်စာဆီသုံး မီးစက်များ မရှိကြပါ။

မီးမလာ၍ ဓာတ်ငွေ့ထည့်မည့် ကားများ ဆိုင်များရှေ့ တန်းစီနေကြသည်ကို နေ့စဉ် တွေ့နိုင်ပါသည်။ ကားများ မထွက်လာနိုင်သဖြင့် ရန်ကုန်မြို့တော် ဘတ်စ်ကားမှတ်တိုင်များတွင် ရုံးဆင်းရုံးတက်ချိန် ခရီးသွားပြည်သူအများ စုပြုံနေပါသည်။

နွေရာသီ ရေရှားချိန် မရောက်သေးခင်ထဲက မီးပျက်နေသော မြို့ကြီးရန်ကုန်မှာ အပူရာသီနွေကာလ ရောက်လေလျှင် အဘယ်မျှ ဆိုးလေတော့မည်လဲ မခန့်မှန်းတတ်တော့ပေ။ ရန်ကုန်လူထု၏ ပြောဆိုနှုတ်ဆက် စကားများတွင် ဒီနေ့ ဘယ်အချိန်လဲဟေ့ ၅း ၁၁ လား၊ ၁၁း ၅ လား မေးလာတတ်ကြသည်။ အချိန်ပိုင်း မီးပေးချိန်ကို မေးခြင်းဖြစ်ပါသည်။ အစိုးရသတင်းစာများ ကိုင်လိုက်လျှင် ကိုဇာဂနာပြောသလို ဓာတ်လိုက်လေမလား လန့်စရာကောင်းအောင် ရွှန်းရွှန်းဝေ ရေးသားထားသော ရေအားလျှပ်စစ် စီမံကိန်းများ၊ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းနေသည့် သတင်းနှင့် ဓာတ်ပုံများက အပတ်စဉ် လိုပါနေပေ၏။ အမှတ် (၁) နှင့် အမှတ် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးနှစ်ပါး အပြိုင်အဆိုင် လူလုံးပြ လမ်းသလား၊ လိုအပ်သည်များ ညွှန်ကြား၊ စားသွားသည်များကလည်း သတင်းစာ၏ တန်ဖိုးရှိ စာမျက်နှာများသာ နေရာပုပ်သလို ဖြစ်နေပါသည်။ တိုင်းပြည်နှင့် ပြည်သူများအတွက် မည်သို့မျှ ထူးမလာပါ။

ပြည်သူများအရေး လျစ်လျှူရှုထားသော်ငြား လက်တဆုပ်စာ လူတန်းစား စစ်သားများ ကောင်းစားရေးအတွက် နေပြည်တော်ဒေသတွင်တော့ လျှပ်စစ်မီးတို့ ထိန်ထိန်ညီးနေပါပေသည်။

ငယ်စဉ်ကလေးဘ၀က သူငယ်တန်းဖတ်စာမှ ကလေးဘ၀ အော်ကျက်ခဲ့ရသော စာတပုဒ်အား အမှတ်ရလာပေသေးတော့၏။

"ဟိုဘက်ကမ်းက မီးထိန်ထိန်၊ ဒီဘက်ကမ်းက မီးမှိန်မှိန်၊ ဆီမီးထိန်ထိန်လင်းပါတဲ့ မနှင်းတို့အိမ်" ဟု ဆိုရလေသော စာတပုဒ် ဖြစ်ပါသည်။

ဒီနေ့ခေတ်တွင်တော့ ဆိုရလေမည့် စာသားအသစ်သည်ကား …….

"နေပြည်တော်မှာ မီးထိန်ထိန်၊ ဗိုလ်ချုပ်ကြီးတို့နေတဲ့အိမ်၊ မြန်မာပြည်အနှံ့မှာ မီးမလင်း၊ ပြည်သူများအတွက် ဆင်းရဲခြင်း" ဟုသာ ဆိုရပေတော့မည်။


No comments: