Monday, March 16, 2009

မြစ်ဝကျွန်းပေါ်မှာ ပြည့်တန်ဆာ ပိုများလာ

အောင်သက်ဝိုင်း Monday, 16 March 2009

နာဂစ် မုန်ုတိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရသော လပွတ္တာ မြို့နယ်တွင် ယခု အခါ ပြည့်တန်ဆာ လုပ်ငန်းများ ကြီးထွား လာပြီး ဒေသခံများ သာမက မြောင်းမြနှင့် ပုသိမ်မှ ပြည့်တန်ဆာ များပါ လပွတ္တာသို့ ရွှေ့ပြောင်း လုပ်ကိုင် လာကြ ကြောင်း ဒေသခံများထံမှ သိရသည်။

နာဂစ် မုန်တိုင်း မဖြစ်ပွား ခင်ကပင်၊ ပင်လယ် ဆိပ်ကမ်းမြို့ ဖြစ်သည့် လပွတ္တာမြို့တွင် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူတို့ များပြား ခဲ့ပြီး နာဂစ် မုန်တိုင်း ဖြစ်ပွားပြီး နောက်ပိုင်းတွင် ပြည့်တန်ဆာ အဖြစ် အသက်မွေး ၀မ်းကြောင်း လုပ်ကိုင်သည့် အမျိုးသမီး အရေ အတွက် ပိုများလာပြီး လိင်ဖျော်ဖြေရေး လုပ်ငန်းများ ပိုမို တွေ့လာရကြောင်း လပွတ္တာမြို့နယ်တွင် ဆိုင်ကယ်တက္ကစီ မောင်းနှင်သူများက ပြောသည်။

“လပွတ္တာမှာ အရင်က မိသားစု တည်းခိုခန်း တို့၊ မြနန်းသစ္စာ တည်းခိုခန်းတို့၊ ဧရာစတား တည်းခိုခန်း တွေနဲ့ တခြား တည်းခိုခန်း တွေမှာ ပြည့်တန်ဆာ လုပ်ငန်း တွေနဲ့ ပြည့်နေခဲ့တာ။ အခု ဒီ တည်းခိုခန်း တွေကို ကုလသမဂ္ဂနဲ့ အဖွဲ့အစည်းတွေက ငှားထားတော့ ပြည့်တန်ဆာ လုပ်ငန်းတော့ မလုပ်ကြဘူး။ ဒါပေမယ့် လူအ၀င်အထွက် များတော့ ပြည့်တန်ဆာ လုပ်ငန်း ပိုများလာတယ်” ဟု စွမ်းအားရှင်တဦးဖြစ်သူ ရန်ကုန် - လပွတ္တာ ကားဂိတ် အနီးရှိ ဆိုင်ကယ်တက္ကစီ ဂိတ်မှ ဆိုင်ကယ် ကယ်ရီသမားတဦးက ပြောပြသည်။


ဆိုင်ကယ်တက္ကစီ ပြေးဆွဲသူများနှင့် ဆိုက်ကားသမားတချို့မှာ ပြည့်တန်ဆာခေါင်းများနှင့် ဆက်သွယ်ပြီး ပျော်ပါးလိုသူများ ရှာဖွေပေးခြင်းကို အလုပ်တခုသဖွယ် လုပ်ကိုင်လာ သကဲ့သို့ ပြည့်တန်ဆာများကို သယ်ယူပို့ဆောင် ပေးခြင်းများ လုပ်ကိုင်လာကြကြောင်း လပွတ္တာမြို့ခံများထံမှ စုံစမ်းသိရှိရသည်။

“မြောင်းမြက ပြည့်တန်ဆာတွေ၊ ပုသိမ်က ပြည့်တန်ဆာတွေလည်း လပွတ္တာကို ဆင်းလာကြတယ်” ဟု လပွတ္တာမြို့ခံ ကဏန်းလုပ်ငန်းရှင်တဦးက ပြောသည်။

ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူအများစုသည် လပွတ္တာမြို့နယ်ရဲများကို လိုင်းကြေးပေးကြရပြီး လပွတ္တာမြို့ပေါ် ၁ ရပ်ကွက် စည်ပင်သာယာ ဘုန်းကြီး ကျောင်းအနီး၊ ရေကန်ကြီးဘေးရှိ ထန်းပင်စုဟု ခေါ်ဆိုသည့် နေရာတွင် ပြည့်တန်ဆာတန်း တခုသဖွယ် ဖြစ်ထွန်းနေကြောင်း လပွတ္တာ ဒေသခံများ၏ အဆိုအရ သိရသည်။

“၁ ရပ်ကွက် ရေကန်ဘေးက တဲတွေမှာ ပြည့်တန်ဆာလုပ်ကြတဲ့ အမျိုးသမီးတွေ များတယ်။ ကန်ဘောင်ဘေးမှာ အဲဒီ တဲလေးတွေမှာပဲ ပြည့်တန်ဆာ အမျိုးသမီးတွေနဲ့ ပျော်ပါးလို့ရတယ်” ဟု အသက် ၄၅ နှစ်အရွယ် လပွတ္တာမြိုခံ ဆိုင်ကယ်ကယ်ရီသမား တဦးက ပြောသည်။

လပွတ္တာမြို့ပေါ်တွင် ပြည့်တန်ဆာများနှင့် ပျော်ပါးသည့် ဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိပြီး ယခင်က တကြိမ်ပျော်ပါးလျှင် ငွေ ၂၀၀၀ ကျပ်၊ တညတာ ပျော်ပါးလျှင် ၈၀၀၀ ကျပ်သာရှိခဲ့ သော်လည်း ယခုအခါ တကြိမ် ပျော်ပါးလျှင် ငွေ ၃၅၀၀ ကျပ်၊ တညတာပျော်ပါးလျှင် ငွေ ၂၀၀၀၀ ကျပ် ပေါက်ဈေး ရှိလာကြောင်း သိရှိရသည်။

“မြောင်းမြနဲ့ ပုသိမ်က ပြည့်တန်ဆာတွေဆိုရင် တည်းခိုခန်းမှာတည်းပြီး ဖောက်သည် ရှာကြတယ်။ လပွတ္တာမှာ ရတဲ့ကြေးက မြောင်းမြနဲ့ပုသိမ်မှာရတဲ့ ကြေးထက် အများကြီးမြင့်လို့” ဟု လပွတ္တာ ၉ ရပ်ကွက်နေ လူငယ် တဦးက ပြောသည်။

ပြည့်တန်ဆာများနှင့် ပျော်ပါးကြသူများတွင် နိုင်ငံတကာ အဖွဲ့အစည်းများ၌ အလုပ် လုပ်ကြသည့် အမျိုးသား များလည်း ပါဝင်ပြီး ရေလုပ်သားများ၊ အလုပ်ကြမ်း အလုပ်သမားများ အပါအ၀င် လူတန်းစားအသီးသီး ပါဝင်ကြောင်း ဒေသခံများ၏အပြောအရ သိရသည်။

“နာဂစ်မှာ အမျိုးသမီးနဲ့ ကလေးတွေ အများဆုံးသေတယ်။ ရွာတွေမှာ မိန်းမသေသွားတဲ့ ယောက်ျားက တော်တော်များတယ်။ အဖွဲ့အစည်းတွေမှာ လုပ်ကြတဲ့ အမျိုးသားတွေလည်း တော်တော် များများ ရှိနေတာ ကြောင့် လပွတ္တာရဲ့ ပြည့်တန်ဆာလုပ်ငန်းက ကြီးထွားလာတာ” ဟု လပွတ္တာမြို့ခံ စီးပွားရေးသမား တဦးက ရှင်းပြသည်။

ယခုလက်ရှိ အခြေအနေတွင် လပွတ္တာမြို့တွင် ပြည့်တန်ဆာ လုပ်ငန်း ကြီးထွားလာမှုနှင့် အတူ ခုခံအားကျဆင်းမှု ရောဂါ ကူးစက်နိုင်မှု အခြေအနေ မှာလည်း စိုးရိမ်စရာ ကောင်းလောက်သော အခြေအနေတွင် ရှိကြောင်း ခုခံအား ကျဆင်းမှုရောဂါ ပညာပေးရေး အဓိကလုပ်ဆောင်နေသော လပွတ္တာမြို့နယ်အခြေစိုက် ဆွစ်ဇာလန် AFXB အဖွဲ့မှ အမည်မဖော်လိုသူ ကျန်းမာရေးဝန်ထမ်း တဦးက ပြောသည်။

“လပွတ္တာမြို့နယ်မှာ လာနေကြတဲ့ သူတွေကလည်း ရပ်ဝေးက၊ ပြည့်တန်ဆာတွေကလည်း ရပ်ဝေးရပ်နီး အကုန်ပဲ။ သူတို့နဲ့ ပျော်ပါးကြတဲ့ သူတွေက လပွတ္တာမှာတင် နေကြတာမဟုတ်ဘူး၊ သူတို့ရဲ့ နေရပ်ရင်း ဒေသတွေဆီ ပြန်သွားကြတာဆိုတော့ လပွတ္တာက ခုခံအားကျဆင်းမှုရောဂါ ဖြန့်ဖြူးတဲ့ ဆုံရပ်ကြီးတခုလို ဖြစ်လာတယ်။ ဒါ အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အချက်ပဲ” ဟု AFXB ၀န်ထမ်းကသုံးသပ်ပြောပြသည်။

ပြည့်တန်ဆာ လုပ်ကိုင်ကြသည့် အမျိုးသမီးများတွင် ဆယ်ကျော်သက်အရွယ် အမျိုးသမီးများ ပါဝင်လာပြီး တချို့မှာ နာဂစ်မုန်တိုင်း ကြောင့် မိဘဆွေမျိုး သားချင်း သေဆုံး သွားကြသည့် အမျိုသမီး ငယ်များ ဖြစ်ကြောင်း လည်း စုံစမ်းသိရှိရသည်။

No comments: