Monday, March 16, 2009

မြ၀တီအာဏာပိုင်များ DKBA အပေါ် အပြစ်မယူရဲ

ဟွန်းဟကောင်း Mon 16 Mar 2009

မြ၀တီမြို့တွင် မတ်လ ၁၁ ရက် နေ့၌ DKBA တပ်ရင်း (၉၀၇) မှ မောင်းနှင် လာသော ဟိုင်းလပ်(စ်) ကားနှင့် ဆိုက္ကား တစ်စီးတို့ တိုက်မိကြပြီး ဆိုက္ကား ဆရာနှင့် စီးနင်း လိုက်ပါခဲ့သူ တစ်ဦး တို့သည် နှစ်ဦး စလုံး သေဆုံး သွားခဲ့သော်လည်း ယခု အချိန်ထိပင် ယင်း ကားသမားကို မည်သူတစ်ဦး တစ်ယောက်မျှ ဖမ်းဆီး အပြစ်ယူခြင်း မရှိသေးပေ။

ယင်းဆိုက္ကားသမားနှစ်ဦးမှာ မြ၀တီဆေးရုံကြီးမှ ဆေးရုံအလုပ်သမားများ ဖြစ်ကြပြီး ယင်းသူ ငယ်ချင်းနှစ်ဦးသည် ည ၉ နာရီကျော်ကျော်အချိန်တွင် ထိုနေ့၌ပင် အသစ်ဝယ်ယူထားသော ဆိုက္ကားကို ဆေးရုံလမ်းမှ နင်းထွက်လာပြီး အာရှလမ်းအကွေ့တွင် ကားတစ်စီး ကွယ်ရပ်ထား သည်ကို ရှောင်ပြီးကျော်ထွက်ရာတွင် တဖက်မှ မောင်းနှင်လာသော ဟိုင်းလပ်(စ်) ကားသည် ရှေ့မီးတစ်ဖက် ပျက်နေသောကြောင့် သတိမထားမိဘဲ မြကျွန်းသာ လ္ဘက်ရည်ဆိုင်ရှေ့တွင် တိုက်မိကြပြီး ထိုင်စီးလာသော သူငယ်ချင်းမှာ ထိုနေရာ၌ပင် ဒဏ်ရာနှင့်လွင့်စင်ကျကျန်ခဲ့‎ပြီး ဆိုက္ကားနင်းသူမှာ ကားနှင့်အတူ ပေ ၁၀၀ ကျော်မျှပါသွားခဲ့ကာ ယင်းနေရာ၌ပင် အရိုးများ ကျိုးကြေအက်ကွဲပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ မျက်မြင်သက် သေ တစ်ဦးက ပြောသည်။

ပြုတ်ကျကျန်ခဲ့သည့် သူငယ်ချင်းကို မြ၀တီဆေးရုံကြီးသို့ တင်ဆောင်သွားခဲ့သော်လည်း ဒဏ် ရာပြင်းထန်သောကြောင့် ဆေးရုံမှ လက်မခံနိုင်တော့သဖြင့် ထိုင်းဘက်ကမ်းရှိ မဲဆောက်ဆေး ရုံသို့ တင်ဆောင်သွားစဉ် လမ်းခရီး၌ပင် သေဆုံးသွားသည်။ ယင်းယာဉ်တိုက်မှု ဖြစ်ပွားစဉ်တွင် မြ၀တီမြို့ပေါ်မှ မော်တော်ဆိုင်ကယ် အငှားယာဉ်မောင်းနှင်သူများ၊ ဆိုက္ကားနင်းသူများနှင့် လမ်း သွားလမ်းလာများ စုရုံးရောက်ရှိလာပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့၍ ယာဉ်ထိန်းရဲများ နှင့် DKBA မှ တာဝန်ရှိသူများ ရောရှိလာခဲ့ကြသည် ဟု အထက်ပါ မျက်မြင်သက်သေက ပြောသည်။

DKBA တပ်မဟာ ၉၀၆ မှ အရာရှိ ၂ ဦးနှင့် နောက်လိုက်ငယ်သားများသည် လက်နက်အပြည့် အစုံဖြင့် ရောက်ရှိလာကြကာ ယင်းတို့၏ ကားသမားကို ဖမ်းဆီးလိုလျှင် မျက်မြင်သက်သေ ၅ ဦး ရှာပေးရမည် ဖြစ်ပြီး အကယ်၍ ၅ ဦး ပြည့်ခဲ့လျှင် ၎င်းတို့၏ ကားသမားကို ဖမ်းဆီးရန် ခွင့်ပြုမည်ဖြစ်ကာ ၅ ဦး မပြည့်ခဲ့လျှင် ယင်းကားသမားကို ၎င်းတို့ ပြန်လည်ခေါ်ဆောင်သွား မည်ဟု ပြောထားခဲ့သည်။ သို့သော် မျက်မြင်သက်သေ ၂ ဦးသာထွက်ရဲကြပြီး ကျန်ရှိသူများမှာ မည်သူ တစ်ဦးတစ်ယောက်မျှ မထွက်ရဲကြသောကြောင့် ၎င်းတို့၏ကားသမားကို ပြန်လည် ခေါ်ဆောင် သွားခဲ့ကြသည်ဟု ယင်းအဖြစ်အပျက်ကို တွေ့မြင်ခဲ့သော မြို့ခံတစ်ဦးက ပြော သည်။

“အဲဒီနေရာကို ယာဉ်ထိန်းရဲတွေရော ပြည်သူ့ရဲတွေရော ရောက်လာပေမယ့် ဘာမှမပြောရဲ ကြဘူး၊ တခြားနေရာတွေမှာဆိုရင် လိုင်စင်မရှိလို့ဖမ်းတာနဲ့ ဦးထုပ်မဆောင်းလို့ဖမ်းတာနေတဲ့ ယာဉ်စည်းကမ်း ထိန်းသိမ်းနေတယ်ဆိုတဲ့ ယာဉ်ထိန်းရဲတွေက အခုလူ့အသက် ဆုံးရှုံးသွား တာတောင် ဘာမှမပြောရဲကြဘူး” ဟု ယင်းမြို့ခံက ပြောသည်။

မြ၀တီမြို့ပေါ်ရှိ ပြည်သူများသည် ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး မကျေမနပ် ဖြစ်နေကြ သော်လည်း အာဏာပိုင်များပင် မလွန်ဆန်ဝံ့သောကြောင့် ၎င်းတို့မှာ ငြိမ်ကုပ်နေရသည်ဟု ဆိုသည်။ ဤအကြောင်းအရာနှင့် ပတ်သက်ပြီး မြ၀တီတရားရုံးကို ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။ သို့သော် တရားရုံးရှိ တာဝန်ရှိသူများနှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ ယင်းတရားခံကို တရားခံပြေးအဖြစ် သတ်မှတ်ထားသည်ဟု ကြားသိရသည်။

No comments: