Sunday, September 20, 2009

မဲဆောက်မြို့မှ အပြန်


ဒီမြို့လေးကို ပြန်မရောက်တာ နှစ် ၂ဝ ကျော် ကြာပါပြီ။ ကိုယ့်ရဲ့ကျေးဇူးရှင်ဟောင်းတွေဖြစ်တဲ့ မနော်စာကလေးတို့၊ အန်တီချစ် ဆိုင်တို့၊ ကိုကျောက်ခဲ တို့ မိသားစု တွေကိုလည်း တွေ့ချင် လှတယ်။ ကျနော်၊ ဒေဝေါ်၊စိန်ထွန်း၊ တတိုင်းမွှေး၊ ဝင်းအောင်၊ ကျော်စွာ၊ မိုးကျော်ကြီး၊ ထူးအိမ်သင်တို့ တနေ့ ဘတ် ၄၀ နဲ့ မြေတူး အလုပ် လုပ်ခဲ့တဲ့ ကျောက်စီ ကုမ္ပဏီရဲ့တိုက်တန်း နောက်က နေရာဟောင်း လေးကိုလည်း ပြန်လည် တွေ့ချင်တယ်။

ကျနော်တို့ နောက်ဆုံးနေခဲ့တဲ့၊ ကျောင်းသားတွေ ဖွင့်လှစ်ခဲ့တဲ့ဆေးရုံဟောင်း နေရာလေးကိုလည်း ပြန်ကြည့် ချင်မိတယ်။ ရှိသမျှ အလုပ်တွေကိုရပ်နား၊ ကင်မရာတလုံးကို ကိုင်ပြီး ဒုတိယ ကျင်လည်ခဲ့ရာ မွေးရပ်မြေကို
လျှောက်ကြည့်ဖို့ ဆိုက်ကယ်တစီးနဲ့ အသော့နှင်ခဲ့သည်။ ဒီလို အလည်ပြန်လာခဲ့တဲ့ ဒုတိယ မွေးရပ်မြေလို့ဆိုတဲ့ မြို့လေးကတော့ ထိုင်းနိုင်ငံမဲဆောက်မြို့ပဲ ဖြစ်ပါတယ်။ ကျနော် ဒီမြို့လေးကို ၁၉၈၈ ခုနှစ်
စက်တင်ဘာလမှာ ရောက်ခဲ့တာပါ။

အရင်က မဲဆောက်မြို့ကို မြန်မာလူစိမ်းတယောက်ဝင်လာရင် သိသာထင်ရှားတယ်။မြန်မာလူမျိုးတွေကို ပုဆိုး၊ လုံချည်တို့နဲ့ တွေ့ရခဲတယ်။ ကရင်လူမျိုး လှပျိုဖြူတွေ၊ လူပျိုပေါက်တွေကို ထိုင်းလူမျိုးတွေပိုင်တဲ့ ကုန်စုံဆိုင်တွေမှာ တွေ့ရတတ်တယ်။ ထိုင်းလူမျိုးတွေ၊ထိုင်းကျောင်းသူကျောင်းသားတွေကို လမ်းဆုံလမ်ခွတိုင်းမှာ တွေ့ရတတ်တယ်။
လမ်းပုံးပွဲတွေကို လူစည်ကားရာ ရပ်ကွက်တွေမှာ အမြဲလိုလို တွေ့ရတတ်တယ်။

အခုတော့ အဲဒီလိုမဟုတ်တော့။ မဲဆောက်လမ်းမတွေပေါ်မှာ ပုဆိုး၊ လုံချည် ဝတ်ထားကြတဲ့ မြန်မာလူမျိုးတွေကို ပုရွက်ဆိတ်အုံတွေလိုပဲ နေရာအနှံ့မှာတွေ့လာရတယ်။ မဲဆောက်မြို့ကို အုပ်ချုပ်သူတွေသာ ထိုင်းလူမျိုးတွေဖြစ်နေ ပေမယ့် မြန်မာလူမျိုး သိန်းနဲ့ချီ နေထိုင်ကြတဲ့ ဒီမြို့လေးကို မြန်မာမြို့လို့တောင် ခေါ်ရမလောက် ဖြစ်နေတာပါ။ မဲဆောက်ဈေးကြီး၊ဈေးသစ်မှာ ရောင်းသူဝယ်သူတွေဟာ မြန်မာတွေချည်းပဲ ဖြစ်နေတယ်။

တူညီတဲ့ အလေ့အကျင့်တခုကိုတော့ ဆက်တွေ့ရပါသေးတယ်။ ရဲ နှစ်ယောက် ဆိုင်ကယ်စီးပြီး၊ လူစည်ကားတဲ့ နေရာတွေမှာ တရားမဝင် လာရောက်နေထိုင်ကြတဲ့ မြန်မာတွေကို လိုက်လံဖမ်းဆီး ငွေတောင်းနေတတ်တာ ဖြစ်ပါ တယ်။ ကျနော့်မိတ်ဆွေကြီးလည်း တရားဝင် နေထိုင်ခွင့် မှတ်ပုံတင် လူနဲ့အတူ ပါမလာလို့အဆစ်ပါသွားသေးတယ်။ ဘတ်ငွေ ၅ဝဝ ပေးလိုက်တော့လည်း အဆင်ပြေသွားတာပါပဲ။

မဲဆောက်မြို့နဲ့ မဲဆောက်မြို့ရဲ့ တဖက်ကမ်း မြန်မာနိုင်ငံ မြဝတီမြို့လေးမှာတော့ အနှိပ်ခန်းတွေ၊ ပြည့်တန်ဆာ ခန်းတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကို ပြောင်ပြောင်တင်းတင်း ရှိနေတာလည်း ကြားသိခဲ့ရတယ်။

ကျနော်နဲ့အတူ ခရီးသွားခဲ့တဲ့ အသိမိတ်ဆွေတယောက် ပြောပြတာလေးကိုသွားသတိရမိတယ်။ ကျနော်နဲ့ ရင်းနှီးခဲ့တဲ့ ဆွီဒင်နိုင်ငံသားညီအကိုနှစ်ယောက် ထိုင်းနိုင်ငံ ရနှောင်းကနေတဆင့် ကော့သောင်းမြို့ကို သွားရောက်လည်ပတ် ခဲ့ကြတယ်။ သူတို့ မော်တော်ဘုတ်နဲ့ ကူးသွားစဉ် လမ်းတလျှောက်မှာပဲ၊ မြန်မာဘက်ကမ်းရောက်ရင် မူးယစ်ဆေးဝါး ယူမလား၊အနှိပ်ခန်းသွားမလား၊ ပြည့်တန်ဆာတွေနဲ့ အသုံးတော်ခံလိုသလား ဆိုတဲ့ လားပေါင်းစုံနဲ့ မေးခွန်းတွေ မေးမြန်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာဘက်က လူဝင်မှုကြီးကြပ်ရေး ရုံးခန်းနားရောက်တော့ အရက်နံ့တွေထွက်နေတဲ့အသက် ၂ဝ ကျော် လူငယ် တဦးက အတင်းလာခေါ်ပြီး၊ အနီးအနားမှာ မြင်နေရတဲ့လူဝင်မှုကြီးကြပ်ရေးရုံးကို ပို့ပေးရင်း ဘတ်ငွေ ၁ဝဝ ပေးရမယ်လို့ ပြောတယ်။ဒီလူငယ်ရဲ့ လုပ်ရပ်ကို ရဲတွေ၊ လဝက ဆိုတဲ့ ယူနီဖောင်းဝတ်ထားတဲ့ လူတွေကလည်း
မြင်တယ်။ မျက်နှာတွေ ရှစ်ခေါက်ချိုးနဲ့ မသိချင်ဟန်ဆောင်နေကြလို့ နောက်ဆုံး ဘတ်ငွေ ၄ဝ ပေးပြီး၊ အမြန်ပြန်လာတော့တယ်လို့ ဆိုတယ်။ ဒီလူငယ်ဟာ ဘတ်ငွေ ၄ဝ ကိုင်ပြီး နီးရာ အရက်ဆိုင်ထဲကို ဝင်သွားတာ တွေ့ရတယ်လို့ပြောပြဖူးတယ်။

ကိုယ့်နိုင်ငံကို လာလည်တဲ့ နိုင်ငံခြားသားတွေဟာ ဒီလိုအမေးခံရတော့သူတို့ သွားလည်မယ့် နိုင်ငံဟာ ဘယ်လို နိုင်ငံလဲ ဆိုတဲ့ မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့တယ်လို့ ပြန်ပြောပြတယ်။ ဒါတွေဟာ နယ်စပ်ဒေသ ဖွံ့ဖြိုးမှုတွေ လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

နောက်ထပ် တိုးတက်မှုကတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းလို့ ခေါ်ကြတဲ့ “အင်ဂျီအို” တွေ၊ “အိုင်အင်ဂျီအို” တွေပါပဲ။ မဲဆောက်မြို့မှာ ဆွစ်ဇာလန်နိုင်ငံသားတယောက်ဟာ အင်ဂျီအို ရုံးခန်းတွေလို့ ယူဆရတဲ့ ရုံးခန်းတွေကို မြင်တိုင်း သူ့အတွက် အလုပ်ရှိသလားလို့ လိုက်မေးနေတာကို တွေ့ခဲ့ရတယ်။

ဒါ့အပြင် တရားဝင်လူကုန်ကူးနေကြတဲ့ အခွန်အကောက်ပါ။ ဥပမာ - ကားရဲ့ရှေ့ခန်းက စီးရင် ဘတ် ၆ဝဝဝ၊ နောက်ခန်းက စီးရင် ဘတ် ၄ဝဝဝ၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်းမပြနိုင်ရင် ဘတ် ၂ဝဝဝ ကနေ ၆ဝဝဝ၊ တခါလာဖူးရင် ၁ဝဝဝ၊ တခါမှ မလာဘူးရင် ၂ဝဝဝ ကနေ ၃ဝဝဝ စသဖြင့် ဆက်ကြေးသဖွယ် ပေးကြရတယ်။ အရင်ကထက်ပိုပြီး ကုန်ကျနေတယ်လို့ ဆိုတယ်။

“ယခင်က ဂိတ်ကြေးတွေကို ဝါးလုံးတွေတားပြီး ဌာနဆိုင်ရာ အသီးသီးက ကောက်ခံနေကြတာ၊ အခုဆိုရင် ဝါးလုံးတွေ လမ်းတလျှောက်တားတာ ပိုလာတယ်လို့ ဆိုတယ်။ အခုဆို မော်လမြိုင်ကနေ မြဝတီအထိ ၁၅ လုံးလောက် ရှိတယ်။
ငြိမ်းချမ်းရေးယူထားသူတွေ၊ ဒီကေဘီအေ စသဖြင့် တဖွဲ့ တလုံးတားပြီး ကောက်ခံနေကြတယ်လို့ ဆိုတယ်။ ပြန်ရင် လည်းပေး၊ သွားရင်လည်း ပေးရမို့ မဲဆောက်ရောက်ရင် ၂ နှစ်ကနေ ၃ နှစ်လောက်ထိ မပြန်နိုင်ကြတော့ဘူးလို့
ဆိုတယ်။ ဒါပေမဲ့ လူကြီးဆိုသူတွေလာရင် ဒီဝါးလုံးတွေ မရှိကြတော့ဘူးလို့ ဆိုတယ်။

ဒီလိုနဲ့ အပြန်လမ်းကို အတွေးပေါင်းစုံနဲ့ ပြန်လာခဲ့တယ်။ အခန်းရောက်လို့ တီဗီကို ဖွင့်လိုက်ချိန်မှာ မြဝတီတီဗီ အစီအစဉ် ဖြစ်နေလို့ ခဏတာ ကြည့်ရှုမိပြန်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက တည်ဆောက်ခဲ့တဲ့ဘုရား တွေရဲ့အကြောင်း၊ ဘုရင်တွေ၊ စစ်သူကြီးတွေရဲ့အကြောင်း၊ ကိုးကန့်စစ်ပွဲအကြောင်းတွေ၊ စိန်တွေတဖျပ်ဖျပ်လက် နေတဲ့ ဗိုလ်ချုပ်ကတော်တွေရဲ့ စိန်လက်စွပ်ဝတ် လက်ချောင်းတွေနဲ့ အခမ်းအနားတွေ ဖွင့်လှစ်ပေး နေပုံတွေကို တွေ့ရတယ်။ ဒါနဲ့ ထိုင်း တီဗီအစီအစဉ်ကို ပြောင်းလိုက်ချိန်မှာတော့ စိန်ပုံစံ အပွင့်ဖော်ထားတဲ့ ထိုင်းရိုးရာအစားအစာ အသစ် တီထွင်မှုပြိုင်ပွဲတွေ၊ ကမ္ဘာ့အဆင့်မီ အရည်အသွေး ကောင်းမွန်တဲ့ ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်း အသစ်တွေ တီထွင်ထုတ်လုပ်မှု ပြိုင်ပွဲတွေ၊ ထိုင်းဘဏ်ကြီးတခုက ကမ္ဘာ့ဘဏ်တွေနဲ့အတူ ဘဏ်လုပ်ငန်းနည်းပညာတွေ ကောင်းမွန်ဖို့ ၁ဝ ဘီလီယံ သုံးစွဲနေတဲ့ အကြောင်းတွေကို ပြသနေတာ တွေ့ခဲ့ရတယ်။

မြန်မာနိုင်ငံက သမိုင်းကြောင်းတွေကို ရုပ်မြင်သံကြားသတင်းတွေမှာပြန်ပြောင်းပြော U Turn သဖွယ် နောက်ဆုတ် ပြန်သွားနေချိန်မှာတော့၊ ထိုင်းရုပ်မြင်သံကြားအစီအစဉ်မှာ ဘယ်လို တိုးတက်ဖို့ ရှေ့ဆက်လျှောက်လမ်းကြဖို့ အပြိုင် အဆိုင် ပြုလုပ်နေကြပါလားလို့ တွေးမိခဲ့တယ်။

ဒီတခေါက် ဒီမြို့လေးကို အလည်ပြန်ရောက်တော့ လွန်ခဲ့တဲ့ နှစ် ၂ဝ နဲ့မတူ အင်မတန်ကိုပဲ ကွဲလွဲနေတယ်လို့ စိတ်ထဲမှာ ထင်နေမိတယ်။ တကယ်လည်း ကွဲလွဲပြောင်းလဲနေတာ တွေ့ရတယ်။ ကျေးဇူးရှင်ဟောင်းတွေနဲ့လည်း
ပြန်မတွေ့ခဲ့ရတော့ပါဘူး။

ဒီနှစ် မဲဆောက်မြို့မှာ မိုးပါးတယ်လို့ ပြောကြတယ်။ မိုးမရွာတော့ ပိုလို့ပိုလို့ ပူလောင်ခြောက်ကပ်လာတယ်လို့ ခံစားမိတယ်။ ဒီထက်ပူနေတဲ့ အပူက ကျနော် အပြန်လမ်းမှာ အတွေးပေါင်းစုံနဲ့ စဉ်းစားလာခဲ့တဲ့ ရင်တွင်းခံစားချက် တွေပါပဲ။

No comments: