Thursday, September 17, 2009
''ငချစ်ညို'' တို့ အမေ
ကျနော်ကြည့်ခဲ့ဖူးသမျှ ရုပ်သံဇာတ်လမ်းတို့တွင် ပါဝင်ကြသော ဇာတ်ကောင်များအနက် ''ကြိုင်ဝင်းရီ'' ကို ကျနော့် စိတ်မှာ မှတ်မှတ်ထင် ထင် ရှိနေခဲ့သည်။
ကြိုင်ဝင်းရီကား မြန်မာ့အသံမှ ထုတ်လွှင်ခဲ့သည့် ''ပြည်သူ့တရားရှင် ဇာတ်လမ်းတွဲ'' တခုတွင် ပါဝင်သော ဇာတ်ကောင်ဖြစ်သည်။ ကြိုင်ဝင်းရီသည် ရက်စက်ယုတ်မာရာတွင် ပြိုင်စံရှားစာရင်းဝင်သည်။ မုဒိန်းကျင့်သည်။ လူသတ်သည်။ မတရားမှုမှန်သမျှ အကုန်လုပ်သည်။ ကောက်ကျစ်သော နည်းလမ်းမှန်သမျှ အကုန်သုံးသည်။ နောက်ဆုံး သူ့ကောင်းစားရေးအတွက် အဖေအရင်းကိုပင် စတေးခဲ့သည်။
ကြိုင်ဝင်းရီ လှည့်ကွက်၊ လိမ်လည်လှည့်ဖြားချက်တို့မှာ ပြည်သူ့တရားရှင် ''ပေါင်ချိန်''ပင် လက်မြှောက်အရှုံးပေးရသည်။ ဇာတ်လမ်းအဆုံး မိုးကြိုးပစ်မှ ကြိုင်ဝင်းရီ ဇာတ်သိမ်းသည်။
********
လူထုကြိုက်ပါတီက အပြတ်အသတ် အနိုင်ရခဲ့သော ရွေးကောက်ပွဲမှာ အာဏာလွှဲရန်မဟုတ်ဘဲ လွှတ်တော်ခေါ်ယူရန် ဖြစ်သည်ဟု မြန်မာအစိုးရမင်းများက ဆိုခဲ့ပြန်ပါသည်။ လွှတ်တော်ခေါ်ယူနိုင်ရန်အတွက် အမျိုးသားညီလာခံကို ကျင်းပခဲ့ရာ ဆယ်နှစ်ကျော် ကြာမြင့်ပါသည်။ အတိုက်အခံခေါင်းဆောင်ကို လက်စတုံး အပြီးအပြတ်ရှင်းရန် ဒီပဲယင်းတွင် ကြံစည်ရာ မအောင်သည့်အဆုံးတွင် နိုင်ငံတော် လုံခြုံရေးအတွက်ဆိုကာ ၁၄ မိုး နီးပါး နေအိမ်တွင် အကျယ်ချုပ်ထားရှိသည်။
အာဏာတည်မြဲရေးအတွက် စိုးရိမ်သည်ဟု ယူဆရသည့် ၈၈ မျိုးဆက်တို့ကို ထောင်ဒဏ် ၆၅ နှစ်အထိ ချသည်။ ဗိုလ်ချုပ်ဆေထင်၊ ဦးခွန်ထွန်းဦးအပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တို့လည်း အနှစ် ၁ဝဝ နီးပါး ထောင်ဒဏ်တွေ တသီကြီးနှင့် ထောင်တွင်းမှာပင် ရှိနေသည်။ မြန်မာ့အရေး လှုပ်ရှားသူမှန်သမျှအတွက် ထောင်တံခါးအားလုံးကို အသင့်ဖွင့်ထားသည်။ လူထုကား ဖွတ်ကျောပြာစု၊ ခရုဆံကျွတ်၊ ဖွတ်ဘိုးအေ ဘဝမှာပင် ကူကယ်သူဝေးနေဆဲ။
မြန်မာအစိုးရမင်းများ၏ ခြေလှမ်းနှင့် ပြုမူဆောင်ရွက်တို့ကို မြင်ရတိုင်း ကျနော် ''ကြိုင်ဝင်းရီ'' ကို သတိရမိသည်။
********
ဤရက်ပိုင်းမှာပင် ငချစ်ညိုတို့အမေ ဒေါ်ဇံကလားကို ဆရာ အိုးဝေညိုမြ၏ ကုန်းဘောင်ရှာပုံတော်မှာ အမှတ်မထင် တွေ့ရသည်။
********
ဦးချစ်ညိုကား မြင်းစီး၊ လှံထိုး၊ ကြိုးပစ် စသော သူရဲကောင်းအတတ်တို့၌ ကျွမ်းကျင်၏။ သူ့မိခင် ဒေါ်ဇံကလားက (ငါ့သား .. မင်းဖြစ်လိုလျှင် မုဆိုးဘိုသား အောင်ဇေယျကို ဦးစွာသုတ်သင်ရမည်။ အောင်ဇေယျကား ကိန်းခန်းကြီးလှသည်။ အောင်ဇေယျကို စောစောကပင် မသုတ်သင်နိုင်သော်၊ သင့်အဖို့ အခက်ကြုံချိမ့်မည်။ သူ့ကို မရလျှင် အင်းဝသို့ဝင်၍ ကျွန်ခံလေ) ဟုဆို၏။
ဒေါ်ဇံကလားကား ဗေဒင်အခါပေးကောင်း၍ တနေ့သ၌ (ယနေ့သည် အခါကောင်းသော နေ့ဖြစ်၍ မုဆိုးဘိုသားကို အဖမ်းအယူထွက်လော့) ဟု ဆို၏။
********
ထိုနေ့၌ပင် ဦးအောင်ဇေယျလည်း ဦးချစ်ညိုကို ဖြားယောင်းသွေးဆောင် သိမ်းသွင်းရန် မြင်းစီး၍ ခင်ဦီးမြို့ဆီသို့ ထွက်ခဲ့၏။ ဦးချစ်ညိုက စစ်မှုစစ်ရေးကျွမ်းကျင်၍ ဗိုလ်ခြေတသိန်းသော်လည်း တယောက်နှင့် ခံနိုင်သူဟု ယူဆသဖြင့် အသာတကြည် ဆွေးနွေးစည်းရုံးလိုလေသည်။
လမ်းတွင် သူတို့နှစ်ဦး ရင်ဆိုင်မိရာ ဦးချစ်ညိုက ကြိုးကွင်းပစ်ကာ ဦးအောင်ဇေယျ၏ လည်ပင်းကို ရစ်ပတ်လေသည်။ ထိုသို့ ရစ်ပတ်ဆွဲငင်ရာတွင် ဦးအောင်ဇေယျနှင့်တကွ မြင်းလည်း လဲလေသည်။ ဦးအောင်ဇေယျသည် လဲရာမှထ၍ ကြိုးကို ဓားနှင့်ဖြတ်နေခိုက် ဦးချစ်ညိုက လှံနှင့်ပစ်သည်။ ဦးအောင်ဇေယျက ဓားနှင့် ကာသဖြင့် လွဲလေသည်။
ဦးချစ်ညို၏ညီ ဦးချစ်မြက အကိုဘက်မှ ကူညီရန် လိုက်လာ၏။ သို့သော် ထန်းပင်ထက်မှ ထန်းသမားက (တဦးချင်း ရန်ဖြစ်နေသည်ကို ဘာလို့ ကူညီရမည်လဲ) ဆိုကာ ထန်းပင်မှ ဆင်း၍ ချစ်မြ၏ လည်ပင်းကို ညှစ်၏။ ဤတွင် ချစ်မြက (ကယ်ပါ) ဟု အော်သည်ကို သူ့အကို ဦးချစ်ညို ကြားသော် ဦးအောင်ဇေယျကို လွှတ်ခဲ့၍ ညီနှင့် ထန်းသမားတို့ လုံးထွေးသတ်ပုတ်ရာသို့ ပြေးလာ၏။ သို့မှ ထန်းသမားလည်း ချစ်မြကို လွှတ်ကာ ပြေးလေသည်။ ဦးအောင်ဇေယျသည် တဦးနှင့် နှစ်ဦးဖြစ်၍ မြင်းစီးကာ အပြင်းဆုတ်ခွာလေသည်။
ခင်ဦးသို့ ဦးချစ်ညိုတို့ ညီအကို ရောက်သော် မိခင်က မေးသည်။
မိခင်။ ။ အောင်ခဲ့၏လော။
ချစ်ညို။ ။ ကျနော် အောင်ဇေယျနှင့် အထွေးထွေးရှိသည်တွင် ငချစ်မြသည် ထန်းသမားနှင့် အချင်းဖြစ်၍ ကူညီရန် သွားရပါသည်။ ထိုအတောအတွင်း အောင်ဇေယျက မြင်းစီးပြီး ခွာလေသောကြောင့် မအောင်မြင်လေ။
မိခင်။ ။ (ထမီကို ခါ၍) ဟယ် .. သားမောင် မှားပြီ။ ရှင်ဘုရင်လုပ်မည့်သူမှာ ညီဟူ၍ အမှတ်ထားရာ သလော။ ညီဆိုသည်မှာ ဟောဒီမိခင် ဝမ်းဗိုက်ရှိသမျှ ရနိုင်သည်။ (မူရင်းသတ်ပုံအတိုင်း)
********
ပရမတ္တမ အမြင်အရမူ လောကသည် အချည်းနှီးတည်းဟု ဆိုပါသော်ငြား ပညတ်ထဲက ခွဲမထွက်နိုင်လေသေးသော ကျနော့်စိတ်သည် ကုန်းဘောင်ခေတ်ဦးမှသည် မျက်မှောက်ခေတ်ဆီသို့ ရောက်လာပြန်ပါသည်။
အစိုးရမင်းများသည် သက္ကရာဇ် ၂ဝ၁ဝ တွင် ပါတီစုံဒီမိုကရေစီစနစ်အတွက် ရွေးကောက်ပွဲများ ကျင်းပတော့မည်ဟု ဆိုပါသည်။ အပစ်ရပ်အဖွဲ့များအားလုံးကို နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရန် အားထုတ်နေလေရာ အများညီညီ၊ မညီညီ ''ဤ'' ကို ''ကျွဲ'' ဟု ဖတ်ခိုင်းရင်း ကိုယ့်ရှူးကိုယ်ပတ်လျက်ရှိပြီ။
ကနဦးမီးပွားမှာ လောက်ကိုင်နယ်မြေ ကိုးကန့်တပ်ဖွဲ့တွေက စသည်။ လက်နက်စက်ရုံ ထောင်ခြင်း၊ မူးယစ်ဆေးဝါး အကြီးအကျယ် ရောင်းဝယ်ဖောက်ကားခြင်းဟူသော စွဲချက်များဖြင့် တပ်ရင်း တပ်မ အင်အား အလုံးအရင်းနှင့် ဝင်တိုက်ရာ ဖုန်ကြားရှင် တောပုန်းဘဝ ပြန်ရောက်သွားသည်။
ဖုန်ကြားရှင်အဖြစ်ကို ကြည့်ကာ ကျန်အပစ်ရပ်များ မျက်ကလဲဆန်ပြာ ဖြစ်ကုန်သည်။ နောက်ထပ်ဖွင့်မည့် စစ်မျက်နှာသည် UWSA လော၊ ကချင်တို့ပေလော စောင့်မျှော်နေရလေပြီ။ လူထုအုံကြွမှုကိုသာ နှိမ်နင်းတတ်သော မြန်မာစစ်တပ် ရှေ့တန်းပြန် ရောက်တော့မည့်အချိန်။ နယ်စပ်ဒေသ တည်ငြိမ်မှု ပျက်ပြားနေသော အချိန်တည်း။
********
မြန်မာနိုင်ငံတွင် မတရားသော စစ်အစိုးရကို အံတုဖက်ပြိုင်အံ့ဟု ဖွဲ့စည်းခဲ့လေသော အဖွဲ့ချုပ်ကြီးတခုသည် ရှိ၏။ အဆိုပါ အဖွဲ့ကြီးသည် ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးကို အဖြေမပေးသေးချေ။ မပေးနိုင်သေးသည်လော၊ ဝေခွဲရခက်နေသည်လော မဆိုနိုင်။ လက်ရှိတိုက်ကွက် မှန်သမျှသည်လည်း မဲပြာပုဆိုးထဲက မထွက်နိုင်သေး။ အစိုးရမင်းများကို ကြိုင်ဝင်းရီက အဖေခေါ်ရလောက်အောင် နိုင်ရင် ပြီးစတမ်း၊ ခါးတောင်းကျိုက် မဖြုတ်တမ်း ရက်စက်မှုအပေါင်း သရဖူဆောင်းနေချိန်တွင်၊ ယင်းအဖွဲ့ကြီးကား နစ်လုဆဲဆဲ လှေပျက်ကြီးကို ဖက်တွယ်ထားနေဆဲ။ ခါးချိနားထိုင်း ဇရာပိုင်းလွန်နေသည့် ခေါင်းဆောင်များနှင့်ပင် နယ်ဘက်မှာသုံးနေဆဲ လော်ကယ် ရထားကြီးနှယ် အရွေ့နှုန်း နှေးနေသည်။ လူထု၏ ဒုက္ခအပေါင်းကို ကယ်တင်မည့် အဖွဲ့ကြီးကား မည်သည်ကို တွေးတောနေပါသနည်း။
********
အစိုးရမင်းတို့ ဘက်တွင်လည်း ကိုယ့်ကတိနှင့်ကိုယ် ကိုယ့်ကြိုးကွင်းကိုယ်စွပ်ကာ ရွေးကောက်ပွဲအရေး၊ အပစ်ရပ်အရေး၊ နိုင်ငံတကာဖိအား၊ မျိုးစုံရင်ဆိုင်နေရချိန်သည် စစ်ဦိးကို ဟူးဟူးလျင်လျင် ဖွင့်ရမည့်အချိန် မဟုတ်လေသလော။ စစ်မင်းများ အကျပ်ရိုက်နေမည့် ဤအချိန်သည် စစ်ဦိးကို ဟူးဟူးလျင်လျင် ဖွင့်ရမည့်အချိန်ပေတကား။ ငချစ်ညိုတို့အမေ ဒေါ်ဇံကလားသာရှိပါမူ ဤအချိန်ကို ထွက်တိုက်ကြရမည့် အချိန်ဟု အခ်ါတော် ပေးပေလိမ့်မည်။
အရှည်ကို တွေးတောကြံဆခြင်း၊ အစေ့အစပ် ဆင်ခြင်သုံးသပ်ခြင်းတို့သည် ကောင်းမွန်လှပါ၏။ သို့သော် ယင်းတို့သည် တွေဝေတွန့်ဆုတ်ြခင်းနှင့် အလွန်ပါးလွှာသော နံရံတချပ်သာ ကွာနေကြောင်း သတိချပ်သင့်သည်။
တွန့်ဆုတ်တွေဝေခြင်း၊ စိတ်ကူးယဉ်နေခြင်း၊ ထောက်ထားညှာတာနေခြင်းတို့ဖြင့် အချိန်ကုန် မည်ဆိုပါမူ လူထုကို ကယ်တင်နိုင်မည့် အခြေအနေသည် ရွေ့လျောသွားပေလိမ့်မည်။ ယခု လတ်တလော အခြေအနေ၌ ငချစ်ညိုတို့ အမေကို မြန်မာ့အရေးအတွက် သဘောထားမှတ်ချက် တစုံတခုပေးရန် ပြောဖြစ်ခဲ့သည် ဆိုငြားအံ့။ အဖွဲ့ချုပ်ကြီး မရှိသည့်တိုင် သူရဲကောင်းဟူသည် လူထုရှိသမျှ မွေးဖွားလာနိုင်ကြောင်း ဒေါ်ဇံကလားက ထမီကို ပုတ်၍ပြောမည်ဟု ကျနော် ထင်ပါသည်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment