Sunday, September 6, 2009

နိုင်ငံရေးအကူအညီနှင့်ဖွံ့ဖြိုးရေးအကူအညီ

NEJ

လူ့အဖွဲ့ အစည်းနှင့် အသင့်တော် ဆုံးနိုင်ငံရေး စနစ်သည် ဒီမို ကရေစီဖြစ် သည်ဟု အနောက်တိုင်း နိုင်ငံများက ယုံကြည်သဖြင့် ဒီမိုကရေ စီစနစ် ပြုစုပျိုး ထောင်နိုင်အောင် ကူညီ လေ့ရှိသည်။ သို့သော်လည်း ဤသို့သော ကူညီ အားပေးမှုကို အာဏာ ပါဝါပြ၍ ကြီးစိုးသော အစိုးရ များက ဟန့်တား ကြပါတယ်။ အချို့ကမူ အာဏာ ရှင်စနစ်ကို ရေရှည် မသုံးနိုင်ကြောင်း သိသဖြင့် ဒီမိုကရေစီကို ဟန်ပြအဖြစ် သာအသုံး ပြုပြီး အနှစ်သာရကို လျစ်လျူရှု တတ်ပါတယ်။ ထို့ကြောင့် ဒီမိုကရေစီ ကျင့်သုံးရန် ကြိုးစား သော်လည်း မရှင်သန် မကြီးထွား နိုင်ဘဲ ဖြစ်နေ သည်ကို တွေ့ရ၏။

ဤသို့ အခက်အခဲများရှိသော်လည်း ဒီမိုကရေစီစနစ်ကို ပြုစုပျိုးထောင်နိုင်အောင် အနောက်တိုင်းက နည်းမျိုးစုံဖြင့် ကူညီအားပေးတုန်းပင်ဖြစ်သည်။ အစိုးရက ကူညီသကဲ့သို့ ပုဂ္ဂလိကအဖွဲ့အစည်းများကလည်း ကူညီပါသည်။ သို့သော်လည်း ပုံစံတခုကို နေရာတိုင်း၌ကျင့်သုံး၍ မဖြစ်နိုင်သည်ကို သဘောပေါက်သည့်အတွက် နေရာဒေသကိုလိုက်၍ ဒီမိုကရေစီပြုစုပျိုး ထောင်ရေးအကူအညီပေးပုံ ကွဲပြားသွားပါသည်။ သို့ပေမယ့် ယေဘုယျအားဖြင့် နိုင်ငံရေးအကူအညီနှင့် ဖွံ့ဖြိုးရေး အကူအညီဟူ၍ နှစ်မျိုးနှစ်စားကိုသာ တွေ့နိုင်ကြောင်း လွန်ခဲ့သော ဇန်န၀ါရီလထုတ် ဒီမိုကရေစီဂျာနယ်၌ တောမတ်စ်ခရုသာစ် (Thomas Carothers) က ရေးသားထားပါသည်။ ဒီပုဂ္ဂိုလ်သည် ဒီမိုကရေစီမြှင့်တင်ရေးဆိုင်ရာ စာအုပ်စာတမ်းအများအပြား ရေးသားထားသူဖြစ်ပါသည်။

ဒီမိုကရေစီပြုစုပျိုးထောင်ရန် နိုင်ငံရေးအကူအညီပေးမှုနှင့် ဖွံ့ဖြိုးရေးအကူအညီပေးမှုသည် ကွဲပြားခြားနားသော်လည်း သူ့နေရာနှင့်သူ အသုံးဝင်နေသည့်အတွက် ဆန့်ကျင်ဘက်နည်းလမ်းများမဟုတ်ဟု ဆိုပါသည်။ ဒီမိုကရေစီဘက်တော်သားများ အောင်ပွဲခံနိုင်အောင် ကူညီသည်ကို နိုင်ငံရေးအကူအညီဟု ခေါ်ပါသည်။ နိုင်ငံရေးပါတီ၊ အသင်းအဖွဲ့နှင့်လူပုဂ္ဂိုလ်တွေကို အကြံဉာဏ်ပေး၊ သင်တန်းပေးပြီး ငွေကြေးထောက်ပံ့မှုသည် နိုင်ငံရေးအကူအညီဖြစ်သည်။ လွတ်လပ်သော သတင်းမီဒီယာ အားကောင်းရန်အတွက်လည်း အကူအညီပေးတတ်ပါသည်။ အာဏာရှင်ကြီးစိုးသော နိုင်ငံများ၌မူ ဤသို့တိုက်ရိုက် ကူညီရန် မဖြစ်နိုင်သည့်အတွက် နိုင်ငံခြားရောက်အသင်းအဖွဲ့နှင့် ရေဒီယိုအသံလွှင့်ဌာနများကို ထောက်ပံ့ပါ၏။ ဥပမာ မြန်မာနှင့်ကျူးဘား ကိစ္စ၌ ပြည်ပရောက်အဖွဲ့အစည်းကိုသာ ကူညီနေရပါသည်။

ရွေးကောက်ပွဲကျင်းပရန် အခွင့်အလမ်းပွင့်လာပါက အတိုက်အခံပါတီများကို သင်တန်းပေးမှု၊ ပြည်သူကို ပညာပေးမှု စသည်ဖြင့် ကူညီတတ်ပါသည်။ နိုင်ငံရေးသတင်းဖော်ပြသည့် ပုဂ္ဂလိကစာနယ်ဇင်းကိုလည်း ကူညီတတ်ပါသည်။ တိုင်းသူပြည်သားများ နိုင်ငံရေးတွင် တက်တက်ကြွကြွ ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်သည့် အရပ်သားအဖွဲ့အစည်းများကိုလည်း ကူညီထောက်ပံ့လေ့ရှိ၏။ ရွေးကောက်ပွဲ၌ တရားမျှတရန်၊ သတင်းမီဒီယာလွတ်လပ်ရန်နှင့် ဒီမိုကရေစီအုပ်စု စွမ်းရည်ရှိရန် ကူညီသည်ကို နိုင်ငံရေးအကူအညီလို့ ခေါ်ပါသည်။ ဤနည်းကြောင့် အောင်မြင်သွားသော သာဓကများရှိပါသည်။

ဒီမိုကရေစီပြုစုပျိုးထောင်ရာတွင် လိုအပ်သော အခြေခံဖြစ်သည့် တာဝန်သိမှု၊ သိသာမြင်သာမှု၊ တရားမျှတမှု၊ တရားဥပဒေစိုးမိုးမှု၊ သာယာဝပြောမှု စသည်များ ခိုင်မာအောင် အဓိကထားမှုကို ဖွံ့ဖြိုးရေးအကူအညီဟု ခေါ်နိုင်ပါသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုသည်မှာ နိုင်ငံရေးလုပ်နည်းလုပ်ထုံး ပြောင်းလဲရုံသာမဟုတ်ဘဲ ပြည်သူ့ဘ၀ သာယာဝပြောရေး၊ တရားမျှတရေး စသည့် လူမှုစီးပွားရေးတိုးတက်မှုများလည်း ပါဝင်သည်ဟု ဖွံ့ဖြိုးရေးအကူအညီပေးသူများက ယူဆပါသည်။ ဒီမိုကရေစီအခြေခံရှိမှသာ လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးနိုင်ပြီး လူမှုစီးပွားရေးတိုးတက်မှုကြောင့် ဒီမိုကရေစီစနစ် ရှင်သန်ကြီးထွားလာနိုင်သည်ဟု ဖွံ့ဖြိုးရေးအကူအညီကို ဦးစားပေးသူများက ယုံကြည်ကြပါသည်။

ဒီမိုကရေစီကိုမကျင့်သုံးမီ တိုင်းပြည်ကို ထိရောက်စွာအုပ်ချုပ်နိုင်ရန်နှင့် တရားဥပဒေစိုးမိုးရန် လိုအပ်သည်ဟုလည်း ဆိုပါသည်။ ထို့ကြောင့် လက်ရှိအစိုးရနှင့် လက်တွဲလုပ်ကိုင်ရန် အရေးကြီးသည့်အတွက် နိုင်ငံရေးအရ ထိပ်တိုက်တွေ့မည့်ကိစ္စကို ရှောင်ရှားသင့်သည်ဟု ဖွံ့ဖြိုးရေးအကူအညီပေးသူများက ယူဆသည်။ နိုင်ငံလုံးဆိုင်ရာအဆင့်မဟုတ်ဘဲ မြို့နယ်အဆင့်ရှိ အရပ်သားအဖွဲ့အစည်းများကို ကူညီပါက ပြဿနာမဖြစ်နိုင်ဟု မြင်ကြသည်။ လူမှုဖူလုံရေးသဘောဖြင့် ကူညီသည်ကို နိုင်ငံရေး စွက်ဖက်မှုဟု ပြောရန် ခက်သွားသည်ဟု ဆိုပါသည်။ ဖွံ့ဖြိုးရေးအကူအညီ၏ အားသာချက်မှာ တဖြည်းဖြည်း တရွေ့ရွေ့ပြောင်းလဲမှုဖြစ်သည်။ ချုပ်ချယ်ကန့်သတ်မှုများသောနိုင်ငံ၌ ဤနည်းကို ကျင့်သုံးရန် သင့်တော်သည်ဟု ဆိုပါသည်။ ဥပမာ- တရားဥပဒေရိုသေလေးစားအောင် ချက်ချင်းမလုပ်နိုင်ပါ။ အချိန်ယူ၍ ကျင့်သားရအောင် လုပ်ရမည့် ရေရှည်စီမံကိန်းဖြစ်ပါသည်။

ဖွံ့ဖြိုးရေးအကူအညီ၏ အားနည်းချက်သည် တဖြည်းဖြည်းနည်းနည်းချင်း ပြောင်းလဲလာအောင် လုပ်ယူသောနည်း ဖြစ်သည့်အတွက် လက်ရှိအစိုးရ၏ ဟန်ပြပြုပြင်ရေးအစီအစဉ်ကို ကူညီသကဲ့သို့ ဖြစ်သွားနိုင်ပါသည်။ ထိုအခါတွင် မျှော်လင့်သကဲ့သို့ ဒီမိုကရေစီဓလေ့ မရှင်သန်နိုင်တော့ပါ။ ဥပမာ ဗိယက်နမ်ကဲ့သို့ အာဏာရှင်ကြီးစိုးသောနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီ ပေးသော်လည်း နိုင်ငံရေး အကျိုးသက်ရောက်မှုမရှိဘဲ ဖြစ်နေပါ၏။ အီဂျစ်၌လည်း အစိုးရ၏ ဟန်ပြလုပ်ငန်းနှင့် ဖွံ့ဖြိုးရေးအကူအညီ ရောထွေးယှက်တင်ဖြစ်နေ၍ အစိုးရ၀ါဒဖြန့်လုပ်ငန်းကို အားပေးသလိုဖြစ်နေပါသည်။

ထို့ကြောင့် နေရာဒေသနှင့်အချိန်ကာလကိုလိုက်၍ ဒီမိုကရေစီအင်အားစုကို နိုင်ငံရေးအကူအညီပေးသည့်အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်တာမျိုးရှိသလို ဖွံ့ဖြိုးရေးအကူအညီကြောင့် ဒီမိုကရေစီ အခြေခံတည်ဆောက်နိုင်တာမျိုးလည်း ရှိပါသည်။ အမေရိကန်၏ ဒီမိုကရေစီအကူအညီကို နိုင်ငံရေးအကူအညီအဖြစ် မြင်ကြပါသည်။ သမ္မတဘုရှ်လက်ထက် အီရတ်၌ စစ်ရေးအရစွက်ဖက်ပြီး အာဏာရှင်အစိုးရ ဖြုတ်ချသည်ကို အပြင်းထန်ဆုံး နိုင်ငံရေးစွက်ဖက်မှုဟု မြင်ကြသည်။ တဖြည်းဖြည်း တရွေ့ရွေ့လုပ်နေသော ဖွံ့ဖြိုးရေးအကူအညီကို အမေရိကန်နိုင်ငံခြားရေးလမ်းစဉ် ချမှတ်သူများက စိတ်မ၀င်စားကြပါ။ အမေရိကန်စိတ်ဝင်စားသော ဖွံ့ဖြိုးရေးအကူအညီဆိုသည်မှာ နိုင်ငံရေးဦးတည်ချက်ကို ကျားကန်ခြင်းပင်ဖြစ်ပေသည်။

အနောက်ဥရောပနိုင်ငံများသည် နိုင်ငံရေးအကူအညီရော၊ ဖွံ့ဖြိုးရေးအကူအညီပါ ပေးနေသော်လည်း ဖွံ့ဖြိုးရေးအကူအညီကို အဓိကဦးစားပေးကြ၏။ တရားဥပဒေစိုးမိုးမှုအားနည်း၍ လူမှုစီးပွားရေးယိုယွင်းပျက်စီးနေချိန်၌ ဖက်ဆစ်ဝါဒီများက ရွေးကောက်ပွဲစနစ်ကို ခုတုံးလုပ်၍ အာဏာရခဲ့သည့် သမိုင်းသင်ခန်းစာကြောင့် ဒီမိုကရေစီအခြေခံအုတ်မြစ် ခိုင်မာတောင့်တင်း အောင် ဖွံ့ဖြိုးရေးအကူအညီပေးခြင်းသည် ဒီမိုကရေစီအုပ်စုကို အကူအညီပေးမှုထက် ပို၍အရေးကြီးသည်ဟု ယူဆလာခြင်းဖြစ်သည်။ ထို့ကြောင့် အနောက်ဥရောပနိုင်ငံများတွင် အစိုးရသာမကဘဲ ပုဂ္ဂလိက အဖွဲ့အစည်းများကလည်း ဖွံ့ဖြိုးရေးအကူအညီပေးရန်သာ စိတ်ထက်သန်ကြပါသည်။ ဒီမိုကရေစီဆိုသည်မှာ အနိုင်အရှုံးသဘောမျိုးမဟုတ်ဘဲ လူ့အဖွဲ့အစည်းတခုလုံး ပါဝင်နေသော ပြောင်းလဲမှုဖြစ်စဉ်ဟု ဥရောပက ယူဆပါသည်။

နိုင်ငံခြားငွေအားလူအားဖြင့် ကူညီခဲ့သော်လည်း ဒီမိုကရေစီစနစ်ရှင်သန်အောင် မလုပ်နိုင်သေးသည့် နိုင်ငံထဲတွင် ကမ္ဘောဒီးယားသည် ထင်ရှား၏။ ရေခံမြေခံမကောင်းပါက ဒီမိုကရေစီရှင်သန်ရန် ခက်ခဲသည်ကို ကမ္ဘောဒီးယားက သက်သေပြသကဲ့သို့ ဖြစ်နေသည်။ ကုလသမဂ္ဂကြီးကြပ်၍ ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်အောင် ကြိုးပမ်းသည့်အတွက် အနှစ် (၂၀) ကျော်အတွင်း ပထမဆုံးသော အထွေထွေရွေးကောက်ပွဲကို ၁၉၉၃ မှာ ကျင်းပနိုင်ခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာက ၀ိုင်းဝန်းကူညီသည့်အတွက် အတိုက်အခံပါတီနှင့် သဘောထားကွဲလွဲမှုကို အနည်းအကျဉ်းခွင့်ပြုနိုင်သော နိုင်ငံရေးစနစ် ပေါ်ထွက်လာသည့်အတွက် ဒီမိုကရေစီထွန်းကားလိမ့်မည်ဟု မျှော်လင့်ခဲ့ကြ၏။

ငြိမ်းချမ်းရေး၊ တရားမျှတသော ရွေးကောက်ပွဲကျင်းပရေး၊ လူ့အခွင့်အရေးကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေး စသည်တို့ကို အကောင်အထည်ဖော်ရန် ကုလသမဂ္ဂငြိမ်းချမ်းရေးအမှုထမ်း (၁၅,၀၀၀) ကျော် ကမ္ဘောဒီးယားသို့ စေလွှတ်ခဲ့၏။ ယင်းသို့ ကူညီခဲ့သည်မှာ (၁၅) နှစ်ကျော်လာသော်လည်း ကမ္ဘောဒီးယားဒီမိုကရေစီသည် စိတ်မချရသေးပါ။ အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးစားလုပ်မှု များလွန်းသည့်အတွက် တရားဥပဒေလည်း မကြီးစိုးနိုင်သေးပါ။ အကြမ်းဖက်ခြိမ်းခြောက်၍ လိုချင်တာရအောင် လုပ်သည့်နည်းကို နေရာတိုင်းတွင် သုံးနေဆဲဖြစ်ပါသည်။

သို့သော်လည်း ကမ္ဘောဒီးယားကိုကြည့်၍ စိတ်ပျက်စရာမလိုပါ။ နိုင်ငံခြားအကူအညီကိုချည်း အားကိုး၍ ဒီမိုကရေစီမရနိုင် ကြောင်း ကမ္ဘောဒီးယားက သက်သေပြနေခြင်းသာ ဖြစ်ပေသည်။ နိုင်ငံခြားအကူအညီယူ၍ ပြည်တွင်းနိုင်ငံရေး တိုးတက်အောင် လုပ်ယူသည့် သာဓကများ အနောက်တိုင်းဒီမိုကရေစီသမိုင်းတွင် အများအပြားရှိသည်ကို မမေ့အပ်ပါ။

No comments: