Friday, April 30, 2010

အန်အယ်လ်ဒီက စစ်အစိုးရကို တရားစွဲ

NEJ/ ၃၀ ဧပြီ ၂ဝ၁ဝ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) အထွေထွေ အတွင်း ရေးမှူး ဒေါ်အောင်ဆန်း စုကြည်နှင့် အန်အယ်လ်ဒီ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်များက စစ် အစိုးရအား တရားစွဲဆို လျှောက်ထားမှုများကို တရားရုံးချုပ်က အကြောင်း ပြန်ကြားမည်ဟု ပြောဆို လိုက်သည်။

ယနေ့ နေ့လယ် (၁) နာရီတွင် တရားရုံးချုပ်သို့သွားရောက်ခဲ့သည့် ရှေ့နေဦးဉာဏ်ဝင်းက “တရားရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူးကနေပြီးတော့ သူတို့ဒီကိစ္စကို ဆက်လက်ဆောင်ရွက်နေတယ်၊ အခြေအနေကို ကျနော်တို့ဆီကို အကြောင်းကြားပေးပါ့မယ်လို့ ပြောပြီး ဖုန်းနံပါတ်နဲ့လိပ်စာလေးတွေ ရေးပေးခဲ့ပါဆိုလို့ ကျနော်တို့ ပေးခဲ့ပါတယ်” ဟု ပြောသည်။

မှတ်ပုံတင်ပြီးသား ပါတီတခုအနေဖြင့် ဆက်လက်ရပ်တည်ခွင့်နှင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တရားဥပဒေအရ ဆက်လက်ရပ်တည်ခွင့်တို့အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော် ကိုယ်စားလှယ်များက တရားရုံးချုပ်သို့ ယမန်နေ့က လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏အမည်ဖြင့် ပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၂၅) ကိုဖျက်သိမ်းရန် လျှောက်ထားခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က စွဲတာတမှု သူ့နာမည်နဲ့စွဲတာ။ အဲဒါစွဲတာက သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ (၄၅) နဲ့ (၅၄) အရ စွဲတာ။ အဲဒါက ဘာကို စွဲတာလည်းဆိုတော့ ပါတီမှတ်ပုံတင်ခြင်းဥပဒေ (၂၅) မှာ ရက်ပေါင်း (၆၀) ကျော်လို့ ပါတီထပ်မံ မှတ်ပုံမတင်ရင် အလိုအလျှောက် ပျက်စီးတယ်လို့ မှတ်ယူရမယ်လို့ ဖော်ပြထားတယ်။ အဲတော့ ကျနော်တို့က ဒီမှာပြောတာက အန်အယ်လ်ဒီဟာ နဂိုကတည်းက ၈၈ ဥပဒေအရ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီဖြစ်တယ်။ ဒီလိုတရားဝင် မှတ်ပုံတင်ထားတဲ့ ပါတီကို ဒီလိုဆောင်ရွက်ခွင့်မရှိဘူး။ တရားဥပဒေနည်းလမ်းမကျဘူး။ ဒါကြောင့် ဒီပြဋ္ဌာန်းချက်ဟာ အန်အယ်လ်ဒီပါတီပေါ်မှာ အကျိုးသက်ရောက်မှုမရှိကြောင်း တားမြစ်မိန့်ထုတ်ပေးပါဆိုပြီးတော့ လျှောက်တာတခုပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

နောက်တမှုမှာ အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးအောင်ရွှေခေါင်းဆောင်ပြီး ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂၆) ဦးက လျှောက်ထားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“နောက်တမှုက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂၆) ယောက်က သူတို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် တရားဥပဒေအရ ရပ်တည်ပိုင်ခွင့်ရှိတယ်။ အဲတော့ အခုထုတ်တဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၇၁) မှာကျတော့ (၉၀) ခုနှစ်ရလဒ်တွေကို ပျက်ပြယ်ပြီလို့ ထည့်ပြီးတော့ ရေးထားတယ်။ အဲဒါပျက်ပြယ်ခြင်း မရှိကြောင်း၊ အမတ်တွေရဲ့ရပ်တည်ခွင့်ကို ပျက်ပြယ်ခြင်းမရှိကြောင်း ကြေညာပေးဖို့နဲ့ နောက်ဆက်တွဲအကျိုးဆက် သက်သာခွင့်အဖြစ် ပြည်သူ့လွှတ်တော်ခေါ်ပေးပါလို့ လျှောက်တာပါ။ အဲဒါကတော့ တရားမကြီးအမှုပေါ့။ ပုဒ်မ (၄၂) နဲ့” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် မတ် (၂၃) ရက်၌ အန်အယ်လ်ဒီက စစ်အစိုးရ ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေများတွင် တရားမျှတမှု မရှိခြင်းကြောင့် ပါတီ၏ထိခိုက်နစ်နာမှုများအတွက် စစ်အစိုးရကို အရေးယူပေးပါရန် ဗဟိုတရားရုံးချုပ်သို့ လျှောက်ထားခဲ့သော်လည်း တရားရုံးချုပ်က လက်မခံဘဲ ပယ်ချခဲ့သည်။

ထိုသို့ပယ်ချခဲ့ခြင်းမှာ တရားဥပဒေနှင့် မညီသည့်အတွက် အန်အယ်လ်ဒီက တရားသူကြီးချုပ်ထံ တရားဥပဒေကြောင်းအရ ဆောင်ရွက်ရန် ဧပြီ (၈) ရက်နေ့က အကြောင်းကြားခဲ့ခြင်းကိုလည်း တရားသူကြီးချုပ်က ပယ်ချခဲ့သည်။

ယင်းသို့ ပယ်ချခဲ့ပြီးနောက် ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်က တရားလိုပြုကာ အန်အယ်လ်ဒီပါတီ ဆက်လက် ရပ်တည်ခွင့်အတွက် တရားရုံးချုပ်တွင် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

No comments: