Tuesday, April 27, 2010

နေပြည်တော် ၀န်ထမ်းများ မိသားစုစရိတ် မဖြေရှင်းနိုင်

အောင်ထက်/၂၇ ဧပြီ ၂ဝ၁ဝ

နေပြည်တော် တာဝန်ကျ ဌာနဆိုင်ရာ ၀န်ထမ်းအားလုံးနီးပါးခန့်သည် ရရှိလစာငွေနှင့် မိသားစုစရိတ် လောက်ငမှုမရှိသည့် ၀မ်းရေးပြဿနာနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

အထူးသဖြင့် ၀န်ထမ်းများအား ပြင်ပစီးပွားရေးလုပ်ကိုင်ခွင့် ကန့်သတ်တားမြစ်ထားခြင်းကြောင့် ၀န်ထမ်းအများစု၏ မိသားစု စားဝတ်နေရေး ပိုမိုခက်ခဲရသည်ဟု နေပြည်တော်မှ ၀န်ထမ်းများက ပြောဆိုသည်။

နေအိမ်၊ ရေ၊ မီး အပြည့်အစုံ နအဖမှ စီစဉ်ဆောင်ရွက်ပေးထားသော်လည်း လုပ်ငန်းခွင်၌ ပျော်မွေ့ခြင်းမရှိဟု နေပြည်တော်တာဝန်ကျ ၀န်ထမ်းတို့က ဆိုကြသည်။

“မတတ်သာလို့သာ နေပြည်တော်မှာ လာနေရတာ။ မိဝေး၊ ဖဝေး ဘယ်သူမှ မနေချင်ကြဘူး။ ၀န်ထမ်း (၁၀၀) မှာ (၉၉) ယောက်က ရန်ကုန်ရုံးတွေမှာပဲ နေချင်ကြတယ်။ ဒီမှာ တယောက်မှ မပျော်ကြဘူး” ဟု ရုံးအမှတ် (၃၀) စက်မှု (၂) ၀န်ထမ်းတဦးက ပြောသည်။


ဌာနလုပ်ထုံးလုပ်နည်းများအရ စီမံကိန်းများ၊ စီးပွားရေးလုပ်ကွက်များကို ရန်ကုန်ရုံးချုပ်သို့တင်ပြရပြီး ညွှန်ချုပ်၊ ၀န်ကြီးအဆင့် ထောက်ခံချက်များကို နေပြည်တော်ရုံးအဖွဲ့များမှ ရယူကြရသည်။

ထို့အတွက် ရန်ကုန်ရုံးချုပ်အဖွဲ့သည် အပိုဝင်ငွေ ထိုက်သင့်သလောက်ရရှိကြပြီး နေပြည်တော်ရုံးအဖွဲ့သည် ၀န်ထမ်းလစာငွေ သက်သက်ဖြင့်သာ လတ်တလော ရပ်တည်နေကြရသည်ဟု သိရသည်။

ထို့ကြောင့် လစာနည်း ၀န်ထမ်းအချို့သည် အပ်ချုပ်ဆိုင်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ မုန့်ပဲသရေစာများ ရောင်းချခြင်း စသည့် မိသားစု တပိုင်တနိုင် အလုပ်များကို မိမိတို့တိုက်ခန်းများအတွင်း သိုသိပ်လျှို့ဝှက်စွာ ခင်းကျင်းရောင်းချကာ ၀မ်းရေးအတွက် အပိုဝင်ငွေ ရှာကြရသည်။

အချို့ဝန်ထမ်းတို့က ဆိုင်ကယ်ဝယ်ယူကာ တနေ့ (၂,၅၀၀) ကျပ်ဖြင့် အငှားပေးထားခြင်း၊ ရုံးချိန်လွတ် ပြင်ပ၌ ဆိုင်ကယ်ကယ်ရီ အငှားလိုက်ခြင်းဖြင့် ၀မ်းရေးဖြေရှင်းနေရသည်ဟု ဘောဂသိဒ္ဓိရပ်ကွက်နေ ၀န်ထမ်းတို့က ပြောသည်။

ဗလသိဒ္ဓိရပ်ကွက်နေ ၀န်ထမ်းတဦးကမူ “မီးဖိုချောင်စရိတ် ခုမိအောင် အိမ်ခန်းထဲမှာ လက်ဖက်ရည်ဆိုင်လေး ဖွင့်ပါတယ်။ ၀န်ထမ်းအချင်းချင်း ထဲကပဲ ဌာနလူကြီးကို တိုင်လို့ ပိတ်ပေးလိုက်ရတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်းက သာသနာရေးဝန်ကြီးမှ အလှစိုက် ပန်းပျိုးပင်များ စိုက်ပျိုးကာ ၎င်း၏ ရုံးတွင်း သာရေးနာရေးရန်ပုံငွေ ရရှိရန် ကြိုးစားခဲ့ဖူးသည်။

သို့သော် နေပြည်တော် နယ်စပ်စည်ပင်မှ တားမြစ်ခဲ့ခြင်းကြောင့် ၀န်ကြီးဌာန အ၀င်လမ်း၊ ပျိုးပင်စိုက်ပျိုးထားရှိရန် အဆောက်အအုံ ဆောက်လုပ်စရိတ် သိန်း (၂၀) ကျော် ဆုံးရှုံးခံရသည်ဟု ယင်းဌာန ၀န်ထမ်းများက ပြောသည်။

“၂၀၀၆ ခုနှစ် ရောက်စကဆို ရေမီးအပြည့်အစုံ၊ အိမ်ခန်းအသင့်ပေါ့။ အခု ရန်ကုန်နှုန်းထားအတိုင်း လျှပ်စစ်မီတာခ ကောက်ခံတာ (၆) လကျော်သွားပြီ။ မကြာခင် ရေဖိုး၊ အိမ်ခန်းလခတွေ ကောက်လာနိုင်တယ်။ နောက်ပြီး နေပြည်တော် သောက်ရေက မသန့်တော့ ရေသန့်ဘူး ၀ယ်သုံးကြရတယ်။ စားသောက်ကုန်တွေက ရန်ကုန်ထက် ဈေးမြင့်တယ်။ ဈေးသွား၊ ကျောင်းသွား လိုင်းကား၊ ဆိုင်ကယ်ကယ်ရီ စီးရတယ်။ အဲလို အသုံးစရိတ် ထွက်ငွေတွေများနေတော့ လစာနဲ့ ဘယ်လောက်တော့မှာလဲ” ဟု ဧက (၅၀၀) သာသနာရေးဝန်ထမ်းတဦးက ပြောသည်။

ရုံးအမှတ် (၃၅) ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ထမ်းတဦးကလည်း “၀န်ထမ်းအများစု ကျပ်တည်းကြတယ်။ ကျမဆို လစာနည်း ၀န်ထမ်းလည်းဖြစ်၊ အပိုဝင်ငွေလည်း မရှိ၊ အိမ်ထောင်သည်လည်း ဖြစ်ပြန်ဆိုတော့ ခုလို ရုံးက ပြန်တာနဲ့ မုန့်တီအသုပ် ရောင်းနေရတယ်။ ဌာနလူကြီးက နားလည်မှုနဲ့ ခွင့်ပြုထားပေမယ့် သူတို့ပိတ်ခိုင်းရင် ပိတ်ပေးရမယ်” ဟု ပြောသည်။

ရုံးအမှတ် (၂၈) သစ်တောဝန်ထမ်း၏ ဇနီးဖြစ်သူက “ကျမက မူကြိုစာပြနေတာ အဆင်ပြေတယ်။ ၀န်ထမ်းတွေက သားသမီးငယ်တွေကို ရုံးခေါ်သွားလို့မသင့်ဘူး။ ဒီတော့ ကျမတို့မူကြိုကို ကလေးတွေ အပ်ခဲ့ရတယ်။ အမျိုးသားရဲ့ ဌာနလူကြီးက ခုထိတော့ မတားမြစ်သေးဘူး” ဟု ရှင်းပြသည်။

လက်ရှိတွင် နေပြည်တော် တာဝန်ကျ ငယ်ရွယ်သူဝန်ထမ်းများသည် ၀န်ထမ်းရရှိ လစာငွေနှင့် မိသားစုသုံးစွဲငွေ မညီမျှမှုကြောင့် နုတ်ထွက်ရန် ၀န်မလေးကြသော်လည်း လုပ်သက်ရင့် သက်ကြီးဝန်ထမ်းများအနေဖြင့် ဆက်လက် တာဝန်ထမ်းဆောင်ရန် သင့် မသင့် ဆုံးဖြတ်ရ ခက်ခဲနေသည်ဟု သိရသည်။

No comments: