Friday, April 30, 2010

လိုင်ဇာ ကုန်ကားအ၀င်နည်း ၊ အခြားနေရာများ ပုံမှန်ရှိ

စိုင်းမျိုးကြီး

တရုတ်နယ်စပ်အနီးရှိ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ဧပြီလ ၂ဂ ရက်နေ့မှစ၍ ကုန်ကား အ၀င်အထွက် နည်းပါးနေပြီး လွယ်ဂျယ် - ဗန်မော်နှင့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးလမ်းကြောင်းမှာ ပုံမှန် ရှိကြောင်း သိရသည်။


နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး နောက်ဆုံးသတ်မှတ်ရက် ဖြစ်သည့် ဧပြီလ ၂ဂ ရက်နေ့ နောက်ပိုင်း ဒေသခံ ကုန်သယ်များ ၏ စိုးရိမ်မှုကြောင့် ကုန်ကားအ၀င်နည်းခြင်း ဖြစ်ကြောင်း လိုင်ဇာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။


မြစ်ကြီးနား ဗန်းမော်မြို့များနှင့် ကားလမ်းဆက်သွယ်ထားသော လိုင်ဇာမြို့တွင် ကုန်ကားများအ၀င်နည်းသွားသည့်တိုင် ခရီးသည်တင် ဗင်ကားများ အ၀င် အထွက်ရှိဆက်နေကြောင်း သူက ပြောသည်။

“ ကုန်ကားအ၀င်ကတော့ တော်တော်နည်းသွားတယ် လူစီးဗင်ကားတွေတော့ဝင်တယ် လမ်းကြောင်းမှာ ဂိတ်တိုင်းလိုလို မှာ စစ်ဆေးမှုတွေ များလာတာပေါ့ မနေ့ကစပြီး အ၀င်နည်းသွားတာ” လို့ သူကပြောသည်။
ယခုရက်ပိုင်းအတွင်း လိုင်ဇာမြို့၏ အခြေအနေမှာ ကုန်ကားအ၀င်နည်းခြင်းကြောင့် ခြောက်ကပ်နေသော်လည်း ပုံမှန်တည်ငြိမ်လျှက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် ဗန်းမော် - လွယ်ဂျယ် တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းမှာ ယခုရက်အတွင်း ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်ကြောင်း လွယ်ဂျယ်ဒေသခံကုန်သယ်တစ်ဦးက ပြောသည်။

“အရင်တုန်းက တရုတ်ကုန်တွေပိတ်ထားတယ် ကားတွေညပိုင်းမောင်းခွင့်မရှိဘူး အခုဖွင့်ပေးလိုက်ပြီ ကားတွေလည်း ပုံမှန်အသွားအလာမပျက်ရှိပါတယ် အခုက နေ့ရောညရော ကားတွေသွားလာနိုင်တယ် အရင်ထက်ပိုကောင်းလာတယ် ” လို့ သူက ဆိုသည်။

တရုတ်နယ်စပ် လွယ်ဂျယ်အနီး မိုင်ဂျာယန်ရွာတွင် ကေအိုင်အိုတပ်မဟာ ၃ တပ်စခန်းရှိသော်လည်း ကုန်သွယ်ရေး လမ်းကြောင်းနှင့် ဆက်စပ်မှုမရှိနိုင်ကြောင်း သူက ဆက်ပြောသည်။

“ ကေအိုင်အေစခန်းတော့ လွယ်ဂျယ်နားမှာရှိတယ် ဒါပေမဲ့ နအဖဘက်က ဒီစခန်းထက်စာရင် လိုင်ဇာတို့ လိုင်စင်တို့ကို ပိုပြီး အာရုံစိုက်မှာပေါ့လေ ဒီဘက်က သူတို့လူ (နအဖ) ကပိုများတော့ သိပ်အဓိကမထားလောက်ဘူး ဘာမှထူးထူးခြားခြား မရှိဘူး ပုံမှန်ပါပဲ ” လို့ ဆိုသည်။

အလားတူ တရုတ် - မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးစခန်း ဖြစ်သည့် သျှမ်းပြည် (မြောက်ပိုင်း) မူဆယ် (၁၀၅) မိုင် လမ်းကြောင်းတွင် သင်္ကြန်ကာလအပြီး ကုန်စည်စီးဆင်းမှု အရှိန်တက်နေကြောင်း မူဆယ်မြို့ ဒေသခံကုန်သယ်တစ်ဦး က ဆိုသည်။

“လောလောဆယ်က သင်္ကြန်ကာလအပြီးဆိုတော့ တကယ်ဟော့တာပေါ့ ကောင်းလာတာပေါ့ အသွားအလာက ကျောင်းဖွင့်ခါနီးဆိုတော့ တရုတ်ဘက်က ကျောင်းသားသုံးပစ္စည်းတွေများတာပေါ့ ပိတ်တာဘာညာလည်း မရှိပါဘူး ” လို့သူက ဆိုသည်။


No comments: