Sunday, April 25, 2010

ငြမ်းပြိုသည်ကို ပေါက်ကွဲမှုဖြစ်သည်ထင်၍ ထိတ်လန့်နေကြ

ရိုးမ ၃

ဆောက်လုပ်ဆဲ လေးထပ်တိုက်ပြိုကျသည်ကို ဗုံးပေါက်ကွဲသည်ထင်ပြီး ပြည်သူလူထု အထိတ်တလန့် ဖြစ်နေသည်။


ယနေ့နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့၊ လသာမြို့နယ် (၂၃) လမ်း အထက်ဘလောက် အိမ်အမှတ် (၁၁၆/၁၂၀)တွင် ဆောက်လုပ်ဆဲ လေးထပ်တိုက် ငြမ်းပြိုကျခဲ့ခြင်းဖြစ်သည်။


“ဆောက်လက်စ အာရ်စီ (RC) တိုင်ငြမ်းက တဆင့်ပြိုကျတော့ ဝုန်းကနဲ့မြည်သွားတာကို လမ်းသူလမ်းသားတွေ နောက်ဈေးရောင်းနေတဲ့သူတွေက ဗုံးပေါက်တယ်ထင်ပြီး ထွက်ပြေးကုန်ကြတာ” ဟု မျက်မြင်တဦးက ပြောသည်။

အဆိုပါ ငြမ်းပြိုကျမှုကြောင့် လင်ခရုဆာ ကားတစီး ပျက်စီးသွားပြီး အလုပ်သမားတဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့်လ (၁၅) ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်တွင် သုံးထပ်တိုက်တလုံး ပြိုကျခဲ့ပြီး ၁၀ တန်းဖြေဆိုမည့် ကျောင်းသူတဦး သေဆုံးခဲ့သည်။

ရန်ကုန်မြို့တွင် သင်္ကြန်အတွင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း မြို့ခံလူထုအနေဖြင့် ထိတ်လန့်စိုးရွံ့မှုများ ဖြစ်နေလျှက်ရှိသည်။

No comments: