Friday, April 23, 2010

အနီရောင် ဘန်ကောက်

ဘကောင်း

ဘုရင်မင်းမြတ်၏ ဆန္ဒတော်ဟု အနက်ရသည့် ရာချပါဆွန်း လမ်းဆုံတွင် အနီရောင်ဝတ် ဆန္ဒပြ လူပင်လယ်ကြီး ရှိနေသည်။ ထိုနေရာသို့ ရောက်သည်နှင့် အစိုးရ ဆန့်ကျင်သည့် ဆန္ဒပြ လူအုပ်ကြီးကို မြင်လိုက်ရသည် ဟု ခံစားရမည် မဟုတ်ဘဲ ခက်ခဲ ကြမ်းတမ်းသည့် စစ်ပွဲကြီး တပွဲကို ကျားကုတ်ကျားခဲ တိုက်ခိုက်နေသည့် အနီရောင် စစ်ကြောင်း ရှည်ကြီးကို တွေ့လိုက်ရသကဲသို့ ခံစားရမည် ဖြစ်၏။

၎င်းတို့က ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝကို ဆန္ဒပြနေကြခြင်း ဖြစ်သည်။ “အဖိဆစ် ဝေ့ချာချီဝ၊ လွှတ်တော် ချက်ချင်း ဖျက်သိမ်းပေး” ဟူသော ကြွေးကြော်သံကို အသက် ငါးဆယ် ခန့် အသားညိုညို၊ မျက်နှာကြော တင်းတင်း၊ အနီရောင် ရှပ်အင်္ကျီဝတ် လူတဦးက စင်မြင့်ပေါ်မှ ဟစ်ကြွေး လိုက်သည်နှင့် သောင်းနှင့်ချီသည့် အနီရောင် တောက်တောက် ရှပ်အင်္ကျီဝတ် ထိုင်းလူမျိုး တို့သည် “ဟေး” ဟု သံပြိုင် အော်လိုက်ကြသည်။ ထိုမျှမက အသည်းပုံ၊ ခြေဖ၀ါးပုံ ပြုလုပ်ထားသော အနီရောင် ကော်ပြားများကို တချပ်ချပ် တီးခတ်ကြ၏။ ၎င်းတို့က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ထောက်ခံသူများ ဖြစ်သည်။

လောက တခွင်လုံး နီနေ၏။ အနီရောင် အလံများ၊ အနီရောင် လည်စည်းများ၊ အနီရောင် ခေါင်းစည်းများ။ ဆန္ဒပြသူ အများစုမှာ အသက် လေးဆယ်နှင့် ငါးဆယ် အရွယ် ဖြစ်ကြသော်လည်း သက်ကြီး ရွယ်အိုများ၊ ကလေးငယ်များကိုလည်း တွေ့ရသည်။ အတော်များများမှာ ခက်ခဲစွာ အသက် မွေးရသူတို့၏ အသွင် ရှိကြပြီး၊ အချို့မှာ မိသားစုလိုက် လာ၍ ဆန္ဒပြသည့်ပုံ ပေါ်သည်။

အများစုက ကျေးလက်ဒေသမှလာကြပြီး ၎င်းတို့ နေ့စဉ် စားသောက်ရန် ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထောက်ပံ့နေသည်ဟု သူ့ကို ဆန့်ကျင်သူများက ပြောဆိုကြသော်လည်း အနီ ဆန္ဒပြသမားတို့၏ မျက်နှာပေါ်၌ နိုင်ငံရေး အပြောင်း အလဲကို လိုလားသည့် အသွင် သဏ္ဌာန်များ ထင်ရှားနေကြ၏။

လမ်းမပေါ်တွင် ပလတ်စတစ်စ ခင်း၍ မှေးနေသော အနီရောင် ရှပ်အင်္ကျီနှင့် အရောင် ပြယ်နေသည့် ထဘီကို ၀တ်ဆင်ထားသော အဘွားအို တဦးသည် အနီ ခေါင်းဆောင်၏ ကြွေးကြော်သံကို ထောက်ခံသော အနေဖြင့် လဲနေရာ မှမထဘဲ လက်သီး လက်မောင်း တန်းလိုက်သည်။ အနီးရှိ နောက်ပွင့် ကားတစီး ထဲတွင်လည်း အနီရောင် အဝတ်စ ဝတ်ပေး ထားသော ခွေးတကောင် အိပ်နေ၏။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အချက်အချာ ကျသည့် ရာချပါဆွန်း လမ်းဆုံသည် ခမ်းနားလှသည့် ဟိုတယ်ကြီးများနှင့် ဈေးဆိုင်ခန်းများ တည်ရှိသကဲ့သို့ ထိုင်းနိုင်ငံ၏ အထင်ကရ စီးပွားရေး အဆောက်အဦးများ၊ ရုံးများ ရှိသည့် နေရာလည်း ဖြစ်သည်။ ထိုင်းနိုင်ငံ၏ နှစ်ပေါင်း၂၀ အတွင်း သွေးထွက် သံယိုမှု အများဆုံး ဟု ဆိုသော ဧပြီလ ၁၀ရက် အရေးအခင်း အပြီး သင်္ကြန် ကာလအတွင်း အနီရောင် အင်္ကျီဝတ် ဆန္ဒပြသူများသည် ရာချပါဆွန်းသို့ အုံလိုက် ကျင်းလိုက် ရွှေ့ပြောင်းလာခဲ့ကြ၏။

ဧပြီလ ၁၀ ရက်နေ့တွင် အနီတို့ စခန်းချရာ ဖန်ဖရား တံတား၌ ဆန္ဒပြသူများနှင့် အစိုးရစစ်သားများ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပြီး စစ်တပ်မှ ဗိုလ်မှူးကြီး တဦး အပါအဝင် လူ ၂၅ ဦး သေဆုံးကာ ၈၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာရသူ ၂၀၀ ခန့်မှာ အစိုးရ စစ်သားများ ဖြစ်ကြောင်း သိရသည်။ လွန့်ခဲ့သည့် မတ်လလယ်က အနီ ဆန္ဒပြသမားတို့ ဘန်ကောက်တွင် သွေးများ အိုင်နေအောင် ပက်ဖျန်းပြီး ဆန္ဒ ဖော်ထုတ်ခဲ့ကြခြင်းသည် ယခုကဲ့သို့ သွေးထွက် သံယိုမှုများ ဖြစ်လာမည့် အရေးကို ရှေးပြေး နိမိတ် ဖြစ်ခဲ့လေသလောဟု တွေးတောစရာ ရှိ၏။

အနီရောင် ဆန္ဒပြ ခေါင်းဆောင်များနှင့် ပတ်သက်နေသည့် စစ်သွေးကြွများက လူစုခွဲရန် ကြိုးပမ်းခဲ့သော လုံခြုံရေး တပ်ဖွဲ့များအား M 27 ဗုံးပစ် လောင်ချာများ၊ မောင်းပြန် စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု အစိုးရက ဆိုသည်။ ထိုနေ့က သတင်းယူရင်း သေဆုံးသွားသူ ရိုက်တာ သတင်းဌာနမှ ဂျပန်လူမျိုး ဓာတ်ပုံဆရာ နောက်ဆုံး ရိုက်ခဲ့သည့် ဗီဒီယို မှတ်တမ်း အရ ဒိုင်းများ၊ တုတ်များ ကိုင်ဆောင် ထားသော စစ်သည် တစု၏ အလယ်သို့ ဗုံး တလုံး ကျရောက်ပြီး စစ်သားများ အတုံး အရုံး လဲကျသည်ကို တွေ့ရ၏။

သို့ရာတွင် အနီခေါင်းဆောင်တို့ကလည်း လုံခြုံရေးတပ်ဖွဲ့များ ကိုယ်တိုင် ကျည်ဆန် အစစ်များ သုံး၍ နှိမ်နှင်းခဲ့သည်ဟု ပြန်လည် စွပ်စွဲခဲ့၏။ အစိုးရဘက်က မည်ကဲ့သို့ ပစ်ခတ်ခဲ့ပုံကို တီဗီများ ချပြီး ဟိုနေရာတစု ဒီနေရာတစု ဆန္ဒပြသူများ ဝိုင်းအုံ ကြည့်နေကြသည်မှာ ယမန်နှစ်က အော်စကာဆု ရခဲ့သော အိန္ဒိယနိုင်ငံ၌ ရိုက်ကူးသည့် Slumdog Millionaire ရုပ်ရှင်ကားထဲမှ ဇာတ်ဝင်ခန်း တချို့နှင့် အင်မတန် ဆင်တူလှသည်။

တနင်္ဂနွေနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာကြီးက အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ နှစ်ဘက်စလုံးအား ယုံကြည်၍ မရနိုင်ကြောင်း ရေးသားခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့ ဖြစ်ရပ်သည် လူလိမ်လူညာတို့၏ စစ်ပွဲလော ဟု မေးခွန်းထုတ်ခဲ့သည်။

ထိုင်းနိုင်ငံ ဘုရင်ကြီးနှင့် မိဖုရားတို့ကမူ စစ်သားရော အရပ်သားများပါမကျန် ဒဏ်ရာရသူ အားလုံး၏ ဆေးကုသမှု စရိတ်ကို ကျခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ မိဖုရားကြီးက ဒဏ်ရာရ တပ်ကြပ်တဦးအား ဆေးရုံ၌ သွားရောက် ကြည့်ရှုနေပုံကိုလည်း ထိုင်းသတင်းစာများတွင် ဖော်ပြကြသည်။

ပြည်သူတို့ ချစ်ခင် လေးစားသည့် ဘုရင်ကြီး ကမူ ယခုလအရေးအခင်းနှင့် ပတ်သက်၍ ၀င်ရောက် ပြောဆိုခြင်း မရှိပေ။ သက်ဆင်၏ မဟာမိတ် တဦး ဖြစ်ပြီး အဓိက အတိုက်အခံ ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ချာဗာလစ် ယောင်ချာယုက ထိုင်းဘုရင်ကို ဤအရေးအခင်းတွင် ဝင်ရောက် ကူညီ ဖြေရှင်းပေးရန် တိုက်တွန်းရေး အတွက် တွေ့ဆုံခွင့် တောင်းထားသည်။

အောက်စဖို့ဒ် တက္ကသိုလ်ဆင်း ပညာတတ် ၀န်ကြီးချုပ် ဝေ့ချာချီဝ၏ အမည်သည် ပါဠိဘာသာဖြင့် ဆေးကုသမှု အတတ်ကို နားလည်သူဟု အနက် အဓိပ္ပာယ် ထွက်သည်။ သို့သော် သူသည် ယခုချိန်ထိ ထိုင်းနိုင်ငံရေး အကျပ်အတည်း၏ ဆေးကုထုံးကို ရှာမတွေ့သေးဘဲ ဘက်ပေါင်းစုံမှ ဖိအားပေးမှုများကိုသာ ရင်ဆိုင်နေရသည်။

မကြာသေးမီ ရက်ပိုင်းက သူသည် လွှတ်တော်ကို ၆ လ အတွင်း ဖျက်သိမ်းမည်၊ အနီခေါင်းဆောင်တို့နှင့် တတိယအကြိမ် စေ့စပ် ဆွေးနွေးရန် အသင့် ရှိသည် ဆိုသော်လည်း အနီ ခေါင်းဆောင် တို့က လူသတ်သမားနှင့် စကား မပြော လိုဟု ဆို၍ ထို ကမ်းလှမ်းချက် ပယ်ချပြီး လွှတ်တော် မဖျက်သိမ်းမချင်း ဆန္ဒပြသွားမည် ဖြစ်ကြောင်း ကြွေးကြော်ထားသည်။

ဧပြီလ ၁၀ ရက်နေ့ ကိစ္စဖြစ်ပြီး မကြာမီတွင် ရွေးကောက်ပွဲ ကော်မရှင်က လက်ရှိ ၀န်ကြီးချုပ်၏ ဒီမိုကရက်တစ် ပါတီသည် ရွေးကောက်ပွဲ ကာလ အတွင်း ငွေကြေး အလွဲ သုံးစားမှုများ ပြုလုပ်ခဲ့ကြောင်း ပြောဆိုလာသည်။ တပြိုင်နက် ဆိုသလိုပင် စစ်တပ် အကြီးအကဲ အနုပေါင် ပအိုဝ်ဇိန်တက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်း ဖြင့်သာ ရှင်း၍ ရနိုင်မည် ဖြစ်ကြောင်း၊ လွှတ်တော် ဖျက်သိမ်းပေးမှ သာလျှင် နိုင်ငံရေး အကျပ်အတည်း ပြေလည်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရှပ်နီဝတ် ဆန္ဒပြသူများအား အင်အားသုံး မနှိမ်နှင်းလိုသည့် သဘောမျိုး သက်ရောက်သည့် စကားများ ပြောကြားခဲ့ပြန်သည်။

သို့ရာတွင် ယခု သတင်းပတ် စနေ၊ တနင်္ဂနွေ၌ အနုပေါင်ကို နိုင်ငံတော် အရေးပေါ် ကော်မရှင် အကြီးအကဲ အဖြစ် ခန့်အပ်ခဲ့ခြင်းသည် ထိုင်းဝန်ကြီးချုပ်က သူ့အား ဆန္ဒပြသူများကို ထိထိ ရောက်ရောက် နှိပ်ကွပ်မှုများ ပြုလုပ်ရန် ဖိအားပေးသည့် လုပ်ရပ် အဖြစ် လေ့လာ ဆန်းစစ်သူများက ဆိုသည်။

အစိုးရက အနီဆန္ဒပြမူအား တပတ်အတွင်း မဖြေရှင်းပေးနိုင်ပါက တန်ပြန် ဆန္ဒပြမှုများ ပြုလုပ်သွားမည်ဟု လက်ရှိ အစိုးရကို ထောက်ခံသူ အဝါရောင် ရှပ်အင်္ကျီဝတ် ခေါင်းဆောင်တို့ကလည်း တနင်္ဂနွေနေ့တွင် ပြောလိုက်သည်။

အနီတို့နှင့် လုံခြုံရေး တပ်များ တကျော့ပြန် သွေးထွက်သံယို ထိပ်တိုက်ရင်ဆိုင်မှုများ မကြာခင် ဖြစ်လာမည်ဟု သုံးသပ်နေချိန်တွင် အနီ ခေါင်းဆောင် တဦး ဖြစ်သူက စစ်တပ်ထဲ၌ ၎င်းတို့ကို ထောက်ခံသူ အများ အပြား ရှိကြောင်း မိမိတို့အား နှိပ်ကွပ်လာပါက "စစ်သား စစ်သားချင်း ထိပ်တိုက်တွေ့မည်၊ တင့်ကား တင့်ကားချင်း ပစ်ကြလိမ့်မည်" ဟု ကြုံးဝါးထားသည်ကို The Nation သတင်းစာက ကိုးကား ဖော်ပြထားသည်။

ရာချပါဆွန်း တဝိုက် အနီတို့ ဆန္ဒပြမှုကြောင့် တနေ့လျှင် ဘတ်ငွေသန်း ၃၀၀ ခန့် ဆုံးရုံးနေကြောင်း ထိုင်း စက်မှုလုပ်ငန်း အသင်းက ယခု တပတ်တွင် ပြောကြားလိုက်၏။ သို့ရာတွင် အနီတို့သည် ဆန္ဒပြမူကို ဆက်၍ ဆက်၍သာ အရှိန် မြှင့်သွားမည့် အနေအထား ရှိသည်။

ဘန်ကောက် ရာချပါဆွန်းသည်လည်း အစိုးရ ဆန့်ကျင်သည့် ဟစ်အော်မှုများနှင့် ဆက်လက် ပဲ့တင်နေ၏၊ အနီတို့သည် ဆန္ဒလည်း ပြ၊ ဝင်ငွေလည်း မပြတ် ရှာနေကြ၏။ တချို့က သင်္ဘောသီးသုတ် ရောင်းကြ၏၊ တချို့က အနီရောင် ရှပ်များ၊ လည်စည်းနီများ၊ လက်တင်အမေရိကမှ ကမ္ဘာကျော် တော်လှန်ရေးသမား ချေဂွေဗားရားပုံနှင့် ဦးထုပ်များ၊ တရုတ်တပ်နီတော် ဦးထုပ်များ၊ ဧပြီ ၁၀ ရက် အရေးအခင်း VCD ခွေများ ရောင်းချနေသည်။

ထိုင်းနိုင်ငံ ပြည်တွင်းစစ် ဖြစ်တော့မည်၊ ဘန်ကောက်မြို့သည် စစ်မြေပြင် ဖြစ်နေပြီ စသည်ဖြင့် ပြောဆိုမှုများ ထွက်ပေါ် နေသော်လည်း အနီတို့ သိမ်းပိုက်ထားသော နေရာများမှအပ ကျန်သောနေရာတွင် လူများ ပုံမှန်အတိုင်း လှုပ်ရှားနေကြသည်။ ဘတ်စ်ကားများ၊ ရထားများလည်း ပုံမှန်အတိုင်း ပြေးဆွဲနေကြသည်။ ဧပြီ ၁၀ ရက် မုန်တိုင်းကြီး ပြီးသွား၍ နောက်ထပ် မုန်တိုင်း တခု မကြာခင် ဝင်တော့မည်လားဟူသော စိုးရိမ်မှုကား တနေ့တခြား တိုးပွားလျက်သာ ရှိလေ၏။

No comments: