Thursday, April 29, 2010

ဗုံးပေါက်ကွဲမှု ထပ်ဖြစ်နိုင်ဟု စစ်အစိုးရ သတိပေး

နရီလင်းလက် Thursday, April 29, 2010

ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပေါ် လာနိုင်သည်ဟု ယူဆ၍ အာဏာပိုင်များမှ သတိပေး ကြေညာချက်များ ထုတ်ပြန်ခြင်း၊ လုံခြုံရေး တိုးမြှင့်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

“ဒီနေ့ပဲ မြို့နယ် အေးချမ်း သာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနဲ့ မြို့နယ် ရဲတပ်ဖွဲ့ တွေကို ဗုံးဖောက်ခွဲမှာတွေ ရှိလို့ လူစည်ကားတဲ့ ပလာဇာ တွေနဲ့ ရှော့ပင်း စင်တာတွေမှာ လုံခြုံရေး တင်းတင်း ကျပ်ကျပ်နဲ့ စစ်ဆေးဖို့ တိုင်းအေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ညွှန်ကြား ထားတယ်”ဟု မရမ်းကုန်း မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တဦးက ပြောသည်။

ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ လီမိတက် လက်အောက်ရှိ ပါရမီ တက္ကစီ ယာဉ်ဂိတ်များတွင် ဗုံးပေါက်ကွဲမှု ရှိနိုင်သောကြောင့် လုံခြုံရေး ဂရုစိုက်ရန် သတိပေး ထားသည့် အပြင် ပါရမီ ယာဉ်ရပ်နား ၀င်းအတွင်း သတိပေးချက် ကပ်ထားကြောင်း ရန်ကုန် အခြေစိုက် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

၂၀၁၀ အတွင်း တပြည်လုံး ဗုံးပေါက်ကွဲမှု ၈ ကြိမ်ဖြစ်ပွားခဲ့ရာ ၁၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ ဦးရေ ၂၀၀ ကျော် ရှိကြောင်း သိရသည်။

“ခရီးသည်အဆင်းအတက်တွေမှာ တက္ကစီထဲမှာ ဗုံးနဲ့ပက်သက်ပြီး သံသယဖြစ်စရာ ပစ္စည်းတစုံတခု ကျန်၊ မကျန်ကို အမြဲစစ် ဆေးခိုင်းထားတယ်" ဟု ပါရမီ တက္ကစီ ယာဉ်မောင်းတဦးက ဧရာဝတီသို့ပြောသည်။

“ပြည်သူ့ပြောက်ကျား တပ်ဦး ” အဖွဲ့မှ ဖောက်ခွဲရေးသမားများသည် ပါရမီတက္ကစီယာဉ်များအား ငှားစီး၍ ဗုံးဖောက်ခွဲရန် စီစဉ် နေကြောင်း သတင်း ရရှိထားသဖြင့် လုံခြုံရေးအထူးဂရုပြု၍ ယာဉ်အားရှာဖွေစစ်ဆေးကြရန်နှင့် ခရီးသည်ဆင်းတိုင်း ယာဉ် အတွင်း-အပြင်စစ်ဆေးရန်၊ ခရီးသည် မှတ်တမ်းထားရှိရန်တာဝန်ရှိသူများက ညွှန်ကြားထားကြောင်းလည်း Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

“အခုလို ဗုံးသတင်းနဲ့ပတ်သက်ပြီးတော့ တက္ကစီ လုပ်ငန်းကို မထိခိုက်ပါဘူး။ ခရီးသည်တွေက တော့ လိုအပ်ရင် ကျနော်တို့ ဖုန်းတွေကိုခေါ်တုန်းပါပဲ။ စီးတဲ့ ခရီးသည်အရေအတွက် လျော့မသွားပါဘူး။ ဒါပေမယ့် ခရီးသည် အတက် အဆင်းကိုတော့ စောင့်ကြည့်ဖို့ လိုတာပေါ့”ဟု ပါရမီ တက္ကစီ ယာဉ်မောင်း တဦးကပြောသည်။

တချိန်တည်းတွင် မေခ နှင့် မေလိခ မြစ်ဝှမ်း မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဒေသ နေရာ ၄ ခုတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဧပြီ ၁၇ ရက်နေ့မှ စတင်၍ ဖမ်းဆီးစစ်ဆေးမေးမြန်းမှုများရှိနေခဲ့သည်။

“စစ်ဆေးမေးမြန်းမှုတွေ အရမ်းများတော့ ခုဆို ရွာသား အယောက် ၁၀၀ ကျော်လောက် ရှိသွားပြီ။ တချို့ရွာသားတွေ ဆို ရိုက်နှက်စစ်ဆေးခံနေရတာရှိတယ်”ဟု ကချင်ဖွံ့ဖြိုးရေး ကွန်ယက် (KDNG) မှ ဥက္ကဌ ဦးအောင်ဝါ ကပြောသည်။

မြစ်ဆုံရေကာတာ တည်ဆောက်မည့်နေရာအား လုံခြုံရေးတာဝန်ယူထားသည့် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ ၊ ရဲအထူး သတင်း တပ်ဖွဲ့၊ ရပ်ကွက်တာဝန်ရှိသူများမှ စစ်ဆေးဖမ်းဆီးမှုများအဓိက ပြုလုပ်နေပြီး တချို့ ရွာသားများမှာ ယခုချိန်အထိ မလွတ်သေးဘဲ အေးရှားဝေါလ်ကုမ္ပဏီရုံးခန်းများ အတွင်းဖမ်းဆီးထားကြောင်း ၎င်းကဆိုသည်။

ယင်းသို့ ရိုက်နှက်စစ်ဆေးနေခြင်းကြောင့် ဒေသခံများ ကြောက်ရွံ့စိုးရိမ်နေကြကြောင်း သူကပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၅ ရက်(သင်္ကြန် အကြတ်နေ့)က ရန်ကုန်မြို့တွင် ဗုံးဖောက်ခွဲခဲ့သည့် တရားခံ ဖမ်းမိရန် သတင်းပေးနိုင်ပါက ဆုငွေ ကျပ်(၁၀)သိန်း ချီးမြှင့်မည် ဖြစ်ကြောင်း ဧပြီ ၁၈ ရက်နေ့၌ စစ်အစိုးရက ထုတ်ပြန်ထားသည်။ [၂၀၁၀ အတွင်း ဗုံးပေါက်ကွဲမှုများ]

No comments: