Wednesday, April 28, 2010

ကရင်ငြိမ်းချမ်းရေးကောင်စီ စခန်းအနီး နအဖတပ်များ စစ်ရေးပြ

ရဲရင့်/ ၂၈ ဧပြီ ၂ဝ၁ဝ

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် လက်မခံသည့် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ အခြေစိုက်ရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာရှိ ဌာနချုပ်ကို နအဖတပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် ၀င်ရောက်ချေမှုန်းရန် စစ်ရေးပြမှုများ လုပ်ဆောင်နေသဖြင့် တပ်ဖွဲ့ဝင်များ စခန်းမှ စတင်ဆုတ်ခွာနေသည်ဟု တပ်မှူးတဦးက ပြောသည်။

အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖ၏ နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ယနေ့တွင် နအဖတပ်များက ယခုကဲ့သို့ စစ်ရေးပြခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ အဆိုပါတပ်မှူးက ပြောသည်။

အဖွဲ့၏ဥက္ကဋ္ဌ စောဌေးမောင်အပါအ၀င် တပ်ဖွဲ့ဝင်အများစုမှာ ယမန်နေ့မှ စတင်ကာ ၎င်းတို့၏ ယခင်တပ်စခန်းဟောင်းရှိရာ ထိုင်းနယ်စပ်သို့ ပြန်လည်ဆုတ်ခွာသွားပြီဟု သိရသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်ကိစ္စကို လက်မခံနိုင်ကြောင်း ယခုလ (၂၂) ရက်တွင် နအဖ စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ စာပေးပို့ခဲ့သည်။

အဆိုပါစာထဲတွင် အသွင်ပြောင်းမည့်ကိစ္စ လက်မခံနိုင်သည့် အကြောင်းများကို အသေးစိတ်ရေးသားထားပြီး ကရင်အမျိုးသားထုအတွင်း စစ်မှန်သည့်ငြိမ်းချမ်းရေး တည်ဆောက်၍မရဘဲ အချင်းချင်းတိုက်ခိုက် သတ်ဖြတ်နေမှုများသည် နအဖစစ်အုပ်စု၏ သပ်လျှိုဖြိုခွဲမှုများကြောင့်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် နယ်ခြားစောင့်တပ်ဖြစ်စေ၊ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဖြစ်စေ၊ မည်သည့်အသွင်ပြောင်းလဲမှုကိုမှ လက်ခံမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

နအဖဘက်မှမူ သတ်မှတ်ရက်အတွင်း အသွင်ပြောင်းရမည်ဖြစ်ပြီး လက်နက်များကို အပ်နှံရမည်ဖြစ်ကြောင်း၊ အမိန့်မလိုက်နာသည့် အဖွဲ့များသည် မတရားအသင်းအဖြစ် သတ်မှတ်ခံရမည်ဖြစ်ကြောင်း၊ ကျေနပ်မှုမရှိပါက ယခင်လာ လမ်းအတိုင်း ပြန်သွားနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

နအဖဘက်မှ ဒေသတွင်း တပ်အင်အားများ ပိုမိုတိုးမြှင့်ကာ တပ်လှန့်ထားသဖြင့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် အချိန်မရွေး တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သည်ဟု ကေအန်အယ်လ်အေမှ တပ်မှူးတဦးက ပြောသည်။

မြ၀တီမြို့ခံတဦးက “ဒီနေ့ မြ၀တီမှာ အောက်ကစစ်တပ်တွေ တက်လာတာ အတော်များတယ်။ မြ၀တီ ခလရ (၂၇၅) နားက အမြောက်တပ်မှာလည်း (၁၂၀) အမြောက်နဲ့ အခြားလက်နက်ကြီးတွေ ဆင်ထားတယ်။ အမြောက်တပ်ကလူတွေ ပြောတာကတော့ တပ်လှန့်ထားတယ်တဲ့” ဟု ပြောသည်။

ဒီကေဘီအေမှ တပ်မှူးတဦးက “ဒီကေဘီအေဗဟိုက နယ်ခြားစောင့်တပ်လုပ်ဖို့ သဘောတူလိုက်ပေမယ့် တပ်မဟာ (၅) က ဗိုလ်လားပွယ်တို့ရဲ့ တပ်ရင်း (၉၀၆) နဲ့ (၉၀၇) ဆိုရင် လုံးဝလက်မခံဘူး။ ဒီကေဘီအေ (၅၅၅) တပ်မဟာကလည်း သူတို့ လုံးဝ လက်မခံဘူးလို့ ပြောတယ်။ ဒီတပ်တွေရှိတဲ့ နေရာတွေမှာ အခြေအနေက မကောင်းတော့ဘူး။ မြ၀တီမြို့ရဲ့ တောင်ဘက် မိုင် (၂၀) လောက်မှာရှိတဲ့ တပ်မဟာ (၅) အနားမှာ မြန်မာစစ်တပ်တွေချထားပြီး ဒီကေဘီအေကော သူတို့ကော တောင်ကုန်းတွေမှာ လက်နက်ကြီးတွေ ဆင်ထားကြပြီ။ ကြည့်ရတာ မကြာခင်မှာ သေနတ်ပေါက်ဖို့ရှိတယ်” ဟု ပြောသည်။

အဆိုပါဒေသအတွင်း စစ်ရေးတင်းမာမှုများကြောင့် ထိုင်းဘက်သို့ ရွာသားအချို့ ယနေ့စတင် တိမ်းရှောင်လျက်ရှိပြီး ထိုင်းဘက်ခြမ်း နယ်စပ်မျဉ်းတလျှောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားသည်။




No comments: