Monday, April 26, 2010

ဗိုလ်ချုပ်မှူးကြီး ဆင်ဖြူတော်စီး

အောင်သက်ဝိုင်း Monday, April 26, 2010

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် ထိပ်တန်းစစ်ခေါင်းဆောင် ၅ ဦး အသုံးပြုသည့် သီးသန့် လေယာဉ် ၂ စီးကို ဗေဒင်အရ “ဆင်ဖြူတော်” ဟု အမည်သတ်မှတ် ခေါ်ဝေါ်နေရကြောင်း သတင်းရရှိသည်။

အဆိုပါ လေယာဉ် ၂ စီးကို ဆေးအဖြူရောင် ခြယ်ထားပြီး ATR 72-500 အမျိုးအစား လေယာဉ်များ ဖြစ်ကြောင်း၊ ထိုလေယာဉ် ၂ စီးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးတို့ ၅ ဦးသာ စီးနင်းခွင့်ရကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

“လေယာဉ် ၂ စီးစလုံးကို ဆင်ဖြူတော် ဆိုတဲ့ နာမည်သုံးဖို့ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် အမိန့်ပေး ထားတာလို့ သိရတယ်။ ဒီလေယာဉ်တွေက ခေါင်းဆောင် ၅ ဦးနဲ့ ဗိုလ်ချုပ်မှူးကြီး မိသားစု ခရီးထွက်ဖို့ပဲ သုံးရတဲ့ လေယာဉ် အသစ်တွေပါ” ဟု မင်္ဂလာဒုံလေတပ်နယ်မှ စစ်အရာရှိကြီးများနှင့် နီးစပ်သူတဦးက ဆိုသည်။

အဆိုပါ လေယာဉ်များကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့လေကြောင်းက တာဝန်ခံ ၀ယ်ယူ ပေးထားရပြီး မင်္ဂလာဒုံလေတပ်
အထူးလေယာဉ် ထိန်းသိမ်းဆောင်တွင် လုံခြုံရေး တင်းကျပ်စွာဖြင့် ထိန်းသိမ်းစောင့်ရှောက် ထားရကြောင်း သိရသည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာလအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာနိုင်ငံသို့ သွားရောက်စဉ်ကမူ မြန်မာ့လေကြောင်းလိုင်းပိုင် MAI လေယာဉ်ဖြင့် သွားခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများအရ တွေ့ရသည်။

လေယာဉ်များကို “ဆင်ဖြူတော်” ဟု ခေါ်ဝေါ်သုံးစွဲရခြင်းသည် ယတြာချေခြင်းဖြစ်ပြီး အတိုက်အခံ ရန်စွယ် အပေါင်းကို အောင်နိုင်စေခြင်း အတိတ်ဖြင့် ခေါ်ဝေါ်အသုံးပြု ခြင်းဖြစ်သည်ဟု ရန်ကုန်ရှိ နာမည်ကျော် ဗေဒင်ဆရာတဦးက သုံးသပ်သည်။

“ရှေးမြန်မာ ဘုရင်မင်းတွေ ဘုန်းတန်ခိုးကြီးလာရင် ဆင်ဖြူတော် အလိုလိုပေါ်ရတယ်။ ဒါမှမဟုတ် အိမ်နီးချင်းတိုင်းပြည်တွေက
ဆင်ဖြူတော် ဆက်သရတယ်။ ဆင်ဖြူတော် စီးရတဲ့ ဘုရင်တွေက ရန်စွယ်အပေါင်းကို အောင်နိုင်တယ် ဆိုတဲ့ သက်သေ သာဓကတွေ မြန်မာရာဇ၀င် သမိုင်းတွေမှာ အထင်အရှားရှိတယ်။ ဒါကြောင့် ဒီနာမည်ကို ဗေဒင်သဘောနဲ့ ပေးထားတာ” ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုသည် နက္ခတ်ဗေဒင်လက္ခဏာ ယုံကြည်မှုလွန်ကဲရုံမက မိသားစု ဆွေမျိုးများအကြား ထီးသုံး၊ နန်းသုံးစကားများကို ပြောဆို ခေါ်ဝေါ်သုံးစွဲကြသည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

စစ်အစိုးရက ၂၀၀၉ ခုနှစ်အတွင်းတွင် ငါးထောင်တန်ငွေစက္ကူအသစ် ထုတ်ဝေခဲ့ရာ “ဆင်ဖြူ တော်” တံဆိပ်ကို ငွေစက္ကူသစ်၏
အမှတ်အသား အဖြစ်သုံးစွဲခဲ့ခြင်း၊ ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ အုပ်ချုပ်ရေးယန္တရားကို ပျဉ်းမနား၊ ကြပ်ပြေးသို့ ပြောင်းရွှေ့ အခြေစိုက်ခဲ့ရာ၌ မြို့တော်သစ်ကို နေပြည်တော် ဟု တရားဝင် သတ်မှတ် သုံးစွဲစေခဲ့ခြင်းများတွင် ဗေဒင်နက္ခတ် သဘောတရားများ အဓိက ပါဝင်နေသည်ကို တွေ့မြင်နိုင်ကြောင်း ရန်ကုန် ဗေဒင်ဆရာ အသိုင်းအဝန်းက သုံးသပ်သည်။

စစ်အစိုးရ ခေါင်းဆောင်ကြီးများသည် ဗေဒင်နက္ခတ်ကျွမ်းကျင်သည့် ပုဏ္ဏားများကို ၎င်းတို့၏ နေအိမ်များသို့ခေါ်၍ အပတ်စဉ် ဗေဒင်တွက်ချက် ယတြာချေခိုင်းကြောင်း နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းမှ သတင်းရရှိသည်။

ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရှိစဉ်ကလည်း ဆင်ဖြူတော် ရှာဖွေကာ ဘွဲ့များ ပေးအပ်ပြီး အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားသော လောကချမ်းသာ အဘယလာဘမုနိ ဘုရားကြီး ဘေးတွင် အဆောင် ဆောက်လုပ် မွေးမြူခဲ့သည်။

No comments: