Friday, April 30, 2010

မရှိ၍ ရှိသူ….၊ ရှိ၍ မရှိသူ

မင်းဟန်

(က)

ဆရာဇော်ဂျီ၏ ပုဂံဈေးဝတ္ထုတိုမှ … တရုတ်သံတမန်၏ အမေးပုစ္ဆာကိုပင်… ဆောင်းပါး၏ ခေါင်းစဉ်အဖြစ် ယူသုံးလိုက်၏။


ဆရာဇော်ဂျီ၏ ပုဂံဈေးဝတ္ထုတိုတွင် တရုတ်သံတမန်တို့ ပုဂံသို့ ရောက်၏။ ပုဂံနေပြည်တော်သို့ ဝင်ရောက်၍ ပုဂံပြည့်ရှင်အား ခစား၏။ ခစားရင်း… တရုတ်သံတမန်တို့က … အမေးပုစ္ဆာ ၂ ရပ်အား ပုဂံပြည့်ရှင်ထံ တင်လျှောက်ကြ၏။

တရုတ်သံတမန်များ တင်လျှောက်သည့် အမေးပုစ္ဆာ ၂ ရပ်က … “မရှိ၍ ရှိသူ” နှင့် “ရှိ၍ မရှိသူ” ဟူ၍ ဖြစ်သည်။

တရုတ်သံတမန်တို့၏ အမေးပုစ္ဆာအား ပုဂံသားသုခမိန်က … ပန်းချီကားချပ်များနှင့် ထိုးဇာတ်ခင်း၍ အဖြေပေးလိုက်၏။

“မရှိ၍ ရှိသူ…” ပန်းချီကားချပ်ရှိရာ တင်းတိမ်အား ဖွင့်၍ကြည့်လိုက်ပါက… ပန်းချီကားချပ်များအား တွေ့ရ၏။

ဆင်းရဲသားအသွင်ရှိသော လူယောက်ျား ၃ ဦး။

တယောက်လက်တွင် ကညစ်နှင့် ပေရွက်ကို ကိုင်ထားပြီး၊ လေးနက်စွာ စဉ်းစားနေသည်။ သူ့နောက်တွင် ဆွတ်စားမကုန်သော ပဒေသာပင်အောက်၌ လူတွေ ပျော်ရွှင်စွာ နေကြသည်။

တယောက်က ရဲရင့်၍ အံကြိတ်နေသည်။ သူ့နောက်တွင် ပြောင်လက်သူတို့က စုတ်နုပ်သူတို့ကို နွားကဲ့သို့ လှည်းတပ်မောင်းနေသည်။

တယောက်က မျက်လွှာချထားသည်။ သူ့နောက်တွင် စေတီတဆူ။ သစ်သီးဝလံပင် စိုက်ပျိုးနေကြသူများ။

“ရှိ၍ မရှိသူ” ပန်းချီကားချပ်ရှိရာ တင်းတိမ်အတွင်း၌ကား …

လှပသော တိုက်ခန်းရှေ့ရှိ ယောက်ျားကြီးကို မိန်းမ ၁ဝ ယောက် ဝိုင်းပြီး ပြုစုနေကြသည်။ သူ့ရှေ့တွင် စားကောင်းသောက်ဖွယ် ပွဲရံကြီး တည်ခင်းထားသည်။ သို့ရာတွင် ထိုယောက်ျား၏ မျက်နှာပေါ်တွင် လောဘအမူအယာ ရှိနေဆဲ…။”


(ခ)
၂ဝ၁ဝ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ထိုး၍ ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးစီးအဖွဲ့က တရားမျှတမှု ကင်းမဲ့သည့် ဥပဒေတရပ်ဟု သတ်မှတ်ပြီး … ဥပဒေအား အသိအမှတ်မပြု…၊ လက်မခံ…။ ဤအတွက် ဥပဒေတွင် ပါရှိပြဋ္ဌာန်းထားသည့်အတိုင်း ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးပါတီအဖြစ် စစ်အုပ်စု၏ ဆွဲခန့်ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်မည်မဟုတ်ဟူ၍ ၂ဝ၁ဝ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ကြ၏။

ဤတွင် အမေးပုစ္ဆာက ရှိလာ၏။ ရက်ပေါင်း ၆ဝ လွန်သော်… အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တည်ရှိမှုက … မည်သို့ရှိမည်နည်း…။ စစ်အုပ်စု၏ တုံ့ပြန်မှုက မည်သို့ရှိလာမည်နည်း…။ စိတ်ဝင်စားစရာပင်….။

တရားအရမူ…. စစ်အုပ်စုမှ ထုတ်ပြန်လိုက်သည့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” ဟူသည်ကပင် တရားမျှတမှုမရှိ…။ ဥပဒေသဘောအရ ကြောင်းကျိုးညီညွှတ်မှု ကင်းမဲ့၍နေသည်။ လွတ်လပ်မှု ဆိတ်သုဉ်းနေပြီး တဖက်သတ် ရေးဆွဲပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်၏။

ထို့ကြောင့်ပင်… အဖွဲ့ချုပ်မှ ထိုဥပဒေနှင့်အညီ မှတ်ပုံမတင်ခြင်းဖြစ်၏။ သို့ဖြစ်၍ … ထိုသို့သော ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းသည်လည်း တရားဝင်မှုအား မသက်ရောက်သကဲ့သို့ …. မှတ်ပုံမတင်ခြင်းသည်လည်း တရားမဝင်… ဟူ၍ မယူဆနိုင်…။ မူလအခြေခံဥပဒေ ‘စံ’ ကပင် ပျက်ယွင်းနေသည်ဖြစ်၍ … မှတ်ပုံတင်ခြင်း၊ မတင်ခြင်းက …. တရားဝင်ခြင်း၊ မဝင်ခြင်းအား တိုင်းတာ၍မရ…။ ပြဋ္ဌာန်း၍မရ…။ ဤသို့ … တရားအရ သတ်မှတ်၍ရ၏။ ထားတော့…။

စစ်အုပ်စုသည် ၂၂ နှစ်အတွင်း တရားမျှတမှု…။ ဥပဒေနှင့် ညီညွှတ်မှု… ဟူသည့် စံတန်ဖိုးများနှင့် လုပ်ဆောင်ခဲ့သည့် လူဆောင်ချက်များ ဟူသည်က … မရှိသလောက်ပင်…။ ဤအတွက် … စစ်အုပ်စုက တရားမျှတမှု ကင်းမဲ့သည့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” ကိုပင် စံပေတံအဖြစ် ဆုပ်ကိုင်ပြီး ဆံတုတ်တိုက်ပေလိမ့်မည်။ လက်တွေ့အရ… စစ်အုပ်စုသည် ဤသို့ပင် လုပ်ဆောင်လိမ့်မည်ဖြစ်၏။

(ခ-၁)
ရက် ၆ဝ လွန်သော်… စစ်အုပ်စုသည် အဖွဲ့ချုပ်၏ ရုံးခန်းများအား ပိတ်မည်။ အဖွဲ့ချုပ်၏ အလံ၊ ဆိုင်းဘုတ်၊ တံဆိပ်နှင့် အမှတ်အသားများအား သိမ်းမည်။ အဖွဲ့ချုပ်၏ စာရွက်စာတမ်းနှင့် ဖိုင်တွဲများအား သိမ်းမည်။ ထိုသို့ ပြုလုပ်လာလိမ့်မည်ဟု ယူဆရ၏။ သို့သော် ပြဿနာမရှိ…။ ထိုသို့သော စစ်အုပ်စု၏ ပြုကျင့်ဆောင်ရွက်မှုများအား အဖွဲ့ချုပ်သည် တရားဝင်တည်ရှိပါသည်ဟူသည့် ၂၂ နှစ်တာ ကာလအတွင်း၌လည်း အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရဖူးပြီးဖြစ်၏။

‘ဤနေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမရှိတော့ပါ’ ဟူ၍ ဆိုင်းဘုတ်ထောင်ပြီး ရွှေဂုံတိုင်ရုံးအား ချိတ်ပိတ်ခဲ့သည့် အဖြစ်မျိုးကိုလည်း အဖွဲ့ချုပ်သည် ကြုံခဲ့ဖူးလေပြီ။ မဆန်း….။ အမှတ် ၉၇/ခ ရွှေဂုံတိုင်တွင် မစုဝေးနိုင်လျှင် … အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံ၍ရမည်။ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း၌ မတွေ့ဆုံနိုင်လျှင် …. ဦးအောင်ရွှေ၊ ဦးတင်ဦးတို့၏ နေအိမ်များတွင် တွေ့နိုင်ကြမည်။ အဆုံး၌…. ရွှေတိဂုံစေတီ၏ ရင်ပြင်ပေါ်၌လည်း တွေ့ဆုံ၍ရ၏။ ဆွေးနွေး၍ရ၏။ ပြဿနာမရှိ….။ အဖွဲ့ချုပ် အဖွဲ့ဝင်များအားလုံး၏ နေအိမ်အဆောက်အအုံတိုင်းက… အဖွဲ့ချုပ်၏ ရုံးများဖြစ်၏။ ဒီမိုကရေစီလိုလားသည့် ပြည်သူတိုင်း၏ နေအိမ်အဆောက်အဦးများ အားလုံးက… အဖွဲ့ချုပ်၏ ရုံးများဖြစ်၏။ ထိုနေအိမ်များတွင် တွေ့ဆုံကြမည်။ ဆွေးနွေးကြမည်။ ဆုံးဖြတ်ကြမည်။

အဖွဲ့ချုပ်က ပြည်သူလူထု၏ ရင်ခွင်အတွင်းသို့ ရောက်ရှိသွားခြင်းဖြစ်၏။
ဤအတွက် …. ရက် ၆ဝ လွန်၍ စစ်အုပ်စုက အဖွဲ့ချုပ်၏ ရုံးများအား အဓမ္မပိတ်ပစ်လာခဲ့လျှင်လည်း …. ပြဿနာမရှိ….။


(ခ-၂)
ဒုတိယက …. ခေါင်းဆောင်မှုဖြစ်သည်။
အဖွဲ့ချုပ်အဖွဲ့ဝင်များ အားလုံးက ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်၌ တညီတညွတ်တည်း ရှိနေကြ၏ ဒေါ်အောင်ဆန်းစုကြည်၏ အဆုံးအဖြတ် လမ်းညွှန်ချက်အား တသွေးမတိမ်း လက်ခံကြ၏။ အဖွဲ့ဝင်များ အားလုံးက ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား မျက်လုံးအိမ်သဖွယ် စောင့်ထိန်း၍ ထားကြ၏။ အဖွဲ့ချုပ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုဟူသည်က …. စာရွက်ပေါ်တွင် ရေးထားသည့် အထွေထွေအတွင်းရေးမှူးဟူသည့် ခေါင်းဆောင်မှုမျိုးမဟုတ်…။ အဖွဲ့ဝင်ထု၏ နှလုံးသွေးကြောအတွင်း စီးမျော၍ ဦးဆောင်မှု အခန်းကဏ္ဍတွင် တည်ရှိနေသည့် ခေါင်းဆောင်မှုမျိုးဖြစ်၏။ ဤအတွက် …. အဖွဲ့ချုပ်အတွင်း ခေါင်းဆောင်မှု ပြဿနာဟူ၍ ရှိမလာနိုင်….။


(ခ-၃)
တတိယက … မူဝါဒလမ်းစဉ်ဖြစ်၏။
အဖွဲ့ချုပ်တွင် ခိုင်ခံ့သည့် မူဝါဒသဘောထား ရှိ၏။ ၁၉၈၈ ခုနှစ်တွင် စတင်ဖွဲ့စည်းစဉ်ကတည်းက … မူဝါဒသဘောထားများအား ချမှတ်ခဲ့၏။

ပြီးလျှင် … အဖွဲ့ချုပ်အတွင်း … အကြောင်းအရာအလိုက်၊ ပြဿနာအဆစ်အပိုင်းအလိုက် ချမှတ်ထားသည့် မူဝါဒသဘောထားများ၊ လုပ်ငန်းလမ်းစဉ်များသည်လည်း အခိုင်အမာပင်ရှိ၏။

- တိုင်းရင်းသား လူမျိုးအရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး
- တွေ့ဆုံဆွေးနွေး အဖြေရှာရေး ….
- ရွှေဂုံတိုင်ကြေညာစာတမ်း …. စသဖြင့် အသေးစိတ် သဘောထားလမ်းညွှန်ချက်များ ရှိ၏။

ရက် ၆ဝ လွန်လျှင်လည်း ထိုမူဝါဒသဘောထား၊ လမ်းစဉ်များအတိုင်း မြဲမြဲခိုင်ခိုင် ဆုပ်ကိုင်၍ ချီတက်ရန်ပင်….။ စာရွက်ပေါ်တွင် ရေးထားသည့် မူဝါဒသဘောထား ကြေညာစာတမ်းများအား စစ်အုပ်စုက သိမ်းယူနိုင်သည်။ ဖျက်ဆီးပစ်၍ရသည်။

သို့သော် … အဖွဲ့ဝင်များ၏ နှလုံးအိမ်အတွင်း စွဲထင်နေသည့် အဖွဲ့ချုပ်၏ မူဝါဒသဘောထား၊ လမ်းစဉ်ကိုမူ သိမ်း၍မရ၊ ဖျက်၍မရ…။ ဤအတွက် …. အဖွဲ့ချုပ်တွင် မူဝါဒလမ်းစဉ် ပြဿနာအခက်အခဲဟူ၍ မရှိ…။


(ခ-၄)
စတုတ္ထက … တပ်ပေါင်းစုဖြစ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ဟူသည်က … အမှန်စင်စစ်တွင် ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေး တိုက်ပွဲ၏ တပ်ပေါင်းစုပင်ဖြစ်၏။ CRPP တွင် ပါဝင်ကြသည့် တိုင်းရင်းသား အင်အားစုများ အားလုံးကလည်း… အဖွဲ့ချုပ်၏ ရပ်တည်ချက်နှင့် တထပ်တည်းပင်…။ မှတ်ပုံမတင်ကြ ။ ရွေးကောက်ပွဲ မဝင်ကြ…။

CRPP က မဲဆန္ဒရှင် ပြည်သူလူထုကြီး၏ ၉ဝ.၁ဝ ရာခိုင်နှုန်းအား ကိုယ်စားပြုသည့် အဖွဲ့အစည်းဖြစ်သည်။ တပ်ပေါင်းစုကြီးလည်း ဖြစ်၏။

ချုပ်ရပါမူ….
လူထုအား မျက်နှာမူပြီး၊ လူထုနှင့်အတူ နှလုံးရည်တိုက်ပွဲ ဆင်နွှဲမည့် အဖွဲ့အစည်းတရပ်အနေဖြင့် ….

- ခိုင်မာသည့် ခေါင်းဆောင်မှု ရှိရမည်။
- မှန်ကန်သည့် မူဝါဒသဘောထား လမ်းစဉ်ရှိရမည်။
- ညီညွှတ်သည့် ကျယ်ပြန့်သော တပ်ပေါင်းစု ရှိရမည်။

… စသည့် အင်္ဂါရပ်များနှင့် ပြည့်စုံရမည်ဖြစ်၏။ ထိုအင်္ဂါရပ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယခုလည်း ရှိ၏။ ရက် ၆ဝ လွန်လျှင်လည်း ရှိ၏။ ဤအတွက် …. မေ ၆ ရက်တွင် ပြဿနာဟူ၍ အဖွဲ့ချုပ်တွင်မရှိ…။


(ဂ)
မျက်မှောက်အခြေအနေ၌ တရုတ်သံတမန်များ မြန်မာပြည်သို့ လာရောက်ပြီး … ဆရာဇော်ဂျီ၏ ပုဂံဈေးဝတ္ထုတိုထဲကအတိုင်း …. “ရှိ၍ မရှိသူနှင့် မရှိ၍ ရှိသူ” ဟူသည့် အမေးပုစ္ဆာအား ထုတ်ခဲ့လျှင် … မြန်မာပညာကျော်တို့ မည်သို့ဖြေကြမည်နည်း…။ မည်သည့်ရုပ်ပုံပန်းချီကားချပ်များအား ရေးဆွဲ၍ ထိုးဇာတ်ခင်း ပြကြမည်နည်း…။

နိုင်ငံရေးအရ ထိုးဇာတ်ခင်းပြရပါမူ …. ‘မရှိ၍ ရှိသူ’ တင်းတိမ်အား ဖွင့်၍ကြည့်မိလျှင်က … အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါင်းအလံတလူလူအား တွေ့ရမည်ဟု မြင်မိ၏။

No comments: