Friday, April 30, 2010

မောင်တောမြို့တွင်း နစကများ သေနတ်ပစ်ခတ် သဖြင့် မြို့နေလူထု စိုးရိမ်မူပိုခဲ့ရ

တာကလူး (မောင်တော)

ရခိုင်ပြည်နယ် မောင်တောမြို့တွင်းတွင် နစက တပ်ဖွဲ့ တဖွဲ့မှ ညအချိန်မတော် သေနတ် ပစ်ခတ်မူကြောင့် မြို့တခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ မြို့နေလူထုအတွင်း စိုးရိမ်မူပိုခဲ့ရသည်ဟု သတင်း ရရှိသည်။

မောင်တောမြို့ထဲမှ အမျိုးသမီး တဦးက “ မနေ့ ညဥ့် ၉ နာရီ ခွဲခန့်မှာ သေနတ်သံက လေးချက်တိတိ ထွက်လာတယ်ဆိုတော့ တမြို့လုံး ဆူညံသွားပြီး မြို့နေလူထု အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။ ဘာကြောင့် ခုလို ပစ်ခတ်တယ်ဆိုတာကို အစပိုင်းမှာ မသိတဲ့အတွက် လူတွေသေနတ်သံကြားတာနဲ့ အထူးကို ထိတ်လန့်သွားခဲ့ကြပါတယ်” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မူကို မောင်တောမြို့ ရွှေဇားတံတားတွင် ကင်းကျနေသည့် တပ်ဖွဲ့ တဖွဲ့မှ အနီးအနားရှိ မူဆလင် ကျေးရွာသားများနှင့် ပြဿနာ ဖြစ်ပွားစဉ် လူများက တုတ်ဓါးများ ဖြင့် တိုက်ခိုက်ရန် ၀ိုင်းအုံလာသဖြင့် သေနတ်ပစ်ဖေါက်ခဲ့ခြင်း ဖြစ်သည်ဟု အောင်ဗလ ကျေးရွာသား တဦးက ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့ ကြားသိရသလောက်ဆိုရင် ရွှေဇားတံတားမှာ ကင်းတာဝန်ယူထားတဲ့ နစက တပ်သား ၆ ဦးထဲက ၄ ဦးဟာ အဲဒီ တံတားနားမှာ ရှိတဲ့ ဦးဘိုင်ဂျာဆိုင်ကို ကွမ်းယာနဲ့ ဆေးလိပ် ၀ယ်ဖို့ သွားကြတယ်။ အဲသလို သွားတဲ့ အချိန်မှာ ဘူကာနီလို့ ခေါ်တဲ့ မကောင်းမူ လုပ်ငန်းတွေနဲ့ အသက်မွေး ၀မ်းကျောင်းလုပ်တဲ့ အမျိုးသမီး တဦးကလည်း ဈေးဆိုင်မှာ ဈေးလာဝယ်တော့ နစကတွေက အဲဒီ အမျိုးသမီးကို အတင်း ဆွဲလား ငင်လားလုပ်တော့ ဦးဘိုင်ဂျာက ၀င်တားတယ်။ အဲသလို ၀င်တားတဲ့ ဦးဘိုင်ဂျာကို နစကတွေက ရိုက်တယ်။ အဲသလို ရိုက်တဲ့အခါ ရွာသားတွေက မခံရပ်နိုင်တာကြောင့် တုတ်တွေ ဓါးတွေကို ဆွဲပီး နစကတွေကို ရိုက်ဖို့ ၀ိုင်းလိုက်လာတဲ့ အခါ နစကတွေက မိုးပေါ်ထောင်ပြီး သေနတ် လေးချက်တိတိ ပစ်ခတ်လိုက်ရပါတယ်။ အဲသလို ပစ်ခတ်သံကြောင့် မြို့အတွင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရတာ ဖြစ်ပါတယ်။”

နစကများ သေနတ် ပစ်ခတ်မူကြောင့် မူဆလင် လူအုပ်မှာ ပြိုကွဲသွားပြီး ဦးဘိုင်ဂျာကို နစက တပ်ဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သူက ဆက်ပြောသည်။

“အဲဒီ အဖိုးကြီးက အသက် ၆၀ နီးပါးရှိနေပါပြီ။ အခုသူ့ကို သေနတ်လုဖို့ကြိုးစားတယ်ဆိုပြီး နစကတပ်သားတွေက ဖမ်းဆီးသွားပါတယ်။ အမှုဖွင့်ပြီး တရားစွဲမလား ပြန်လွှတ်လိုက်ပီ လားဆိုတာကိုတော့ သတင်း မရသေးပါဘူး။”

ရွာသားများ၏ အဆိုအရ နစကများ ဆွဲငင်ခဲ့ကြသည့် အမျိုးသမီး ဘူကာနီ အသက် (၃၀) ကိုလည်း ဖမ်းဆီးရန် နစကမှ လိုက်ရှာနေသည်ဟု သိရသည်။


No comments: