Monday, April 26, 2010

နယ်စပ် ခြံစည်းရိုးကာရံမူ အပေါ် မြန်မာဘက်က အိမ်နီးချင်းနိုင်ငံကို တရားဝင် ရှင်းလင်း

Narinjara News

မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ် တလျှောက်တွင် မြန်မာဘက်က ကာရံနေသော ခြံစည်းရိုးမှာ နှစ်နိုင်ငံ အကျိုးအတွက်သာ ဖြစ်ကြောင်း မြန်မာဘက်က လွန်ခဲ့သော သောကြာနေ့က တရားဝင် ရှင်းလင်း တင်ပြခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံဆိုင်ရာ မြန်မာ့ သံအမတ် ဦးဖေသန်းဦးက ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ သွားရောက်ပြီး အဆို ရှင်းလင်းမူကို တရားဝင် ပထမဆုံး အကြိမ်အဖြစ် တင်ပြ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သံအမတ် ဦးဖေသန်းဦးက ယခု မောင်တောမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း နယ်မြေ တလျှောက် ကာရံနေသော ခြံစည်းရိုးမှာ နယ်စပ်မျဉ်းမှ ကိုက် ၅၀ အကွာအဝေးတွင် တည်ဆောက်နေခြင်းဖြစ်ပြီး တချို့ နေရာများတွင် ကိုက် ၁၀၀၀ အကွာအဝေးတွင် တည်ဆောက်နေခြင်း ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။

၎င်းပြင် ဦးဖေသန်းဦးက ခြံစည်းရိုးကာရံမူမှာ မြန်မာနိုင်ငံတည်း အတွက် အကျိုး မဟုတ်ဘဲ ကျွန်တော်တို့၏ မိတ်ဆွေ နိုင်ငံ ဖြစ်သော ဘင်္ဂလာဒေခ်ျ့ အတွက်လည်း အကျိုးရှိကြောင်း ပြောဆိုသည်ဟု ဆိုသည်။

ဦးဖေသန်းဦးမှ ယခုခြံစည်းရိုးကာရံနေမူမှာ စစ်ရေးအတွက် ဘန်ကာများ တည်ဆောက်နေခြင်း မဟုတ်ကြောင်းနှင့် မူးယစ် မှောင်ခို လုပ်ငန်း အပါအ၀င် တခြား မှောင်ခို လုပ်ငန်းများကို နှိမ်နှင်းရန်နှင့် လူမှောင်ခို ကုန်ကူးမူကို တားဆီးလို၍ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ဦးဖေသန်းဦး၏ ရှင်းလင်းပြောကြားချက်ကို နိုင်ငံခြားရေးရာ ၀န်ကြီး Dr Hasan Mahmud ကိုရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

Dr Hasan Mahmud ကမူ ဦးဖေသန်းဦး တင်ပြသော အဆိုပါ ခြံစည်းရိုးကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ မှတ်ချက်ချပြောကြားခြင်း မရှိသော်လည်း လွန်ခဲ့သော တနင်္လာနေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် နယ်စပ် စီရိုမျဉ်းမှ ကိုက် ၁၀၀ အကွာ မြန်မာဘက်တွင် ခြံစည်းရိုးကာရံသည်ဟု ဆိုလျှင် မိမိတို့ အနေဖြင့် တစုံတရာ ပြောကြားလိုခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ ဘက်မှ အဆိုပါ ခြံစည်းရိုးကာရံနေမူနှင့် ပတ်သက်ပြီး အငြင်းပွားမူများ မြှင့်တက်လာပြီးနောက် တရားဝင် ရှင်းလင်းပေး မြန်မာဘက်ကို တနင်္လာနေ့က တောင်းဆိုရာမှ ဦးဖေသန်းဦးက သောကြာနေ့တွင် တရားဝင် လာရောက် ရှင်းလင်းခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ်မှာ မိုင်ပေါင်း ၁၆၈ မိုင် အရှည်ရှိပြီး နတ်မြစ်ဝမှ စတင်ကာ မောင်တောမြို့နယ် မြောက်ပိုင်းထိ မိုင် ၄၀ ခြံစည်းရိုးကာရံမူကို ပြုလုပ်နေရာ ယခုအခါ ပြီးစီးလုနီးပြီ ဖြစ်သည်ဟု သိရသည်။

မြန်မာ စစ်အစိုးရသည် ယခုအခါ မောင်တောနှင့် ဘူးသီးတောင်အကြားရှိ နယ်စပ်တလျှောက်တွင်လည်း ခြံစည်းရိုး စတင်ကာရံရန် စီစဉ်နေပြီး အဆိုပါ ဒေသသို့ စစ်သား အများအပြား ရောက်ရှိနေကြောင်း နယ်စပ်မှ လာသော သတင်းများအရ သိရသည်။

No comments: