Saturday, April 24, 2010

ဒုက္ခမြို့တော်

ရွှေအိမ်စည်

(၁)

၁၉၉၇ ခုနှစ်တွင် …စခန်းသစ်ကျ၏။ ထီးခဲဖလှယ်ကျ၏။ အဇင်း၊ ကျိုက်ဒုံ၊ မီးနာအပ်၊ မယ်တဲ့ကလဲ့၊ ဝင်းလုံ… စသည့်… စသည့် ရွာများသို့ စစ်အုပ်စု၏ စစ်ကြောင်းများ အလုံးအရင်းနှင့် ထိုးဝင်လာခဲ့ကြ၏။ ရွာများအားလုံးက ကရင်အမျိုးသားများ နေထိုင်ကြသည့် ကျေးရွာများဖြစ်သည်။ ယခင်က… ဤဒေသတခုလုံးသည် KNU ဒူးပလာယားခရိုင်၏ အခြေခံဒေသကြီးဖြစ်၏။ ဥယျာဉ်ခြံလုပ်ငန်းများနှင့် စည်ပင်သည့်ရွာများဖြစ်ကြ၏။

အလုံးအရင်းနှင့် ထိုးဝင်လာသော စစ်ကြောင်းများက …ရွာအချို့အား မီးရှို့၍ မြေလှန်ပစ်ကြ၏။ ရွာသားတို့ မွေးမြူထားကြသည့် ကြက်၊ ဘဲ၊ ဝက်၊ နွားတို့အား တပ်ရိက္ခာအဖြစ် သတ်ဖြတ်စားသောက်ကြ၏။

ရွာသားယောက်ျားပျိုများအား ကရင်သူပုန်တွေဟု တံဆိပ်ကပ်ပြီး ဖမ်း၏။ ရိုက်နှက်၏။ သွေးရဲရဲ… သံရဲရဲနှင့် ထိုဒေသသည် ထိုစဉ်က ငရဲခန်းပမာ ဖြစ်၍နေ၏။ ရွာသားများက ငရဲခန်းအတွင်းမှ အလွတ်ရုန်း၍ နယ်စပ်သို့ ထွက်ခွာကြ၏။ ဖက်ဆစ်မြေမှ တဖက်နိုင်ငံသို့ ကူးကြ၏။ အရှေ့တွင် မည်သို့ ကြုံရမည်ကို မမျှော်မှန်းနိုင်ကြသော်လည်း ပစ္စုပ္ပန်တွင် ကြုံနေရသည့် ဒုက္ခထက်မူ… တိုး၍၊ မဆိုးနိုင်ဟု တွေးထင်ရင်း… နယ်စပ်မျဉ်းအား ဖြတ်ကျော်ကြ၏။

ထိုင်းအစိုးရနှင့် အစိုးရမဟုတ်သည့် လူမှုဝန်ထမ်းအဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုဖြင့်… ပန်ခလယ်၊ အုံးဖန် မော်တော်ကားလမ်းဘေး၊ နို့ဘိုးရွာလေး၏ အနီးတွင် နယ်စပ်ဖြတ်ကျော်၍ ထွက်ပြေးလာခဲ့ကြရသည့် ဒုက္ခသည်များ၊ အခြေချနေထိုင်နိုင်ရန် စခန်းလေးတခု ဖြစ်လာ၏။ နို့ဘိုးရွာ၏အနီးတွင် တည်ရှိသဖြင့် လွယ်လွယ်ကူကူပင် …အမည်ပေးလိုက်ကြ၏။ နို့ဖိုးဒုက္ခသည်စခန်း….။

အဖွဲ့အစည်းများမှ အိမ်ထောင်သည်များအတွက် အိမ်ယာမြေကို ဒုက္ခသည်စခန်း၏ ရပ်ကွက် ၁ တွင် အခြေချခွင့်ပေး၏။ ပိစပ်ချုံနွယ်တို့အား ခုတ်ထွင်ရှင်းလင်းကြရ၏။ မိမိဘာသာ… အိမ်တိုင်ထူ၊ မိမိဘာသာ… အိမ်သာကျင်းတူး၍ ဒုက္ခသည်စခန်းအား တည်ထောင်ခဲ့ကြ၏။ လူ့အစုအဝေးကြီးတခုရှိလျှင် …. ဈေးရှိရမည်။ သုဿန်ရှိရမည် ဆိုသည့်အတိုင်း…. မကြာ… ဒုက္ခသည်စခန်းသို့ ဝင်ရာအလယ်လမ်းမကြီး၏ ဝဲ၊ ယာ၌ ဈေးဆိုင်များ အလျှိုလျှိုပေါ်လာ၏။ အဇင်း၊ ကျုက်ဒုံ၊ မီးနာအပ်၊ စခန်းသစ်တို့မှ ပြောင်းရွှေ့လာခဲ့ကြသည့် အိန္ဒိယလူမျိုးတို့၏ ဆိုင်များဖြစ်သည်။ စားသောက်ကုန်၊ အဝတ်အထည်နှင့် လျှပ်စစ်ပစ္စည်းဆိုင်လေးများက အစီအရီနှင့် ဒုက္ခသည်လူ့အဖွဲ့အစည်း၏ ကြံအင်လက္ခဏာအား ပြည့်စုံရန် ဖြည့်ဆည်း၍နေ၏။

ပြီးလျှင်…. ဗီဒီယိုရုံလေးများ တရုံစ၊ နှစ်ရုံစ ပေါ်လာ၏။ အင်ဂျင်စက်သံ တညံညံနှင့် နေ့နေ့၊ ညည ရုံသွင်း၍ ပြနေတော့သည်။ လက်လုပ်မုန့်ပဲသရေစာ ရောင်းသည့် ဈေးသည်လေးများသည်လည်း…. ဒုက္ခသည်စခန်း၏ လမ်းအသွယ်သွယ်၌ ဟစ်အော်ကာလှည့်၍ ရောင်းချနေကြ၏။ သဲပွက်ခင်း၊ သဲပွက်ကာ၊ အင်ဖက်မိုး တဲအိမ်လေးများက လမ်း၏ဝဲယာတွင် စီစီရီရီ၊ သစ်သစ်လွင်လွင်နှင့်…။


(၂)
နို့ဖိုးဒုက္ခသည်စခန်းအား စတင်၍တည်ထောင်ပြီး နှစ်လ၊ သုံးလမျှအကြာတွင်ပင် ကျနော်တို့ နို့ဖိုးဒုက္ခသည်စခန်းမှ ဘုရားသုံးဆူးဘက်သို့ ခရီးထွက်ခဲ့ကြရ၏။ ပန်ခလယ်၊ မဲသရောထာရွာ အကြားမှဖြတ်၍ နယ်စပ်မျဉ်းအတိုင်း ဘုရားသုံးဆူးဖက်ဆီသို့ ခြေလျင်ခရီးဆက်ကြ၏။ ထိုခရီးမှစ၍ ကျနော်တို့ နို့ဖိုးဒုက္ခသည်စခန်းဆီသို့ ပြန်၍မရောက်နိုင်ခဲ့…။ ၁၂ နှစ်တိုင်တိုင် ကြာခဲ့၏။ ယခုပြန်ရောက်သည့် အချိန်တွင်က နို့ဖိုးသည် အပြောင်းအလဲများစွာနှင့်…။

ယခင်က ပန်ခလယ်ကားလမ်းဘေးရှိ ပိစပ်တောများနှင့် ပိတ်ဖုံးနေသည့် ဖုန်းဆိုးမြေသည် ဒုက္ခသည် အိမ်ခြေသစ်တို့နှင့် ပြည့်သိပ်၍ ကျပ်ညှပ်နေ၏။ အိမ်နံပါတ်တခုတွင် ဆင့်ပွားအခွဲများက ၃-၄ ခု ရှိနေ၏။ မူလတဲအိမ်ငယ်၏ ဘေးဝဲယာတွင်က… အဖီများချ၍ ဘေးတွဲအိမ်ယာများအဖြစ်နှင့်…။ တအိမ်နှင့် တအိမ်တံစက်မြိတ်က ထိစပ်၍နေသည်။

ဖိနှိပ်သော အုပ်စိုးသူနှင့် စစ်သွေးကြွနေသော စစ်သားများမင်းမူနေသ၍ …ဤသို့ပင် ဒုက္ခသည်များက တနေ့တခြား တိုးပွား၍နေလိမ့်မည်ဟု … ဒုက္ခသည်ရပ်ကွက်သစ်ကြီးအား ကြည့်ပြီး ကျနော် ယေဘုယျမှတ်ချက်ပြုမိ၏။ ကျနော့်မှတ်ချက်အား ဒုက္ခသည်စခန်းတွင်ပင် နေထိုင်သည့် ကျနော့်မိတ်ဆွေက …ပြုံး၏။ သူ့အပြုံးအား ထိုစဉ်ခဏ၌မူ ကျနော် အဓိပ္ပာယ်ဖော်၍ မရနိုင်ခဲ့….။

(၃)
နို့ဖိုးသားတို့က … သူတို့၏ ဒုက္ခသည်စခန်းအား ရွာဟောင်းနှင့် ရွာသစ်ဟူ၍ ခွဲ၍ပြောကြ၏။ ရွာဟောင်းဟူသည်က… ၁၉၉၇ ခုနှစ်၊ ဒုက္ခသည်စခန်း စတည်ကတည်းက အခြေချနေထိုင်ခဲ့ကြသည့် စစ်ပြေးဒုက္ခသည်များအား ရည်ညွှန်း၍ သုံးနှုန်းခြင်းဖြစ်ပြီး၊ ရွာသစ်ဟူသည်က …UNHCR နှင့် MOI ၏ အစီအစဉ်နှင့် မဲဆောက်မှ နို့ဖိုးဒုက္ခသည်စခန်းသို့ အလုံးအရင်းနှင့် သွတ်သွင်းခဲ့သည့် ဒုက္ခသည်များ နေထိုင်ကြရာ၊ ပန်ခလယ်ကားလမ်းအား မေးတင်၍တည်ရှိနေသည့် ပြွတ်သိပ်နေသော ဒုက္ခသည်ရပ်ကွက်သစ်ကြီး ဖြစ်သည်။

အချို့ကလည်း ရွာသစ်အား PAB ရပ်ကွက်ဟု ခေါ်၏။ ထိုင်းအုပ်ချုပ်ရေးမှူး၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်၌ ရှိနေသည့် ဒုက္ခသည်ရပ်ကွက်တခု ဖြစ်သည်။ PAB ရပ်ကွက်၏ ကားလမ်းတဖက်တွင်ကား…. စားသောက်ဆိုင်များဖြင့် စီစီရီရီ…။

ဘီယာမျိုးစုံရ၏။ အရက်အဖြူ၊ အနီမျိုးစုံရ၏။ တပုလင်း ၁၈ဝ၊ ၂ဝဝ မှ ၆ဝဝ ကျော်တန်အထိ ရှိ၏။ ဒီလောက်ဈေးကြီးတဲ့ အရက်တွေကို၊ ဒီဒုက္ခသည်စခန်းမှာ ဝယ်သောက်နိုင်တဲ့လူရော ရှိပါ့မလား… ဟူ၍ စိတ်၌ တွေးမိ၏။ စားသောက်ဆိုင်များက သပ်သပ်ရပ်ရပ်၊ သန့်သန့်ပြန့်ပြန့်နှင့်ဖြစ်၍ ရောင်းမကောင်းသည့် ဆိုင်များ၏ ဟန်မျိုးက မဟုတ်။ ကျနော်… ရွာသစ်ဟုခေါ်သည့် နို့ဖိုးဒုက္ခသည်စခန်းမှ PAB ရပ်ကွက်အား စိတ်ဝင်စားသွား၏။


(၄)
PAB ရပ်ကွက်မှ ရွာဟောင်းသို့ဝင်ရာ လမ်းမကြီးတွင် တရက်ခြားဈေးနေ့ ရှိ၏။ နံနက်ခင်းဈေးတွင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အဝတ်အထည်… အစုံရ၏။ အုံးဖန်၊ မဲကော့မိုင်၊ ပန်ခလယ်တို့မှ ကားများနှင့် လာရောက်၍ ရောင်းချကြခြင်း ဖြစ်၏။ PAB ဈေးခင်းက အရောင်အသွေးစုံသည်။

ဈေးခင်းအားကြည့်၍ ထိုလူ့အဖွဲ့အစည်းအား အကဲဖြတ်၍ရသည်ဟု မှတ်သားရဘူး၏။ ထိုသို့ဆိုလျှင်…. PAB လူ့အဖွဲ့အစည်းသည်က … အနိမ့်အမြင့်မတူ…၊ အထူ၊ အပါးကွာခြား၊ အလင်းအမှောင် မညီမျှသော… ဆူးခြုံနိမ့်မြင့် ကွာခြားလွန်းသည့် လူ့အဖွဲ့အစည်းငယ်တခုဟု အကဲဖြတ်ရမည်ပင်…။

ကျနော်တို့ထိုင်နေသည့် လက်ဖက်ရည်ဆိုင်လေး၏ လမ်းတဖက် ဓားလွယ်ခုတ်လောက်တွင်က … မြေစိုက်တိုက်ပုလေးတလုံး ရှိ၏။ တိုက်ပုလေး၏ အရှေ့တွင်က ခရီးသွားကျောပိုးအိတ်များနှင့် လူအချို့အား တွေ့ရသည်။ ၁၄-၅ ယောက်မျှ ရှိမည်။ အဆောက်အဦးအတွင်း ဝင်သွားလိုက်….၊ စာရွက်လေးများကိုင်ပြီး ပြန်ထွက်လာလိုက်နှင့် …။

“အဲ့ဒါ… စခန်းအုပ်ချုပ်ရေးမှူးရုံးလေ… မဲဆောက်သွားဖို့အတွက် ခရီးသွားခွင့်လက်မှတ် လာလုပ်နေကြတာ…” ဟု ကျနော့်မိတ်ဆွေက ပြော၏။

ခရီးသွားခွင့်အား ၇ ရက် ပေး၏။ တခါတရံတွင်လည်း လွယ်လွယ်ကူကူနှင့်ပင် ခရီးသွားခွင့်လက်မှက် ရ၏။ တခါတရံတွင်က မလွယ်…။ ထိုင်းဘတ်ငွေ ၁ဝဝ ပေးရသည်။ ထိုအခါတွင်မူ လွယ်ကူသွားပြန်၏။

ကျနော်တို့၏ စားပွဲဝိုင်းသို့ လူရွယ်တဦးဝင်လာပြီး ထိုင်၏။ ကျနော့်မိတ်ဆွေ၏ အသိဖြစ်လိမ့်မည်။ လူရွယ်က လူရည်လည်သည့်ပုံစံ ရှိ၏။ ဒီအပတ် ဘာရထားလဲ…ဟူ၍ ကျနော့်မိတ်ဆွေအား မေးနေ၏။ ၂ တလုံးကတော့ သေချာတယ်။ အရှေ့ကနေမလား… အနောက်ကပိတ်မလားတော့ မသေချာဘူးဟု လူရွယ်က သူ့စကားအား ဆက်ပြန်သည်။

ကျနော့်မိတ်ဆွေက ဂဏန်းတွဲ ၃-၄ တွဲအား ရေး၍ပေး၏။ ထိုလူရွယ်က ဖြတ်ပိုင်းစာအုပ်အား ထုတ်ပြီး ကျနော့်မိတ်ဆွေပေးသော ဂဏန်းတွဲများအား ရေး၍ ဘောင်ချာဖြတ်ပေး၏။ ကျနော် အံ့သြသွားမိသည်။ စခန်းအုပ်ချုပ်ရေးမှူး၏ ရုံးအရှေ့တွင်ပင် ပေါ်ပေါ်တင်တင် ချဲထီလောင်းကစား ပြုလုပ်နေကြ၏။ ကျနော် အံ့အားသင့်နေသည့် အမူအရာအား ကြည့်ပြီး ကျနော့်မိတ်ဆွေက ရှင်းပြ၏။

ဒုက္ခသည်စခန်းအတွင်း မြန်မာပြည်မှ နှစ်လုံးထီနှင့် ထိုင်းမှ ချဲထီဒိုင်ကိုင်သည့်သူ ၂ဝ ဦးမျှ ရှိသည်ဟု ဆို၏။ ထိုဒိုင် ၂ဝ ဦးသည်သာ ဤစခန်းအတွင်း၌ ရောင်းချခွင့်ရှိ၏။ လိုင်စင်ရ ချဲထီဒိုင်ကြီးများဟု ဆိုရမည်။ လိုင်စင်ကြေးက …တလလျှင် ဘတ် ၃ဝဝဝ ပေးသွင်းရသည်ဟု ဆို၏။ ကျနော်က စိတ်တွက်နှင့် လိုင်စင်ကြေး လက်ခံရရှိသည့် ပုဂ္ဂိုလ်၏ ဝင်ငွေအား တွက်နေမိသည်။

ဒုက္ခသည်စခန်း၏ PAB ရပ်ကွက်လေးအတွင်း၌ အင်တာနက်ကဖေးဆိုင်များက ၆ ဆိုင်မျှ ရှိ၏။ အင်တာနက်ကဖေးတွင် နိုင်ငံခြားဖုန်းခေါ်လည်း ခေါ်၍ရ၏။ မိတ္တူလည်း ကူး၍ရ၏။ ဝန်ဆောင်မှုက ပြည့်စုံသည်။ သဲပွက်ကာ၊ သက်ကယ်မိုး အဆောက်အဦးငယ်များအတွင်း၌ ကွန်ပြူတာ၊ ပရင်တာ၊ မိတ္တူကူးစက်၊ စကင်နာများ တွေ့ရသည်မှာ အမြင်တွင် ဆန်းနေ၏။ အင်တာနက် ကဖေးဆိုင်များတွင် အင်တာနက်အသုံးပြုပါက …တနာရီလျှင် ၄ဝ ဘတ် နှုန်းထားပေးရ၏။ မိမိ၏ အိတ်ဆောင်ကွန်ပြူတာနှင့် သုံးလျှင်က …တနာရီ ၃ဝ ဘတ်ဟု သိရ၏။ ကျနော်က … စိတ်ဖြင့် PAB ရပ်ကွက်လေးအတွင်း နေထိုင်သည့် လူဦးရေနှင့် အင်တာနက်ကဖေးဆိုင် အရေအတွက်၏ အချိုးအား ချကြည့်မိ၏။

မြန်မာ့လူ့အဖွဲ့အစည်းတခုအတွင်း အင်တာနက်သုံးစွဲနိုင်မှု အချိုးအစားမြင့်မားလွန်းသည်အား တွေ့ရ၏။ ကောင်းလေစွ…။

မနေ့ကတည်းက… ကျနော်သတိထားမိခဲ့၏။ ‘ဗျူတီဆလွန်း’ ဟူသည့် ဆိုင်းပုဒ်လေးများဖြစ်သည်။ တွေ့မိသည်မှ ၃-၄ ခုမျှ ရှိမည်။ ရိုးရိုးဆံပင်ညှပ်ဆိုင်မဟုတ်…။ ဆံပင်ဖြောင့်သည်။ ဆံပင်ကောက်သည်။ ဖယောင်းသွင်းသည်။ ပုလဲသွင်းသည်။ မျက်နှာပေါင်တင်သည်… စသည့် ဝန်ဆောင်မှုများအား လုပ်ပေးသည့် ‘ဗျူတီဆလွန်း’ များ…။ ခေါင်းလျှော်၍ ဆံပင်ညှပ်သည်ကလွဲ၍ ကျန်သည့် ဝန်ဆောင်မှုများက ဘတ် ၁ဝဝဝ နှင့်အထက် ကုန်ကျသည်ပင်…။

ကျနော့်အတွေးများက မီးခိုးမဆုံး၊ မိုးမဆုံး…။ ဤရပ်ကွက်လေးအတွင်း တဦးက ဘတ် ၃ဝ မျှရရန် တအိမ်ပြီး တအိမ်ဆက်၍ ခဝါသည်လုပ်နေရသည့် အချိန်တွင် …တဦးက ဗျူတီဆလွန်းတွင် ဘတ် ၁ဝဝဝ ကျော် အကုန်ကျခံ၍ ဆံပင်ဖြောင့်နေ၏။ တဦးက တောတိုး၍ ထင်းခွေနေချိန်တွင် …တဦးက အင်တာနက်ကဖေး၌ နာရီပေါင်းများစွာ ဂိမ်းကစားနေ၏။

“ဒီမှာ… ကျနော်တို့ စခန်းထဲမှာ ဟွန်ဒီငွေလွှဲတဲ့သူလည်း ရှိတယ်။ အတိုးပေးတဲ့လူလည်း ရှိတယ်။ အပေါင်ခံတဲ့သူလည်း ရှိတယ်….” ရှိတယ်…. ပေါင်းများစွာအား ကျနော့်၏ မိတ်ဆွေက တသီတတန်းကြီး ရွတ်ပြနေသည်။

ကျနော်က … ဤဒုက္ခသည်စခန်းလေးအတွင်း ဆရာမြသန်းတင့်၏ ဒုက္ခသည်ဝတ္ထုတိုမှ ‘မြသီ’ ကဲ့သို့ အမျိုးသမီးငယ်လေးများ မည်မျှရှိနေကြလေပြီနည်းဟု တွေးနေမိ၏။
အေးစိမ့်သော ရာသီတွင် ကျနော်… ချွေးပြန်နေသည်။

No comments: