Thursday, April 22, 2010

အော်ဝဲလ် တစ္ဆေ မြန်မာပြည်ကို ခြောက်လှန့်နေ

ရဲနည်

နာမည်ကျော် ဗြိတိသျှ သတင်းစာ ဆရာ၊ စာရေး ဆရာ ဂျော့အော်ဝဲလ်ကို နှစ်သက် သဘောကျတဲ့ မြန်မာတွေ တော်တော် များများက အော်ဝဲလ်သာ နှစ်ကာလ တချို့ကို မြန်မာပြည်မှာ မဖြတ်သန်း မနေထိုင်ခဲ့ရရင် သူ့ရဲ့နာမည်ကြီး ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး အာဏာရှင်စနစ် ဝေဖန်ရေး ၀တ္ထုကြီးဖြစ်တဲ့ “၁၉၈၄”ကို ရေးနိုင်ခဲ့လိမ့်မယ်မဟုတ်ဘူးလို့ ရယ်ရွှန်း ပတ်ရွှန်း ပြောကြပါတယ်။


တချို့ကအရွှန်းကလေးဖောက်ပြီး “၁၉၈၄”၀တ္ထုဟာ အော်ဝဲလ်ရဲ့ အိန္ဒိယ ဘုရင့် ရဲတပ်ဖွဲ့လက်ထောက်ရဲမင်းကြီးအဖြစ် ၁၉၂၂ ခု ကနေ၂၇ ခုနှစ်အတွင်း ဗြိတိသျှ ကိုလိုနီ မြန်မာပြည်မှာ တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကို ရေးသားထားတဲ့ “မြန်မာနေ့များ”ဆိုတဲ့ ပထမဆုံး ၀တ္ထုရဲ့ နောက်ဆက်တွဲလို့ဆိုကြပါတယ်။ “မြန်မာနေ့များ”က ကိုလိုနီ အုပ်ချုပ်ရေးစနစ်ရဲ့ အံလွဲချွတ်ချော်မှု တွေကို ရေးသားဖော်ပြ ခဲ့တာဖြစ်ပြီး “၁၉၈၄” ကတော့ အာဏာရှင်စနစ်ဆိုးရဲ့အမိုက်မှောင်ကို ဖွဲ့ဆို ရေးသား ခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ အော်ဝဲလ်သာ ဒီကနေ့ မြန်မာပြည်ကိုမြင်တွေ့ခွင့်ရဦးမယ်ဆိုရင် ဘ၀ဆိုတာ အနုပညာကို တုပ ထားတာ ဖြစ်တယ်လို့ ပြောကောင်းပြောမှာဖြစ်ပါတယ်။ ၁၉၈၄ ထဲမှာ သူစိတ်ကူး ရေးဖွဲ့ ဖြစ်ခဲ့တဲ့ အာဏာရူးဂိုဏ်းချုပ်ကြီး(Big Brother) နဲ့ သူ့ဂိုဏ်းသား (Party)တွေ ဖိနှိပ်အုပ်ချုပ်တဲ့ လူ့အဖွဲ့အစည်းတခုဟာ ဖိနှိပ်မှုဆိုတဲ့သဘာဝကို သူပထမဆုံး နားလည် သိမြင်ခဲ့ရတဲ့ မြန်မာပြည်မှာ တကယ်တန်းဖြစ်လာခဲ့တယ် ဆိုတာကတော့ တိုက်ဆိုင်မှုလို့ ပြောရမှာတောင် ခပ် ခက်ခက်ပါ။

တခါတရံတော့ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်ဗိုလ်ချုပ်တွေဟာ စိတ်ကူးစိတ်သန်းရယူဖို့ အော်ဝဲလ်ရဲ့စိတ်ကူးဝတ္ထုကို ဖတ်နေကြတယ်လို့တောင်ထင်စရာပါပဲ။ တကယ်လည်း “စစ်ဆိုတာငြိမ်းချမ်းရေးပဲ” “ကျေးကျွန်စနစ်ဟာ လွတ်လပ်ခြင်းပဲ” “အသိတရားကင်းမဲ့ခြင်းဟာ အင်အားပဲ”ဆိုတဲ့ အော်ဝဲလ်ရဲ့ ၁၉၈၄ ထဲက ဆောင်ပုဒ်တွေလို လူတွေရဲ့သိစိတ်ကို မှောက် မှားသွားအောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတာဟာ နှစ်ပေါင်းရှည်ကြာ ဆိုးဝါးလှတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ ဆင်းရဲမှု နွံထဲ မှာ နှစ်ထားတဲ့“နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံဖြိုးကောင်စီ” ပါပဲ။

အခု တခါ စစ်အစိုးရက ဒီနှစ်ကျင်းပမယ့်ရွေးကောက်ပွဲအတွက် သူ့ရဲ့ဥပဒေတွေကို ထုတ်လိုက်ပြန်ပါပြီ။မြန်မာပြည်သူ လူထုနဲ့ နိုင်ငံတကာကလူတွေကတော့ အော်ဝဲလ် ရဲ့ ဆောင်ပုဒ်တွေထဲကို“ရွေးကောက်ပွဲ ဟာရွေးချယ်ခြင်း”ပဲဆိုတဲ့ ဆောင်ပုဒ် နောက်တခုထပ်ဖြည့်ပေးလိုက် သလိုမြင်ကြမှာပါ။

သေသေချာချာ ခွဲခြမ်းကြည့်ရင် မြင်နိုင်ပါတယ်။ ခုထိမြန်မာဘာသာနဲ့ပဲထုတ်ပြန်သေးတဲ့ ရွေးကောက်ပွဲ ဥပဒေသစ် အရ တည်ဆဲနိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲမှာပါဝင်ချင်တယ်ဆိုရင် အကျဉ်းကျခံနေရတဲ့ ပါတီဝင်တွေကို ပါတီက ထုတ်ပစ်ရပါလိမ့်မယ်။ အဲဒီလိုမလုပ်နိုင်တဲ့ ဘယ်ပါတီမဆို ဖျက်သိမ်းခံရမှာဖြစ်တာကိုး။

ရွေးကောက်ပွဲဘယ်လိုလုပ်မှာလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ချင်တဲ့ သံသယရှိနေတဲ့နိုင်ငံခြားသား လေ့လာ သူတွေအတွက်တော့ ဥပဒေကို အင်္ဂလိပ် ဘာသာနဲ့ မထုတ်ပြန်ပါဘူး။ ထုတ်မှ ထုတ်ပါ့မလားလို့လည်း သံသယ ဖြစ်ကြပါတယ်။

ပြည်တွင်းကသတင်းစာတွေ ဂျာနယ်တွေကိုလည်း အဲဒီဥပဒေတွေ နဲ့ ပတ်သက်ပြီး မကောင်းမရေးကြဖို့ အစိုးရက အမိန့် ထုတ်ထားပြန်ပါတယ်။ တကယ်တော့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းဖော်ပြမှုတွေကို အစိုးရသတင်းစာ တွေ မှာဖော်ပြထားတာနဲ့ ဘာမှကွဲပြားမှုမရှိအောင် အကောင်းမြင်နဲ့ရေးကြရမယ်လို့ ခိုင်းတာပါ။

နိုင်ငံရေးအကျဉ်းသား၂၀၀၀ကျော်ကျော်ရှိနေတဲ့ မြန်မာနိုင်ငံမှာ ကလိန်ကကျစ်စွဲချက်တွေနဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရ တဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို ပြိုင်ဘက်တွေကို အားနည်းသွားအောင် အရည်အချင်းဘောင်မ၀င်အောင် ရည်ရွယ်ချက်ရှိရှိလုပ်လိုက်တာဖြစ်တယ် ဆိုတာကတော့ရှင်းပါတယ်။

အလားအလာရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပိုပြီးအကျဉ်းအကျပ်တွေ့ရအောင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ မှာ နိုင်ငံရေးပါတီအားလုံးအနေနဲ့ မှတ်ပုံတင်ကြေး ကျပ် ၃၀၀၀၀၀ ပေးသွင်းရမှာဖြစ်ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ် တဦးချင်းက ကျပ် ၅၀၀၀၀၀ ပေးသွင်းရမယ်လို့ပြဌာန်းထားပါတယ်။ ဥပဒေက ပါတီတွေဟာ ကိုယ်စလှယ်လောင်း တဦးစီ အတွက် ကျပ်ဆယ်သန်း အများဆုံးသုံးစွဲရမယ်လို့လည်းဖော်ပြထားပါတယ်။ ချုပ်ကြည့်ရင် နိုင်ငံနဲ့ အ၀န်း ၀င်ပြိုင်မယ့် ပါတီတွေဟာ ငွေကြေး တောင့်တင်းမှလို့ အဖြေထွက်တာကြောင့် ငွေရှိသူ ငွေကြေး တောင့်တင်းသူတွေက ထောက်ခံသူ တွေကိုသာ ပစားပေးတဲ့ သဘော ထွက်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က သူ့ရဲ့မြန်မာ နိုင်ငံခရီးစဉ်အပြီးမှာ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတ ဖွယ်ရာ မရှိဘူးလို့ ကောက်ချက် ချခဲ့တာကတော့ အံ့သြစရာ မရှိသလောက်ပါပဲ။

ပြသနေတဲ့ အချက်တွေအရတော့ မြန်မာနိုင်ငံရဲ့ဂိုဏ်းချုပ်ကြီး(Big Brother)ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူခေါင်းခေါက် ရွေးချယ်ထားတဲ့ ဆက်ခံသူလက်ထဲကို အာဏာ မီးရှူးတိုင် လွှဲပြောင်းပေးဖို့ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်တယ်ဆိုတာပဲ။ အခုချိန်မှာ အဲဒီသူဟာ ဘယ်သူဖြစ်မယ် ဆိုတာ ရှင်းရှုင်းလင်းလင်း မဖြစ်သေး ပေမယ့် သူဟာ ရွေးကောက်ပွဲ အကြို ဖြုတ်ထုတ်ဖယ်ရှားရေး လုပ်ငန်းစဉ်ကိုတော့ စတင်လုပ်နေပါပြီ။

မြန်မာပြည်သူလူထုက သူတို့ရဲ့ခေါင်းဆောင်သစ်ကိုရွေးချယ်ဖို့ ခွင့်ပြုတယ်လို့ ဆိုပေမယ့်လည်း တကယ်တမ်းက ဂိုဏ်းချုပ်ကြီးရဲ့လူရွေးပွဲမျှသာပါ။ ဒီမိုကရေစီစနစ်ကို အာဏာရှင်တွေက တည်ဆောက်နေကြတဲ့ ရွှေ မြန်မာပြည်ကြီး မှာ အခုကိစ္စကို အထူးအဆန်းလို့ထင်ရင် အော်ဝဲလ် တစ္ဆေ အခြောက်ခံနေရပြီလို့သာ ဆိုပါရစေတော့။

No comments: