Thursday, April 22, 2010

ပုဂ္ဂလိက မီဒီယာများကို ဗုံးသတင်း အကျယ်တဝင့် ဖော်ပြခိုင်း

အောင်သက်ဝိုင်း Thursday, April 22, 2010

စစ်အစိုးရက ပြည်သူပိုင် မီဒီယာများနှင့် ပုဂ္ဂလိကပိုင် မီဒီယာများတွင် ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်အနီး ဗုံးပေါက်ကွဲခဲ့မှု အကြောင်းကို အနိဋ္ဌာရုံ မြင်ကွင်းများနှင့် တကွ ဖော်ပြခိုင်းသောကြောင့် ပြည်သူအများအကြား ထိတ်လန့် နေကြကြောင်း သတင်းရရှိသည်။

မင်္ဂလာ တောင်ညွန့် မြို့နယ်၊ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ် အနီးတွင် ဧပြီလ ၁၅ ရက်နေ့ ၃ နာရီခန့်က ဗုံး ၃ လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပြီး လူသေဆုံးမှုများ ဖြစ်ပွား ပြီးနောက် အစိုးရပိုင် ရုပ်သံ မီဒီယာများနှင့် နေ့စဉ်ထုတ် သတင်းစာများတွင် သေဆုံးမှုများနှင့် ဒဏ်ရာရသူများ အကြောင်း သတင်း ထုတ်လွှင့်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည့်အပြင် ပုဂ္ဂလိက မီဒီယာ များတွင်လည်း အဆိုပါကိစ္စကို အသေးစိတ် တင်ပြရန် ဖိအားပေးခိုင်းစေကြောင်း သတင်းမီဒီယာ အသိုင်းအ၀န်းမှ သိရသည်။


ပြန်ကြားရေး ၀န်ကြီးဌာနနှင့် Forever ကုမ္ပဏီတို့ ပူးပေါင်းစီစဉ်တင်ဆက်သည့် MRTV 4 ရုပ်သံ လိုင်းတွင်လည်း
ကန်တော်ကြီး ဗုံးပေါက်ကွဲမှုအကြောင်းကို ဧပြီလ ၂၀ ရက်နေ့က အထူးအစီအစဉ် အနေဖြင့် ထုတ်လွှင့်သွားခဲ့သည်။

“ဗုံးပေါက်ကွဲမှုဖြစ်တဲ့ အချိန်ကစလို့ သွေးသံရဲရဲမြင်ကွင်းတွေနဲ့ MRTV 4မှာ ပြတယ်။ ဆေးရုံမှာ တက်နေရတဲ့ လူနာတွေ၊ ဆေးရုံကြီး တာဝန်ရှိ ဆရာဝန်ကြီးတွေ၊ ဒဏ်ရာရနေတဲ့ လုံခြုံရေး တာဝန်ရှိသူတွေနဲ့ အင်တာဗျူးတွေကို MRTV 4 မှာ ပြတယ်” ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ပုဂ္ဂလိကပိုင် FM ရေဒီယို လိုင်းများအားလုံးတွင်လည်း ဗုံးပေါက်ကွဲမှုအကြောင်း အထူးအသံလွှင့် အစီအစဉ်များ ထုတ်လွှင့်ခိုင်းပြီး
အတိုက်အခံနိုင်ငံရေးအင်အားစုများ၏ လက်ချက်ကြောင့် ယခုကဲ့သို့ ပြည်သူအများ ထိခိုက်သေကြေ ဒဏ်ရာရသည်ဟု ဖော်ပြ ခိုင်းခဲ့ကြောင်း သိရသည်။

“ဗုံးပေါက်ကွဲမှုသတင်းနဲ့ ဒီဗုံးဖောက်ခွဲမှုကို ပြည်ပနိုင်ငံရေး အင်အားစုက လုပ်ဆောင်တယ် ဆိုတဲ့အကြောင်း ထုတ်လွှင့်ဖို့ ပြန်ကြားရေး ၀န်ကြီးဌာနက ညွှန်ကြားတာ” ဟု ပုဂ္ဂလိကပိုင် FM ရေဒီယိုလိုင်းတခုမှ အစီအစဉ်မှူးတဦးက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ စီးတီး FM တွင်လည်း ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တိုက်ရိုက်တွေ့ဆုံ မေးမြန်းခန်းများပြုလုပ်ခဲ့ပြီး အတိုက်အခံ နိုင်ငံရေးအင်အားစုများကို ရှုတ်ချသည့် သဘောထား အမြင်များကို ထုတ်လွှင့်ခဲ့သည်။

ပုဂ္ဂလိက သတင်းဂျာနယ်များတွင်လည်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းများကို စာပေစိစစ်ရေးက ဖြတ်တောက်ခြင်း မပြုသည့်အပြင် အနိဌာရုံမြင်ကွင်းများနှင့် တကွ ဖော်ပြနိုင်ရန် စစ်အစိုးရ၏ မြန်မာ့သတင်းစဉ်က ဓာတ်ပုံများ ပံ့ပိုး ကူညီပေး နေကြောင်း ပြည်တွင်းသတင်း ဂျာနယ် အသိုင်းအ၀န်းမှ သိရသည်။

“ဗုံးကွဲမှု သတင်းတွေ၊ ထင်မြင်ချက်တွေကို စာပေစိစစ်ရေးက မဖြတ်သလောက်ဘဲ။ ဓာတ်ပုံတွေကို မြန်မာ့ သတင်းစဉ်မှာ သွားယူပြီး ထည့်လို့ရတယ်။ သွေးသံရဲရဲ မြင်ကွင်းတွေလည်း ထည့်ခွင့်ပေးတယ်” ဟု ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာ တဦးက ပြော သည်။

စစ်အစိုးရပိုင် သတင်းစာ များတွင်လည်း ဗုံးပေါက်ကွဲမှုသည် ပြည်တွင်းပြည်ပ အတိုက်အခံနိုင်ငံရေး အင်အားစုများ၏ လက်ချက်ကြောင့် ဖြစ်ပြီး အစိုးရကို မကျေနပ်သည့်အတွက် အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထား လုပ်ဆောင်ခြင်းဖြစ်သည်ဟု အစိုးရ အာဘော် သတင်းဆောင်းပါးများ နေ့စဉ်ရက်ဆက် ဖော်ပြနေသည်။

“တီဗီ၊ သတင်းစာ၊ ဂျာနယ်နဲ့ ရေဒီယိုတွေမှာ အနိဌာရုံမြင်ကွင်းတွေနဲ့ ဗုံးကွဲမှုအကြောင်း အကျယ်တ၀င့် ပြသ၊ ရေးသား၊ လွှင့်တာ တွေ့မြင်ကြားနေရတယ်။ နေ့စဉ်ရက်ဆက် ဒီအကြောင်းကြီးပဲကြားနေရတော့ အပြင်ထွက်ရမှာ ကြောက်လာတယ်။ အပြင်သွားရင် ဗုံးပေါက်တဲ့ အထဲပါမလားဆိုတဲ့ စိုးရိမ်စိတ်တွေဖြစ်လာတယ်” ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများနှင့်အတူ ဘုရား ပုထိုးစေတီ၊ ဈေး၊ ပလာဇာ၊ ရုပ်ရှင်ရုံ၊ ကားဂိတ်၊ အပါအ၀င် လူစည်ကား ရာ နေရာများတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်နိုင်သည်ဆိုသော ကောလာဟလ သတင်းများလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လျက် ရှိကြောင်း သိရသည်။

“ပလာဇာမှာ ဗုံးကွဲတယ်။ ကားဂိတ်မှာ ဗုံးတွေတွေ့တယ်ဆိုတဲ့ သတင်းတွေက လူတွေကြားမှာ နေ့စဉ်လိုလိုကိုဖြစ်နေတယ်။ လူတွေ အပြင်ထွက်ရမှာ ကြောက်ကုန်တယ်” ဟု ပြည်တွင်း သတင်းထောက်တဦးက ပြောသည်။

ရန်ကုန်အခြေစိုက် ၀ါရင့်သတင်းစာဆရာ တဦးကလည်း ပုဂ္ဂလိက သတင်းမီဒီယာများအနေဖြင့် သတင်းများကို သတင်းစာ
ကျင့်ဝတ်နှင့် အညီ လိုက်နာ ဖော်ပြရန် လိုအပ်ကြောင်း ပြောဆိုသည်။

“အစိုးရက ထည့်ခွင့်ပေးတိုင်း ဂျာနယ်ရောင်းကုန်ဖို့ ဆိုတဲ့ စိတ်တခုတည်းနဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေ ဖော်ပြရင် ဒါက ကျင့်ဝတ်နဲ့ မညီပါဘူး။ သတင်းမှာ Balance လုပ်ရမယ်။ တရားခံဘယ်သူ ဆိုတာ မသိဘဲနဲ့ စွပ်စွဲတာမျိုးတွေကို ကျင့်ဝတ်အရ မရေးသင့်ဘူး” ဟု ၎င်းက သုံးသပ်သည်။

စစ်အစိုးရသည် ဗုံးပေါက်ကွဲမှုကို အကြောင်းပြပြီး အတိုက်အခံ နိုင်ငံရေး အင်အားစုများကို ပြည်သူလူထုက မုန်းတီးစေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု သတင်းထောက်တဦးက ဆိုသည်။

ရန်ကုန်၊ ကန်တော်ကြီးပတ်လမ်းတွင် ဧပြီလ ၁၅ ရက်နေ့ကဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် လူ ၈ ဦးသေဆုံးပြီး ၁၇၀ ဒဏ်ရာရရှိခဲ့သည်ဟု စစ်အစိုးရက တရားဝင်သတင်း ထုတ်ပြန်ခဲ့သည်။

No comments: