Wednesday, April 28, 2010

လွိုင်ကော် ရဲစခန်းမှာလည်း ဗုံးကွဲ

သန်းထိုက်ဦး Wednesday, April 28, 2010

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ရဲစခန်းတွင် ယမန်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဒေသခံတဦး သေဆုံးသွားကြောင်း သိရသည်။


လွိုင်ကော်မြို့ရှိ တောင်ဈေးထဲတွင် ဗုံးခွဲရန် စီစဉ်နေသူ ၂ ဦးမှ တဦးကို ဖမ်းဆီး၍ ရဲစခန်းသို့ ခေါ်ဆောင်ရာ ၎င်း ရဲစခန်း အတွင်း ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

“ဈေးထဲမှာ သူတို့ ဗုံးခွဲဖို့ စီစဉ်တာ၊ ရဲက တွေ့ပြီး လိုက်ဖမ်းတော့ တယောက်လွတ်သွားတယ်၊ တယောက်မိတယ်၊ အဲဒီ မိတဲ့လူကို ရဲစခန်းကို ခေါ်သွားတယ်၊ ရဲစခန်းရောက်မှပဲ အဲဒီလူက ဗုံးခွဲလိုက်တယ်”ဟု ၎င်းက ပြောသည်။

လွတ်မြောက်သွားသော ပေါက်ခွဲရေး သမားဟု ယူဆ ရသူ တဦးကိုလည်း လိုက်လံဖမ်းဆီးနေကြောင်း၎င်းက ဆိုသည်။ ထို့အပြင် ဗုံးပေါက်ကွဲပြီးနောက် လွိုင်ကော်မြို့ ရဲစခန်းကို ယာယီပိတ်ထားကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် တဦးသေဆုံးသွားပြီး တခြားသော ရဲဝန်ထမ်းများလည်း ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူ မည်မျှ ရှိသည်ကို မှု မသိရသော်လည်း လွိုင်ကော်မြို့ဆေးရုံတွင် ဆေးကုသခံယူနေကြောင်း ယင်းဆေးရုံမှ တာဝန်ရှိသူများ က ပြောသည်။

ယမန်နေ့ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသော သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းအား တာဝန်ယူထား သည့် နအဖ စစ်အစိုးရတပ်များကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၂ တပ်ရင်းမှ တပ်သားများ က သွားရောက်တိုက်ခိုက်ခဲ့သည်။

KNU တွဲဖက်အတွင်းရေးမှူး ဖဒိုစောလှငွေက“တိုက်ပွဲ နှစ်ဘက်ပစ်ကြ ခတ်ကြဆိုတော့၊ သူလက်နက်ကြီး ကိုယ်လည်း လက်နက် ကြီးနဲ့ ပစ်ကြတယ် ဆိုတော့၊ ဘယ်သူ့ လက်နက်လဲတော့ မသိဘူး၊ တိုက်ပွဲကြားမှာတော့ လူထု ဒဏ်ရာရမှုတွေရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းဒေသအတွင်း စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ) ၇ လက်အောက်ခံ တပ်ရင်းများက လှုပ်ရှားနေကြောင်း ၎င်းက ဆို သည်။

သောက်ရေခပ် ဆည်စီမံကိန်းသည် အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သီးခြား တာဝန်ယူလုပ်ကိုင်လျက် ရှိပြီး မဂ္ဂါဝပ် ၁၄၀ ထုတ်လုပ်နိုင်သော စိုက်ပျိုးရေးအတွက် ဆည်ရေပေးဝေနိုင်သည့် စီမံကိန်း ဖြစ်ကြောင်း သိရသည်။

သောက်ရေခပ် ဆည်ဆောက်လုပ်ရေးကို အနာဂတ်စွမ်းအား ကုမ္ပဏီလီမိတက်နှင့် မင်းအနော်ရထာ အုပ်စု ကုမ္ပဏီ လီမိတက် တို့က တာဝန်ယူထားပြီး B.O.T (တည်ဆောက်၊ မောင်းနှင်၊ လွှဲပြောင်း စနစ်) ဖြင့် လက်ခံတည်ဆောက်ရန် သဘောတူထား ခြင်း ဖြစ်ကြောင်း Eleven Media Group ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ် မြစ်ဆုံ ရေးအားလျှပ်စစ် စီမံကိန်း နေရာ ၄ ခုတွင်လည်း ဧပြီလ ၁၇ ရက်နေ့က ဗုံးပေါက်ကွဲခဲ့ရာ အဆောက်အအုံ နှင့် ယာဉ်များ ပျက်စီးခဲ့ပြီး လူတဦး ဒဏ်ရာ ရခဲ့သည်။

ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင်လည်း ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်တွင် ဗုံး ၃ လုံးပေါက်ကွဲ မှု ကြောင့် ၁၀ ဦးသေဆုံးပြီး ၁၇၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။

ထို့အပြင် တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် အေးရှားဝေါလ် ဂိတ်၌ ဧပြီလ ၁၄ ရက်နေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့သော်လည်း အသေအပျောက် မရှိဘဲ ထိခိုက် ပျက်စီးမှုများသာ ရှိခဲ့ကြောင်း သိရသည်။

No comments: