Friday, April 23, 2010

ရန်ကုန်ဆေးရုံကြီးတွင် ဗုံးလန့်

အောင်သက်ဝိုင်း Friday, April 23, 2010

ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် ယနေ့နံနက် ၁၁ နာရီခန့်က ဗုံးလန့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တွင် သင်္ကြန်တွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေးများ တင်းကျပ်လျက် ရှိနေသည့် ကြားမှ ဆေးရုံကြီး အရေးပေါ် ဋ္ဌာနရှေ့တွင် ယနေ့ နံနက်က မသင်္ကာဖွယ်ရာ ကတ်ထူစက္ကူပုံးတပုံး လာရောက် ပစ်ထားသည်ကို ဆေးရုံ ၀န်ထမ်းများ တွေ့ရှိပြီး ဗုံးဟု အထင် ရှိသဖြင့် ရုတ်ရုတ် သည်းသည်း ဖြစ်သွားခဲ့ရသည်။

ဆေးရုံ ဝန်ထမ်းများက သက်ဆိုင်ရာ နယ်မြေ အာဏာပိုင် များကို အကြောင်း ကြားခဲ့ရာ ရဲ၊ စစ်တပ်နှင့် နယ်မြေခံ လုံခြုံရေးများ ရောက်ရှိ လာကြောင်း၊ ယင်းနောက် ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာ ဗုံး မဟုတ်သည်ကို စစ်ဆေး တွေ့ရှိရကြောင်း နယ်မြေခံ ရဲတဦးက ပြောသည်။

သို့ရာတွင် တာဝန်ကျ ဆရာဝန်တချို့က အဆိုပါ စက္ကူပုံးမှာ ဗုံးဖြစ်နိုင် သည်ဟု ပြောဆိုနေ ကြသည်။

ကန်တော်ကြီး ပတ်လမ်းတွင် သင်္ကြန်ကာလ ဗုံး ၃ လုံးပေါက်ကွဲမှုနှင့် ကချင်ပြည်နယ် မြစ်ဆုံတွင် ဗုံးများ ပေါက်ကွဲ ပြီးနောက် ရန်ကုန် အပါအ၀င် နိုင်ငံ တ၀န်းလုံးတွင် ဗုံးလန့်မှုများ ဖြစ်ပေါ်လျှက်ရှိသည်။

ယမန်နေ့ ညနေကလည်း ရန်ကုန် သမ္မတ ဟိုတယ်အနီးရှိ လပြည့်ဝန်းပလာဇာတွင် ဗုံးတွေ့သည်ဟူသော သတင်းများ ထွက်ပေါ်လာပြီး လူအများ ထိတ်လန့်နေကြကြောင်း အဆိုပါ ပလာဇာအနီးရှိ ကုမ္ပဏီဝန်ထမ်းတဦးက ဆိုသည်။

ရန်ကုန်မြို့တွင် သင်္ကြန်အတက်နေ့မှစပြီး လုံခြုံရေးများ တင်းကျပ်လျက်ရှိရာ ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ
လမ်းများပေါ်တွင် ရဲ၊ မီးသတ်၊ စစ်တပ်နှင့် နယ်မြေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) အသင်းဝင်များ၊
စွမ်းအားရှင်များ ပါဝင်သော လုံခြုံရေးဆိုင်ရာ ပူပေါင်းအဖွဲ့များက အငှားကားများ၊ ကိုယ်ပိုင်ကားများနှင့် လိုင်းကားများကို စစ်ဆေးကြောင်း သတင်းရရှိသည်။

“အငှားကားတွေကို စစ်တယ်။ ခရီးသည်ပါရင် ဘယ်သွားမှာလဲဆိုတာ မေးတယ်။ မှတ်ပုံတင် စစ်တယ်။ အိတ်တွေစစ်တယ်။ ကိုယ်ပိုင်ကားတွေကိုလည်း စစ်တယ်” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ရန်ကုန် ရပ်ကွက်များတွင် ကြံ့ဖွံ့၊ ရယက၊ မီးသတ်နှင့် စွမ်းအားရှင်များက လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းကာ ရပ်ကွက်များတွင်
ဧည့်သည် ၀င်ရောက်ခြင်းကို အထူးစိစစ်လျက်ရှိကြောင်း၊ မသင်္ကာသည့် အိမ်များကို ညဥ့်နက်ပိုင်း အချိန်များတွင် ဧည့်စာရင်း ၀င်ရောက်စစ်ဆေးပြီး ဧည့်စာရင်းမတိုင်ပါက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“လုံခြုံရေး ယူတာကိုနားလည်ပါတယ်။ ဒါပေမယ့် အခုဟာက ဧည့်သည်တယောက် လက်ခံမိရင် ဘယ်သူလဲ၊ ဘယ်ကလဲ ၊ ဘာလုပ်ဖို့ လာတာလဲ ဆိုတာအထိ အမေးခံရတော့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်” ဟု ကမာရွတ်မြို့နယ်မှ ကျူရှင်ဆရာ တဦးကပြောသည်။

ရန်ကုန်ရှိ တချို့သော ရပ်ကွက်များတွင် ပြည်တွင်း ပြည်ပ ခရီးသွားလာမှုများ ပြုလုပ်မည်ဆိုပါက ရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) ထံ အကြောင်းကြားပြီးမှ သွားရောက်ရမည်ဆိုသည့် ညွှန်ကြားချက်များလည်း ထုတ်ပြန်ထားကြောင်း သိရသည်။

အဝေးပြေး ကားဂိတ်များတွင်လည်း ခရီးသည် အ၀င်အထွက်များကို အထူး စိစစ်လျက်ရှိပြီး အဝေးပြေး ကားလက်မှတ် ၀ယ်ယူသူများကို မှတ်ပုံတင် ပါရှိမှသာ ရောင်းချရန် ဆိုသည့် စည်းကမ်းချက်အား တိကျ သေချာစွာ လိုက်နာရန် ထုတ်ပြန် ထားကြောင်း စုံစမ်းသိရှိရသည်။

နေပြည်တော်တွင်လည်း လုံခြုံရေး အထူးတင်းကျပ်လျက်ရှိပြီး အစိုးရ၀န်ကြီးဌာနများနှင့် စစ်ရုံးများတွင်း ယခင်ထက်
လုံခြုံရေး တိုးမြှင့် ချထားလျက်ရှိကြောင်း နေပြည်တော် ၀န်ထမ်းများက ပြောသည်။

No comments: