Sunday, April 25, 2010

စစ်တပ်အများဆုံး အခြေစိုက် နယ်မြေ ဓါးပြတိုက်မှုများ တိုးပွားနေ

ခိုင်ခိုင်စံ(နိရဉ္စရာ)

ရခိုင်ပြည်နယ်တွင် စစ်တပ် တပ်ရင်း အများဆုံး အခြေစိုက်ရာ မြို့နယ် တခုဖြစ်သော ဘူးသီးတောင် မြို့နယ်တွင် ဓါးပြတိုက်မူများ အထူး တိုးပွား နေသည်ဟု သတင်းရရှိသည်။

“ကျွန်တော်တို့ ဘူးသီးတောင်ဆိုတာ စစ်တပ်မြို့လို ဖြစ်နေတဲ့ နေရာပါ။ တပ်ရင်းပေါင်း ၁၅ ရင်း ကျွန်တော်တို့ မြို့နယ်ထဲမှာ ရှိပါတယ်။ ဒါပေမယ့် ဓါးပြတိုက်မူတွေလည်း အထူးတိုးပွားနေပါတယ်။ အဲဒီ ဓါးပြတွေဟာ သာမန် အရပ်သားတွေလား၊ စစ်သားတွေက ဓါးပြ အယောင်ဆောင်ပီး တိုက်တာလား ဆိုတာကိုတော့ ဓါးပြတွေကို မဖမ်းမိသေးတဲ့ အတွက် ဘယ်သူမှ တိတိကျကျ မပြောနိုင်သေးဘဲ ဖြစ်နေပါတယ်” ဟု ဘူသီးတောင်မြို့ခံ တဦးက ပြောသည်။

ဧပြီလ ၈ ရက်နေ့ကလည်း ဘူးသီးတောင်မြို့ နယ်ရှိ ဦးကျော်ရွာ တွင် ဓါးပြတိုက်မူ တခု ဖြစ်ပွားခဲ့သည်။

ဓါးပြများသည် ညဥ့် ၁၁ နာရီခွဲ အချိန်တွင် ဦးလှမောင်သာအိမ်သို့ ဗမာစကားပြော၍ ၀င်ရောက်လာကာ အိမ်တံခါးကို ဖွင့်ခိုင်းပြီး ရွှေငွေ လက်ဝတ်ရတနာ အပါအ၀င် ကျပ်ငွေ သိန်း ၂၀ ဖိုး ဓါးပြ တိုက်ယူ သွားခဲ့သည်။

အိမ်သားများမှ အစိုးရ အရာရှိများ ၀င်လာသည်ဟု ယူဆသဖြင့် တံခါး ဖွင့်ပေးလိုက်ရာမှ ဓါးပြများသည် ဦးလှမောင်သာနှင့် ဇနီးဒေါ်မလှစိန်တို့အား ကြိုးဖြင့် တုတ်ပြီး အိမ်ရှိ ပစ္စည်းများကို ဓါးပြတိုက်ယူသွားခဲ့သည်။

အလားတူ ဘူးသီးတောင်မြို့နယ် ခွဆုံအုပ်စု ခေါင်းကြီး ကျေးရွာတွင် ဧပြီလ ၉ ရက် တညဥ့်တည်းတွင် အိမ်နှစ်ဆောင် ဓါးပြတိုက် ခံခဲ့ရသည်။

ဓါးပြ ၁၀ ယောက်ခန့်သည် သေနတ်များ အပါအ၀င် ဓါးနှင့် တုတ်များကို ကိုင်ဆောင်ပြီး ရွာထဲကို ၀င်ရောက်လာကာ ပထမဆုံး ဦး ဇာဖို့ညာ အိမ်ကို ဓါးပြ ၀င်တိုက်ခဲ့ကြောင်း သိရသည်။ ဦးဇာဖို့ညာ အိမ်မှ ရွေငွေများကို ယူဆောင်ပြီး အဆိုပါ အိမ်နှင့် ၄ ဆောင်ခြား အကွာတွင် တည်ရှိသော ဦး အာလောင်အိမ်ကို ၀င်တိုက်ကာ ရွေငွေများကို ယူဆောင်သွားသည်ဟု သိရသည်။

မိသားစုများ၏ ပြောကြားချက်အရ ပထမ အတိုက်ခံရသူ ဦးဇာဖို့ညာ အိမ်မှ ရွေ ၃ ကျပ်ခွဲ၊ ကျပ်ငွေ နှစ်သိန်းရှစ်သောင်းနှင့် ဒုတိယ အတိုက်ခံရသူ ဦးအာလောင်ဆီမှ ရွေ ၁ ကျပ်ခွဲ နှင့် ကျပ်ငွေ ခုနှစ်သိန်းကို လုယက် ယူဆောင်သွားခဲ့သည်ဟု သိရသည်။

အဆိုပါ ဓါးပြမူကို နစက အမှတ် ၂၁ ဖုံညိုလိပ်စခန်းကို သွားရောက် တိုင်ကြားခဲ့သော်လည်း တစုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိသဖြင့် စေတီတောင် ရဲဌာနကို သွားရောက် တိုင်ကြားခဲ့ရသည်ဟု သိရသည်။

ယခုကဲ့သို့ စစ်တပ် တပ်ရင်းအများဆုံး အခြေစိုက်ရာ ဘူးသီးတောင် မြို့နယ်တွင် ဓါးပြတိုက်မူများ တိုးပွားနေသော်လည်း ဓါးပြများကို ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးသဖြင့် လူထု အကြားတွင် သောလော သောလောဖြင့် သံသယများ တိုးပွားနေသည်ဟု သိရသည်။

No comments: