Friday, April 30, 2010

နအဖ နိုင်ငံရေးပါတီ ထောင်

စိုးမိုး/ ၃၀ ဧပြီ ၂ဝ၁ဝ

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာယကအဖြစ် တာဝန်ယူထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ယမန်နေ့တွင် တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲလိုက်ပြီး ယင်းပါတီကို စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်က ဦးဆောင်သည်။


ယမန်နေ့တွင် နိုင်ငံပိုင်သတင်းဌာနများက ကြံ့ဖွံ့ကို ပါတီပြောင်းကြောင်း ကြေညာခဲ့ပြီးနောက် လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီအဖြစ် လျှောက်ထားကြောင်း “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လျှောက်ထားသူ ဦးသိန်းစိန်ပါ (၂၇) ဦး” ဟု ယနေ့ စစ်အစိုးရအာဘော် နိုင်ငံပိုင် သတင်းစာများမှတဆင့် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည့် နိုင်ငံရေးပါတီ (၂၅) ခုတွင် ကိုယ်စားလှယ် (၂၇) ဦးဖြင့် အင်အားအကောင်းဆုံး ပါတီအဖြစ် ရပ်တည်နေသည်။ ရွေးကောက်ပွဲရက် အတိအကျ မသတ်မှတ်ထားသည့် ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ကို လာမည့် မေလ (၆) ရက် နောက်ဆုံးနေ့ သတ်မှတ်ထားရာ စစ်အစိုးရက သတ်မှတ်ရက် ကုန်ခါနီးတွင် မှတ်ပုံတင်လိုက်ခြင်းဖြစ်သည်။

ကြံ့ဖွံ့အသင်းနာယကကြီးဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိန့်ကြားသော သြ၀ါဒများအား မိမိတို့ လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူလိုက်နာကျင့်သုံးရေးဟူ၍ ပါတီမူဝါဒ ချမှတ်ထားသည်။

ကြံ့ဖွံ့ပါတီဥက္ကဋ္ဌအဖြစ် လက်ရှိ နအဖစစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်က တာဝန်ယူပြီး စစ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒု-၀န်ကြီးများနှင့် မြို့တော်ဝန်များက ပါတီအမှုဆောင်များအဖြစ် ကြံ့ဖွံ့ဖွဲ့စည်းပုံအတိုင်း တာဝန်ယူလိုက်သည်။

နအဖစစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င် စစ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ စုစုပေါင်း (၂၇) ဦးက ယခုလ (၂၆) ရက်တွင် စစ်တပ်ရာထူးများမှ နုတ်ထွက်ပြီးနောက် ယခုကဲ့သို့ နိုင်ငံရေးပါတီ ထူထောင်ကြောင်း ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။

ယခု ပါတီအဖြစ် အသွင်ပြောင်းလိုက်သည့် ကြံ့ဖွံ့အသင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ နအဖ ၀န်ကြီးချုပ် ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီး)၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တို့က နာယကအဖြစ် တာဝန်ယူထားကြသည်။

အသင်းနာယကအဖွဲ့ဝင်တဦးဖြစ်သည့် နအဖ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က စစ်တပ်ရာထူးမှ နုတ်ထွက်ပြီး အသွင်ပြောင်း ကြံ့ဖွံ့ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူလိုက်ခြင်းဖြစ်သည်။

လယ်ဆည်ဝန်ကြီး ဦးဌေးဦး (ဗိုလ်ချုပ်) က အသင်း အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း (ဗိုလ်မှူးချုပ်)၊ အတွင်းရေးမှူး အဖွဲ့ဝင်များအဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်း၊ သမ၀ါယမ၀န်ကြီး ဦးတင်ထွဋ် (ဗိုလ်ချုပ်)၊ စက်မှူ (၁) ၀န်ကြီး ဦးအောင်သောင်း၊ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော် (ဗိုလ်မှူးချုပ်)၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း (ဗိုလ်မှူးချုပ်) တို့ဖြစ်သည်။

ကျန် နအဖစစ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် ဒု-၀န်ကြီးများ၊ မြို့တော်ဝန်တို့ကို အလုပ်အမှုဆောင်အဖွဲ့ဝင်များအဖြစ် တာဝန်ယူထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ၁၉၉၃ ခုနှစ် စက်တင်ဘာလ စစ်အစိုးရ စိတ်ကြိုက်ရွေးချယ်သူများနှင့် ကျင်းပသည့် အမျိုးသားညီလာခံစတင်ချိန်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယင်းညီလာခံမှ ထွက်ပေါ်လာသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ထွက်ပေါ်လာပြီးချိန်မှစပြီး ကြံ့ဖွံ့အသင်းအမှုဆောင်များ အဖြစ် တာဝန်ယူထားသည့် နအဖစစ်အစိုးရ အဖွဲ့ဝင်များက ပြည်သူလူထုအတွင်း စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။ ၂၀၀၉ ခုနှစ်တွင် စည်းရုံးရေးလုပ်ငန်းများ လူသိရှင်ကြား ထင်ထင်ပေါ်ပေါ် လုပ်ဆောင်လာပြီး စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းနှင့် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းတို့ တက်တက်ကြွကြွ စည်းရုံးရေးဆင်းခဲ့သည်။

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ကြံ့ဖွံ့စီးပွားရေးလုပ်ငန်းများကို ဦးဆောင် ဆောင်ရွက်လာပြီး မြို့တော် စည်ပင်လုပ်ငန်းများကို ကြံ့ဖွံ့စာတန်းထိုးပြီး လုပ်ဆောင်နေသည်။

လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းလိုက်ချိန်တွင် ပြည်နယ်နှင့် တိုင်းအဆင့် အသင်း (၁၇) သင်း၊ ခရိုင်အဆင့် အသင်း (၆၆) သင်း၊ မြို့နယ် အသင်း (၃၂၀)၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အသင်း (၁၅,၄၂၁) သင်းရှိနေပြီဟု ကြံ့ဖွံ့စာရင်းများအရ သိရသည်။

No comments: