Thursday, April 29, 2010

DKBA နှင့် အစိုးရ ဆက်ဆံရေး တင်းမာ

သန်းထိုက်ဦး Thursday, April 29, 2010

စစ်အစိုးရနှင့် သူ၏ မဟာမိတ် အဖွဲ့ဖြစ်သော DKBA ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်သည် ယခုချိန်အထိ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေး အစီအစဉ်အတွက် သဘောတူနိုင်ခြင်း မရှိသေးသဖြင့် နှစ်ဘက် တင်းမာနေကြသည်။

DKBA ကို ဦးဆောင်သူ မြိုင်ကြီးငူ ဆရာတော် ဦးသုဇနက နယ်ခြား စောင့်တပ် အစီအစဉ်ကို လက်မခံ သောကြောင့် DKBA တပ်ဖွဲ့ ၀င်များကို ၎င်းတို့၏ နေရာများ၌ ပြန်နေကြရန် မိန့်ကြား ထားကြောင်း DKBA နှင့် နီးစပ်သူ တဦးက ပြောသည်။

အောက်ခြေ တပ်မှူး တပ်သားများတွင် အယူအဆ အမျိုးမျိုး ဖြစ်နေသည်ဟု ဆိုသည်။

ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်ရှိ DKBA အရာရှိ တဦးကမူ “ကရင် လူထု အပေါ်မှာ ကျောခိုင်း ပြီးတော့ ဘယ်တော့မှ သစ္စာ မဖောက်ဘူး၊ စောဘဦးကြီး မူအရ ကိုယ့်လက်နက်က ကိုယ့်လက် ထဲမှာပဲ ရှိရမယ်၊ ဒီမူကို ကိုင်ဆောင် ပြီးတော့ ရှေ့ဆက် တိုက်ပွဲ ၀င်သွားမယ်” ဟု ပြောသည်။

သို့သော်လည်း DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းနှင့် ထင်ရှားသည့် ခေါင်းဆောင် တဦး ဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူတို့က တပ်အသွင်ပြောင်းရေးကို လက်ခံကြောင်း အတည်မပြုနိုင်သော သတင်းများအရ သိရသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

ကရင်ပြည်နယ်ရှိ လက်နက်ကိုင် အဖွဲ့များအနက် ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သော KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီ အမည်ရှိ အဖွဲ့ကလည်း နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံကြောင်း ထိုင်းမြန်မာ နယ်စပ်မှ လာသော သတင်းများအရ သိရသည်။

ငြိမ်းချမ်းရေး ယူထားသည့် ယခင် သူပုန်အဖွဲ့များ အားလုံး နယ်ခြားစောင့် တပ်ဖွဲ့များ အဖြစ် အသွင် ပြောင်းရန် စစ်အစိုးရက သတ်မှတ်ထားသည့် နောက်ဆုံးအချိန်မှာ ယမန်နေ့ကပင် ကုန်ဆုံးသွားပြီဖြစ်သည်။

အသွင်ပြောင်းခြင်း မပြုသည့်အဖွဲ့သည် စစ်ရေးအရ အရေးယူမှုနှင့် ကြုံတွေ့ရနိုင်သည်ဟု အကဲခတ်တချို့က ခန့်မှန်းကြသည်။

၁၉၈၉ ခုနှစ်မှ စတင်၍ အစိုးရနှင့် အပစ်အခတ် ရပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိသည်။

ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့ အစီအစဉ်ကို ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့သည်။

ယခုအချိန်အထိ အသွင်ပြောင်းပြီးသည့် အဖွဲ့ ၃ ဖွဲ့ ရှိပြီ ဖြစ်သည်။

No comments: