Thursday, April 22, 2010

ခေတ်သစ်ပြည်သူ့ပါတီကို နောက်ကွယ်မှ ကြံ့ဖွံ့အကူအညီပေး

မျိုးချစ်သူ/၂၂ ဧပြီ ၂ဝ၁ဝ

၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားသည့် ခေတ်သစ်ပြည်သူ့ပါတီသည် ကြံ့ဖွံ့၏အကူအညီကို ရယူထားကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့အဖွဲ့ဝင်တဦးက အခိုင်အမာ ပြောဆိုလိုက်သည်။


ခေတ်သစ်ပြည်သူ့ပါတီသည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်း ဗိုလ်ချုပ်လမ်းမ (၃၉ လမ်းနှင့် လမ်း ၄၀ ကြား) တိုက်အမှတ် ၂၅၅၊ ၆ လွှာတွင် ရုံးခန်းဖွင့်လှစ်ထားပြီး ထိုရုံးခန်းသည် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ကြံ့ဖွံ့အမည်ဖြင့် အကူအညီပေးထားသော အခန်းဖြစ်ကြောင်း အဆိုပါ ကြံ့ဖွံ့အဖွဲ့ဝင်က ပြောသည်။

၎င်းက “သူတို့က လွန်ခဲ့တဲ့နှစ်တွေကပဲ မြို့တော်ဝန်က သေဆိုသေ၊ ရှင်ဆိုရှင် လူတွေပဲ။ သူတို့ ခေတ်သစ်ပြည်သူ့ပါတီမှာ ပါတဲ့သူတွေအားလုံးဟာ ကြံ့ဖွံ့အဖွဲ့ဝင်တွေဖြစ်တယ်။ ကြံ့ဖွံ့ တဖြစ်လဲပေါ့ဗျာ” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ခေတ်သစ်ပြည်သူ့ပါတီ၏ ဗဟိုဦးစီးအဖွဲ့ဝင် ဦးအောင်မြင့်အား ဆက်သွယ်မေးမြန်းရာ ၎င်းက မဟုတ်မမှန်ကြောင်း ငြင်းဆိုသည်။

“ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) က အကူအညီယူထားတယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့က အမျိုးသားနိုင်ငံရေးလုပ်တဲ့အခါမှာ မိတ်ဘက်ပါတီအနေနဲ့ ပူးပေါင်းဆောင်ရွက်တာပါ။ ဒီမိုကရေစီနိုင်ငံသစ်တရပ် ဖြစ်ပေါ်ဖို့အတွက်ကို ပြည်ခိုင်ဖြိုးအဖွဲ့ကြီး ကလည်းပဲ တိုင်းကျိုးပြည်ကျိုးကိစ္စတွေကို ဆောင်ရွက်နေတယ်။ ကျနော်တို့ကလည်း တိုင်းကျိုးပြည်ကျိုးကိစ္စတွေကို ဆောင်ရွက်နေတယ်။ ကျနော်တို့အဖွဲ့အနေနဲ့ ကျနော်တို့ဖာသာ ကျနော်တို့ရပ်တည်တာပါ” ဟု ဦးအောင်မြင့်က ခေတ်ပြိုင်သို့ ပြောသည်။

ခေတ်သစ်ပြည်သူ့ပါတီ မဖွဲ့ခင်က ခေတ်သစ်သိပ္ပံနိုင်ငံရေးဘောကဗေဒ လေ့လာရေး ကျောင်းတော်သားစုအမည်ဖြင့် ၁၉၈၀ ခုနှစ်ကတည်းက စတည်ထောင်ကာ အမျိုးသားနိုင်ငံရေးကို လုပ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ခေတ်သစ်ပြည်သူ့ပါတီသည် ခေတ်သစ်သိပ္ပံ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး ကျောင်းတော်သားစုမှ ဖွဲ့စည်း လိုက်သောပါတီဖြစ်ပြီး ပါတီအဖွဲ့ဝင် (၂) သိန်းကျော်ရှိကြောင်း ပါတီခေါင်းဆောင် ဦးထွန်းအောင်ကျော်က ပြောသည်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် အခြားပါတီတခုမှ တာဝန်ရှိသူတဦးကမူ ခေတ်သစ်ပြည်သူ့ပါတီတွင် ပါတီဝင် (၂) သိန်းကျော် ရှိသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ပြောကြားသည်။

၎င်းက “ကျနော်တို့သိသလောက်တော့ အဲဒီ ခေတ်သစ်ပြည်သူ့ပါတီက မြို့တော်ဝန်ပါတီဗျ။ ဘာပဲလုပ်လုပ် မြို့တော်ဝန်ရဲ့ ခွင့်ပြုချက်နဲ့လုပ်တာ။ မြို့တော်ဝန်က သူတို့ကို နေရာတွေ စီစဉ်ပေးထားတယ်။ သူတို့ လစဉ်အစည်းအဝေးလုပ်တာက မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက စည်ပင်ပိုင် အဆောင်အအုံမှာ လုပ်တာ။ အဲဒီ အဆောက်အအုံက ပြိုကျခါနီးနေတော့ အခု ကမာရွတ်မြို့နယ်မှာ လုပ်တယ်။ ဘယ်အဖွဲ့အစည်းကမှ ပါတီ တရားဝင်မဖြစ်သေးခင် လူတွေ အုံနဲ့ကျင်းနဲ့
လူစုလူဝေးနဲ့ ဟောပြောတာတွေ မလုပ်ရပါဘူး။ အခု သူတို့ကတော့ လုပ်နေပါတယ်” ဟု ပြောသည်။

ခေတ်သစ်ပြည်သူ့ပါတီသည် ကြံ့ဖွံ့ကို အမည်ပြောင်းထားသော ပါတီတခုဖြစ်ကြောင်း၊ ပါတီအတွက် လိုအပ်သော ရန်ပုံငွေများကို မြို့တော်ဝန်က ကူညီနေကြောင်း၊ သို့သော် မည်မျှ ငွေကြေးထောက်ပံ့သည်ကို အတိအကျ မသိရကြောင်း အဆိုပါ နိုင်ငံရေးပါတီသစ်တခုမှ တာဝန်ရှိသူက ပြောသည်။

ယခုအခါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့်အဖွဲ့ စုစုပေါင်း (၁၉) ခု ရှိပြီဖြစ်သည်။ ပါတီသစ်အဖြစ် လျှောက်ထားသည့်အဖွဲ့ (၁၆) ခုနှင့် ပါတီဟောင်း (၃) ခုပါဝင်သည်။


No comments: