Wednesday, April 28, 2010

နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ ရွေးကောက်ပွဲ ၀င်ရန်ရှိ

ရန်ပိုင် Wednesday, April 28, 2010

လာမည့် ရွေးကောက်ပွဲတွင် စစ်အစိုးရနှင့် နီးစပ်သည့် နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပါဝင်ယှဉ်ပြိုင် လိမ့်မည်ဟု ရန်ကုန် စီးပွားရေး လုပ်ငန်းရှင်များ အသိုင်းအ၀န်းတွင် ပြောဆိုနေ ကြကြောင်း သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ထူး ကုမ္ပဏီပိုင်ရှင် ဦးတေဇ၊ မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်၊ ယုဇန ဦးဌေးမြင့်တို့ ရွေးကောက်ပွဲ ၀င်လိမ့်မည်ဟု စီးပွားရေး လုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။

“ဦးဝင်းမြင့်နဲ့ သူ့အဖွဲ့ကတော့ ၀င်လိမ့်မယ်၊ တသီးပုဂ္ဂလပဲဝင်မလား၊ ကြံ့ဖွံ့နဲ့ပဲ သူ့ဇာတိ စစ်ကိုင်းတိုင်း တန့်ဆည်ကပဲ ၀င်မလား မသိဘူး”ဟု ၎င်းက ဆိုသည်။

UMFCCI ဥက္ကဋ္ဌ နှင့် စစ်အစိုးရနှင့် စီးပွားရေးသမားကြီးများက စုပေါင်းပြီး “အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီ” ဟု ဖွဲ့စည်း ထား ကြောင်း၊ ယမန်နေ့က ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်သည့် အမျိုးသားဖွံဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီပါတီသည် အဆို ပါစီးပွားရေးလုပ်ငန်းရှင်များ ဖွဲ့စည်းထားသည့် ပါတီဟုထင်မြင်ကြောင်း ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀န်းတွင် ပြောဆိုနေကြသည် ဟု ရန်ကုန်အခြေစိုက် စာနယ်ဇင်းသမားတဦးက ပြောပြသည်။

UMFCCI အဖွဲ့ကို စစ်အစိုးရ အာဏာသိမ်းပြီးနောက် ၁၉၈၉ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းစဉ်က ထည့်သွင်းရေးဆွဲထားသည့် နိုင်ငံရေးနှင့် မပတ်သက်ရ ဟူသော စည်းကမ်းချက်ကိုလည်း ယခုအခါ ပယ်ဖျက်ထားသည်။

စစ်အစိုးရက လာမည့် ရွေးကောက်ပွဲကို စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် လူသိ ထင်ရှားသည့် မြို့မိမြို့ဘများကို ၀င်ရောက် ယှဉ်ပြိုင်ခိုင်းသည်ဟု သိရသည်။

ပြည်တွင်းအခြေစိုက် စီးပွားရေးပညာရှင် တဦးကလည်း စစ်အစိုးရက ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်း အပြင် ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများကိုလည်း ငွေအား လူအားဖြင့် အနိုင်ရရှိရန် ၀င်ရောက် ယှဉ်ပြိုင်စေပြီး လွှတ်တော်တွင် နေရာရယူလိမ့်မည်ဖြစ်သည်ဟု ပြောဆိုသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ ဦးတေဇ က ကချင်ပြည်နယ်၊ ဦးဌေးမြင့် က ၎င်း၏ ဆီအုန်းလုပ်ငန်းများ ရှိသည့် တနင်္သာရီတိုင်း၊ ဦးဇော်ဇော်က ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တချို့မှ ၀င်ရောက်လိမ့်မည်ဟု သိရသည်။

ရတနာပုံ အက်ဖ်စီ ဘောလုံးအသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းသည်လည်း မန္တလေးမြို့နယ်တခုမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု မန္တလေးမြို့ခံတဦးက ပြောသည်။ ၎င်းသည် Alpine သောက်ရေသန့်လုပ်ငန်းနှင့် ဖျော်ရည်လုပ်ငန်း လုပ်ကိုင်နေသူ စီးပွားရေး လုပ်ငန်းရှင်တဦး ဖြစ်သည်။

မကြာသေးမီက ပဲခူးတိုင်း သာဂရမြို့နယ်ရှိ မက်စ်မြန်မာ ကုမ္ပဏီ ပိုင် ဘိလပ်မြေစက်ရုံဖွင့်ပွဲတွင် ဦးဇော်ဇော်က ယခုလောလော ဆယ်တွင် ရွေးကောက်ပွဲ ၀င်ရောက်မည့် အစီအစဉ်မရှိသေးကြောင်း ၎င်းတို့၏ မေးမြန်းချက်ကို ဖြေဆိုသွားသည်ဟု စာနယ်ဇင်း သမားတဦးက ဆိုသည်။

ဦးဇော်ဇော်မှာ လက်ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေပြီး ငွေကျပ်သိန်းပေါင်းများစွာ အသားတင်စိုက် ထုတ်၍ ဘောလုံးကလပ်အသင်း ၈ သင်းကို တည်ထောင်ပေးခဲ့ သူဖြစ်သည်။ ဟိုတယ်လုပ်ငန်း၊ စက်ယန္တရားတင်သွင်းခြင်း လုပ် ငန်း၊ မွန်ပြည်နယ်ရှိ ဘီးလင်းမြို့နယ်တွင် ရော်ဘာခြံ ဧက ၃၀၀၀ စိုက်ပျိုး နေပြီး၊ မက်စ် ဘိလပ်မြေ(Max Cement) ထုတ်လုပ်ရေး စက်ရုံများ၊ ရန်ကုန်- ပဲခူး ကားလမ်းမပိုင်းတွင် လမ်းအခွန် ကောက်ခံရေး လုပ်ငန်း၊ မော်တော်ယာဉ်တင်သွင်းသည့် လုပ်ငန်း၊ နေပြည်တော် တည်ဆောက်ခြင်း လုပ်ငန်း၊ ဖားကန့်ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများကိုလုပ်ကိုင်နေကာ နေပြည်တော်ရှိ နိုင်ငံတကာ အဆင့်မီ အားကစားကွင်း ၂ကွင်း ဆောက်လုပ်ခွင့် ရရှိထားသူဖြစ်သည်။

ဦးတေဇသည် ထူး ကုမ္ပဏီကို တည်ထောင်ထားပြီး သစ်စက်၊ ဆန်စက်၊ မော်တော်ယာဉ်နှင့် စက်ယန္တရားများ တင်သွင်းခြင်း၊ စိုက်ပျိုးရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်တင်ပို့သည့် လုပ်ငန်း၊ကျောက်မျက်လုပ်ငန်း၊ အိမ်တွင်းအလှဆင်လုပ်ငန်း၊သွင်းကုန်ထုတ် ကုန် လုပ်ငန်းအတွက် လိုအပ်သည့် ကွန်တိန်နာ၊ ယန္တရားများ ၀န်ဆောင်မှုပေးသည့်လုပ်ငန်းများကို လုပ်ကိုင်သည်။

၎င်းသည် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများကိုပြေးဆွဲနေသည့် အဲ ပုဂံ(Air Bagan)လေကြောင်းလိုင်းကို တည်ထောင်ထားပြီး မကြာသေးမီက ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းကြီး နှစ်ခုကိုလည်း စစ်အစိုးရနှင့် ဖက်စပ်လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

ဦးတေဇ က မြန်မာနေရှင်နယ်လိဂ်(MNL)ဟုထင်ရှားသည့် ဘောလုံးလောကတွင်လည်း ရန်ကုန်ယူနိုက်တက်ကလပ် အသင်းကို တည်ထောင်ထားပြီး ပြည်တွင်းပြည်ပကစားသမားများကို ခေါ်ယူကာ တနှစ်လျှင် လစာ ကျပ် သိန်းထောင်ချီပေးထားသည်။

ယုဇန ဦးဋ္ဌေးမြင့်မှာ ယခင် ထောက်လှမ်းရေးအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန် နှင့်နီးစပ်သူ စီးပွားရေးသမားတဦးအဖြစ် လူသိများပြီး ယခုအခါ တနင်္သာရီ တိုင်းတွင် ဆီအုန်းခြံ လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ပိုင်ခွင့် ရရှိ ထားသူဖြစ်သည်။

No comments: