Friday, April 30, 2010

မွန်ပြည်သစ်ထိန်းချုပ်ဒေသအတွင်း စစ်အစိုးရက လုံခြုံရေးတိုးမြှင့်ချထား

ဇော်ကြီး။

မွန်ပြည်သစ် ပါတီ ထိန်းချုပ်ရာ မြို့ပေါ် ဒေသအချို့တွင် စစ်အစိုးရ တပ်မှ ကြိုတင်ကာ ကွယ်သည့် အနေဖြင့် လုံခြုံရေး တိုးမြှင့် ချထား သည်ဟု မွန်ပြည်သစ် ပါတီကပြောသည်။

မွန်ပြည်သစ်ပါတီက နယ်ခြားစောင့်တပ်(သို့မဟုတ်) ဌာနေပြည်သူ့စစ်ဖွဲ့ရန် ငြင်းဆိုခဲ့သည့်အပေါ် စစ်အစိုးရ၏ တုန့်ပြန်မှုမည်သို့ရှိမည်ကို မသိရသေးသော်လည်း သတ်မှတ်ရက် ကုန်ဆုံးသည့် ယနေ့တွင် ဘုရားသုံးဆူမြို့ ပေါ်ရှိ စစ်အစိုးရတပ်က မြို့ပေါ်လုံခြုံရေး တိုးမြှင့် ချထားသည်ဟု အမည်မဖော်လိုသည့် မွန်ပြည်သစ်ပါတီမှ အ ရာရှိတစ်ဦးက ယခုလိုပြောသည်။

“သူတို့(စစ်အစိုးရတပ်)ကတော့ အခုကျနော်ရောက်နေတဲ့ သုံးဆူမှာတော့ သုံးဆူမြို့ကို မြို့လုံခြုံရေး ကတော့ တိုးချထားတယ်။”

အလားတူ ရေးမြို့ပေါ်ရှိ တံတားများတွင်လည်း ယခင်ကထက် လုံခြုံရေးပိုမိုတိုးမြှင့်ထား ကြောင်း ၎င်းကဆက် ပြောသည်။

“ပုံမှန်ထက်တော့ နည်းနည်းပိုတယ်။ ပိုတယ်ဆိုတာက လုံခြုံရေးကို ပိုပြီးတော့ ဂရုစိုက်လာတာပေါ့။ ဥ ပမာ ရေးတံတားဖြူမှာဆိုရင် ကတုတ်တွေ၊ ခံကတုတ်ကျင်းတွေ ဆောက်ထားတယ်။ တံတားလုံခြုံရေး အတွက်။ အရင်တုန်းက ဒီကတုတ်ကျင်းတွေမရှိဘူးလေ။ မွန်ပြည်သစ်နဲ့ ငြိမ်းချမ်းရေးရယူတုန်းက တော့ ဒီကတုတ်ကျင်းတွေမရှိဘူး။ အခုကျတော့ ဒီခံကတုတ်ကျင်းတွေ လုပ်ပြီးတော့ သူ့ရဲဘော်တွေ စောင့်နေရတာပေါ့။ ”

အကယ်၍ တိုက်ပွဲဖြစ်ပွားလာပါက ပြည်ပတွင်ရောက်ရှိနေသည့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ ၀င်ဟောင်းများ အနေ နှင့် မိခင်တပ်ဖွဲ့သို့ ပြန်လည်ဝင်ရောက်လာမည်ဟု ကြားသိရကြောင်း မွန်ပြည်သစ်နှင့် နယ်မြေခြင်းထိစပ်နေပြီး ဒေသအတွင်းအခြေအနေကို စောင့်ကြည့်လေ့လာ နေသူ KNU တပ်မဟာ(၆)နယ်မြေမှ ဗိုလ်ကြီးစောထဲနေက ယခုလိုပြောသည်။

“မွန်ပြည်သစ်ပါတီကတော့ အခုတလောမှာ ဟိုးအရင်က တပ်မှူးဟောင်းတွေ ရဲဘော်ဟောင်းတွေ၊ တပ်ထွက်ဟောင်းတွေဟာ၊ ထိုင်းမှာအလုပ်လုပ်နေတဲ့သူတွေဟာ ပြန်ပြီးတော့ ဆက်သွယ်မေးမြန်း တယ်။ သေနတ်သံ ပြန်ပေါက်ပြီလား ပေါက်ပြီဆိုလို့ရှိရင် သူတို့က ပြန်ပြီးတော့ ပြန်လာပူးပေါင်းမယ်။”

ထို့အပြင် စစ်အစိုးရဖက်မှ ပြင်ဆင်ထားပုံနှင့်ပတ်သက်၍ “ကျနော်တို့ ကြားမိသလောက်ကတော့ သူတို့(စစ်အစိုးရတပ်)ပြင်ဆင်တဲ့တပ်တွေက တနင်္သာရီကမ်းရိုးတန်းက စကခ(၈) ရယ်၊ ရေးမြို့က စကခ(၁၉)ရယ်၊ ပြီးလို့ရှိရင် ကော့ကရိတ်က စကခ (၁၂) တစ်ခုရယ် စကခ သုံးခု မွန်ပြည်သစ်ပါတီကို ၀ိုင်း ထားပိတ်ဆို့မယ်လို့ ကျနော်တို့ ကြိုပြီးတော့ သတင်းရ ထားတယ်။” ဟု ၎င်းကပြောသည်။

မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတပ်ဖွဲ့အကြားဖြစ်ပေါ်နေသည့် အခြေအနေနှင့်ပတ်သက်၍ တိုက်ပွဲဖြစ်ပွားမည် ကိုစိုးရိမ်ပြီး ယခုရက်ပိုင်းအတွင်း ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ သို့ ထွက်ပြေးလာသူ ဒေသခံရွာသား ငါးရာကျော်ရှိပြီး ထပ်မံထွက်ပြေးလာရန် ရှိသေးသည်ဟု သိရသည်။

ပြီးခဲ့သည့်အပတ် ဧပြီလ ၂၂ ရက်နေ့က စစ်အစိုးရ၏ စစ်ဖက်ရေးရာအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် မွန် ပြည်သစ်ပါတီမှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ပြီး မွန်ပြည်သစ်ပါတီမှ အသွင်ပြောင်း ရေးကိစ္စကို လက်မခံ ပဲငြင်းဆိုခဲ့သည်။

လတ်တလောအခြေအနေအရ နှစ်ဖက်တပ်ဖွဲ့များအနေနှင့် သိသာထင်ရှားသည့်လှုပ်ရှားမှုများ မရှိသော်လည်း စစ်အစိုးရခေါင်းဆောင်ပိုင်းက အသွင်ပြောင်းရေးနှင့်ပတ်သက်၍ လက်မခံပါက မတရားအသင်းကြေငြာမည်ဟု ပြောဆိုထားသည့်အပေါ် မည်သို့တုန့်ပြန်လာမည်ကို မွန်ပြည်သစ်ပါတီက စောင့်ကြည့်နေသည်။

အလားတူ အခြားအပစ်ရပ်အဖွဲ့များဖြစ်သည့် ကချင်၊ ၀နှင့် ရှမ်းပြည်အရှေ့ပိုင်း မိန်းလား အဖွဲ့တို့သည်လည်း စစ် အစိုးရတောင်းဆိုထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြင်းဆန်ထားပြီး ယနေ့သည် သတ် မှတ်ရက်နောက်ဆုံးနေ့ဖြစ်သည်။


No comments: