Wednesday, April 28, 2010

အပစ်ရပ် SSA ဌာနချုပ် တပ်ဖွဲ့ နအဖလက်အောက်ခံ စိန်ကျော့ဌာနေ ပြည်သူ့စစ်အဖြစ်ပြောင်း

သျှမ်းသံတော်ဆင့်

ဧပြီ ၂၂ ရက် နောက်ဆုံးထား အမည်စာရင်း ပေးပို့၍ ၂၈ ရက် မနက်ဖြန်အပြီး အသွင် ပြောင်းရမည် ဆိုသည့် နအဖ ၏ ဖိအားကြောင့် ဗဟိုကော်မတီအဖွဲ့ရုံးစိုက်ရာ မြောက်ပိုင်းအပစ်ရပ် SSA ဌာချုပ်အား အခမ်းအနားဖြင့် စိန်ကျော့ ဌာနေပြည်သူ့စစ်အဖြစ် တနင်္ဂနွေ နေ့က အသွင် ပြောင်းပေး လိုက်ကြောင်း စုံစမ်း သိရှိရ ပါသည်။

နအဖ ဖိအားကြောင့် မလွဲသာလို့ ပြောင်းလိုက်ရတဲ့သဘော၊ ဧပြီ ၂၅ ရက်နေ့တုန်းက ရမခ ဒုတိုင်းမှူးက အ သွင်ပြောင်း အခမ်းအနားတက်ရောက်တယ်။ လူသူလက်နက်တွေကို စစ်ဆေးပြီး ပြည်သူ့စစ်ကဒ်ပြားတွေ၊ ဌာနေပြည်သူ့စစ်တံဆိပ် တွေ တခါထဲအပ်နှင်းသွားတယ်” - ဟု ဌာနချုပ်နေ ပြည်သူတဦးက ပြောပြပါသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုး အခြေစိုက် ရပခ ဒုတိုင်းမှူးက မြောက်ပိုင်း အပစ်ရပ် သျှမ်းပြည်တပ်မတော် ဌာနချုပ် တပ်ဖွဲ့ဝင်များအား စိန်ကျော့ (ဆိုင်ကျောဝ့်) ဌာနေပြည်သူ့စစ်အဖြစ်အသွင်ပြောင်းပေးလိုက်ခြင်းဖြစfသည်။

“ဌာနချုပ်က ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးစိုင်းအွမ်၊ ဗိုလ်မှူးလိန်ဇင့်တို့ ဦး ဆောင်တဲ့ အင်အား ၁၀၀ နီးပါးကပေါ့ အသွင်ပြောင်းတာ၊ အခုအခြေအနေအရ သုံးသပ်ရင် သူတို့အဖွဲ့က ထိုင်းနယ်စပ်က ဂျပီးကွယ်လားဟူတပ်ဖွဲ့တို့လောက်တောင်အဆင့်မရှိတော့ဘူး” - ဟု လားရှိုးဒေသခံ အကြား အမြင်များသူ တဦးက ပြောပါသည်။

ထို့အတူ ဧပြီ ၂၆ ရက်နေ့ကလည်း ဗိုလ်မှူးကြီးလှမြင့် ဦးဆောင်သည့် မြောက်ပိုင်း အပစ်ရပ် SSA တပ်မဟာ ၃ တပ်မှူးက လူအင်အား ၁၀၀ ကျော်ဦးဆောင်၍ စိန်ကျော့(ဆိုင်ကျောဝ့်) ဌာနချုပ်လာကာ ပြည်သူ့စစ် အသွင်ထပ်ပြောင်းခဲ့သေးသည် ဟု ခိုင်လုံသည့်သတင်းရပ်ကွက်ကလည်းပြောပါသည်။

“အခုကျနော်တို့ ထပ်ကြားသိရတာက တောင်ကြီးက ရာပြည့် လက်ထောက် (ရပခ ဒုတိုင်းမှူး) လဲ ကာလိ လာ မယ် (တပ်မဟာ ၇ ) အသွင်ပြောင်းပေးမယ်လို့ကြားတယ်၊ တပ်မှူး ကေဒါ တပ်သားတွေက အသွင်ပြောင်းဖို့ လက်မခံသေး ဘူး၊ တပ်မဟာ ၇ ပေါ် သြဇာညောင်းတဲ့ ဒု ဥက္ကဌ ဗိုလ်ချုပ်ကိုင်ဖှ လဲမရှိဘူး၊ တခြားတပ်မဟာမှူး တွေဆီသွားပြီး အစည်းအဝေးထိုင်နေတယ်ပြောတယ်”- ဟု ကွန်ဟိန်းမြို့နယ် ကာလိဒေသခံတဦးက ပြော၏။

တပ်မဟာ ၁ ဌာနချုပ် ၀မ့်ဟိုင်းရှိ အရာရှိတဦးက - ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ် ဦးဆောင်သည့် ဌာနချုပ် တပ်ဖွဲ့၊ သီပေါမြို့နယ် မိုင်းခေးအခြေစိုက် ဗိုလ်မှူးလှမြင့် ဦးဆောင်သည့် တပ်မဟာ ၃ တပ်ဖွဲ့ အသွင်ပြောင်း သွားသည်မှာ မြောက်ပိုင်းအပစ်ရပ်သျှမ်းပြည်တပ်မတော်အင်အား အားလုံး၏ ၄ % သာရှိကြောင်း၊ လက်ရှိ တပ်မဟာ ၇ နှင့် တပ်မဟာ ၁ တို့မှာ အသွင်ပြောင်းရေး လုံးဝလက်မခံကြောင်း၊ လက်မခံနိုင်ကြောင်းကိုလည်း ယခုလ ၉ ရက်နေ့ကအစည်းအဝေး ထိုင်ပြီး ဌာနချုပ် စိန်ကျော့သို့ တင်ပြခဲ့ဖူးကြောင်း - သျှမ်းသံတော် ဆင့်သို့ သုံးသပ်ပြပါသည်။

“အပစ်ရပ် SSA နယ်မြေက တခြားအပစ်ရပ်အဖွဲ့တွေလို နယ်စပ်နဲ့ မထိစပ်ဘူး၊ တဘက်ကလဲ အမျိုးသား အကျိုးထက် ကိုယ်ကျိုးဘဲ ဦးစားပေးတော့ သေရေးရှင်ရေးဖြစ်လာရင် ဗိုလ်ချုပ်စိုင်းရီတို့၊ ဗိုလ်မှူးအောင်မြတို့လို နိုင်ငံရေးဦးတည်ချက် အမျိုးသားရေး ဦးတည်ချက်အတွက် တချီတမောင်းနွှဲဦးမယ်ဟေ့ ဆိုတဲ့ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်လဲမချနိုင်ဘူး ပေါ့”- ဟု မန္တလေးရောက် ခေတ်ပညာတတ်လူငယ်တဦး ကပြောပါသည်။

မြောက်ပိုင်း အပစ်ရပ် သျှမ်းပြည်တပ်မတော် လူသူလက်နက် အင်အား ၆၀၀၀ ခန့်ရှိကြောင်း၊ အင်အားအားလုံး အနက် အသွင်ပြောင်းရေးလက်မခံသည့် တပ်မဟာ ၁ တွင် အင်အားထက်ဝက်ကျော်ရှိနေသကဲ့သို့ ကွန်ဟိန်း မြို့နယ် ကာလိ အခြေစိုက် တပ်မဟာ ၇ လည်း ဒုတိယ အင်အားအများဆုံးတပ်မဟာ တခုဖြစ်သည်ဟု သျှမ်းပြည်စစ်ရေးလေ့လာသည့် အဆိုပါလားရှိုးမြို့ခံက ပြောပါသည်။

ယခုလလယ်ပိုင်းက အပစ်ရပ် UWSA ,KIA ,NDAA , SSA တို့ ၄ ဖွဲ့ ပန်ဆန်းမြောက်ဘက် တနေရာ၌တွေ့ဆုံ၍ သဘောတူညီမှု ရယူခဲ့သေး၏။ အပစ်ရပ်တပ်ဖွဲ့တစ်ဖွဲ့ဖွဲ့အား နအဖမှ စတင်ပစ်ခတ်/ကျူးကျော်လာခဲ့လျှင် နေရာအသီးသီးမှာလည်း တန်ပြန်တိုက်ခိုက်ရမည်၊ အချိန်ကိုက် တိုက်ပွဲကျင့်သုံးသွားမည်။ နေရာအားလုံး သတိရှိရမည်။ Command, Control, Communication Center တနေရာ တည်းထားမည်ဟူသည့် သဘောတူညီမှု ရယူစဉ်ကလည်း မြောက်ပိုင်း အပစ်ရပ် SSA လည်းပါဝင်သည်။

No comments: