Wednesday, April 21, 2010

Air Bagan မဏ္ဍပ်မှာ ပျော်ပါးသည့် ဦးတေဇ သား ပုံများ ပျံ့နှံ့

သဲသဲ Wednesday, April 21, 2010

မကြာသေးခင်က ကျင်းပခဲ့သော ရန်ကုန် သင်္ကြန်ပွဲတွင် နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ၏ Air Bagan (အဲပုဂံ) မဏ္ဍပ်၌ ဒီဂျေနှင့် အနောက်အတိုင်း အကများ ဖျော်ဖြေသည့် နိုင်ငံခြားသားများ၊ နောက်ဆုံးပေါ်ကားများဖြင့် မဏ္ဍပ် လာထိုင်သူများနှင့် ကျပ် သိန်းပေါင်း များစွာ အကုန်အကျခံ၍ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ယင်း Air Bagan မဏ္ဍပ်တွင် ဦးတေဇ၏ သားများက အပေါင်းအပါများဖြင့် ပျော်ပါးနေကြသည့် ဓာတ်ပုံများမှာလည်း အင်တာနက် ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။

၎င်းဓာတ်ပုံများကို နာမည်ကြီး ဘလော့တခုဖြစ်သည့် နစ်နေမန်းဘလော့တွင် ဖော်ပြထားသည်။

Air Bagan မဏ္ဍပ်တွင် ယခင်နှစ်များက စိုင်းစိုင်းခမ်းလှိုင်နှင့် ဒီဂျေ သော်သော်အား ပင်တိုင်ထားရှိသော်လည်း ယခုနှစ်တွင် ဒီဂျေနှင့် အနောက်တိုင်းအကများဖြင့်ဖျော်ဖြေသူများမှာ နိုင်ငံခြားသားများဖြစ်ကြောင်း၊ နာမည်ကြီး အဆိုတော်များနှင့် သရုပ်ဆောင်များ မပါဝင်ဘဲ သီချင်းတက်ဆိုသူများမှာ အင်္ဂလိပ် သီချင်းကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်သူများဖြစ်ကြောင်း သိရသည်။

“အရင်နှစ်တွေက ဒီဂျေသော်သော်ကိုငှားနေကျလေ။ ဒီနှစ်ကို မငှားတော့ဘူးဆိုတော့ အံ့သြနေတာ။ နောက်တော့မှ သြစတြေးလျ က ဒီဂျေလို့သိရတယ်။ နောက်ပြီး မဏ္ဍပ်မှာ ရေပက်တဲ့သူတွေထဲမှာလည်း နိုင်ငံခြားသားတွေပါတယ်"ဟု Air Bagan ၀န်ထမ်းတဦး က ဧရာဝတီသို့ ပြောသည်။

အဆိုပါ မဏ္ဍပ်တွင် ရေကစားသည့် လူငယ်တဦးကလည်း“မဏ္ဍပ်မှာ သူတို့ အသိုင်းအ၀ိုင်းတွေပဲများတယ်။ အဲပုဂံက ၀န်ထမ်းတွေ ရယ်၊ နောက် ဦးတေဇပိုင်တဲ့ကုမ္ပဏီက လူတွေများတယ်။ အပြင်လူကနည်းတယ်"ဟု ဆိုသည်။

၎င်းမဏ္ဍပ်သို့ လာရောက် ရေကစားကြသည့် လူငယ်များမှာ နောက်ဆုံးပေါ်ကားများဖြင့် အပြိုင်အဆိုင် လာရောက်ကြခြင်း ဖြစ်ကြောင်းသိရသည်။

“ကားနံပါတ်တွေက နောက်ဆုံးပေါ် နံပါတ်တွေနဲ့ မှန်တွေကလည်း နေကာမှန် အမည်း တွေတပ်ထားတဲ့ကားမျိုးတွေနဲ့ မဏ္ဍပ် လာထိုင်ကြတာ"ဟု Air Bagan မဏ္ဍပ်ကို သွားရောက်ကြည့်ရှုခဲ့သည့် ရန်ကုန်မြို့ခံတဦးကဆိုသည်။

အဆိုပါ Air Bagan မဏ္ဍပ်တွင် အပြင်လူများအနေဖြင့် သင်္ကြန်အကျနေ့မှ အတက်နေ့အထိ သုံးရက်ရေကစားမည်ဆိုလျှင် ကျပ် ၃၀၀၀၀ ပေးရပြီး မဏ္ဍပ်၏ အပြင်အဆင်နှင့် အသုံးပြုထားသော စက်ပစ္စည်းများမှာ အလွန်ကောင်းမွန်ကြောင်း၊ မဏ္ဍပ်၏ အကျယ် အ၀န်းမှာ ပေ ၁၀၀ ခန့်ကျယ်ဝန်းကြောင်း နီးစပ်သည့် အသိုင်းအ၀ိုင်းမှ ကြားသိရသည်။

မဏ္ဍပ်၏ ကုန်ကျစရိတ်အား အတိအကျမသိရသော်လည်း နစ်နေမန်းဘလော့တွင် သိန်း ၅၀၀ ခန့် အကုန်အကျခံ ဆောက်လုပ် ထားခြင်းဖြစ်သည်ဟု ရေးသားထားသည်။

ရန်ကုန်မြို့ရှိရေကစားမဏ္ဍပ်များ၏ မဏ္ဍပ်ထိုင်ခ နှုန်းထားများမှာ ၄ ရက်လျှင် ကျပ် ၄ သောင်းခန့်ရှိပြီး တချို့မဏ္ဍပ်များမှာ ကျပ် ၅ သောင်း အထိရှိကြောင်းသိရသည်။

ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အင်လျားကန်စောင်းအား ကျောပေး ဆောက်လုပ်ထားသော မဏ္ဍပ်များထဲမှ မဏ္ဍပ် ၆ ခုမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး ဖိုးလပြည့်နှင့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ တို့၏ အသိုင်းအ၀ိုင်းများထဲမှ ၎င်းတို့၏ အမည် ကိုအသုံးပြုကာဆောက်လုပ်ထားခြင်းဖြစ်သည်။ ထိုမဏ္ဍပ်များသည် အင်လျားကန်ထဲမှ ရေသွယ်ယူခဲ့ကြောင်း၊ မဏ္ဍပ်၏ အနောက်ဘက်တွင် အခန်းများပြုလုပ်ထားကာ ညအိပ် တည်းခိုနိုင်ရန် စီစဉ်ထားကြောင်း ၎င်းတို့နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှ ကြားသိရသည်။

“အဲ့ဒီမှာ ဆလိုက်မီးတွေအများကြီး သုံးထားတယ်။ ညဘက်မှာ နိုက်ကလပ်လို ပုံစံမျိုးနေလို့ရအောင် လုပ်ထားတယ်။ မဏ္ဍပ် ကုန်ကျငွေက အနည်းဆုံး ကျပ်သိန်း ၁၀၀ အထက်မှာရှိတယ်"ဟု အဆိုပါ မဏ္ဍပ်တွင် ရေကစားသည့် လူငယ်တဦးက ပြော သည်။

အာဏာပိုင်များက၂၀၁၀ သင်္ကြန် မဏ္ဍပ်များ၏ နောက်ခံအပြင်အဆင်များကို မြန်မာ့ရိုးရာ ပန်းချီဒီဇိုင်းများနှင့် ပြုလုပ်ရန်၊ သင်္ကြန် မဏ္ဍပ် အမည်များကို မြန်မာဆန်ဆန် ပေးကြရန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်မအပ်စပ်သော ၀တ်စားဆင်ယင်မှု ကခုန်မှု သရုပ်ပျက်မှုများအား လုံးဝ ခွင့်မပြုရန်၊ မဏ္ဍပ်တွင် မြန်မာ့ရိုးရာ အစားအစာဖြင့်သာ ဧည့်ခံကျွေးမွေးရန် စသည်ဖြင့် သင်္ကြန်မတိုင်ခင် စည်းကမ်းချက်များ ထုတ်ပြန်ထားသည်။

သို့သော် ရန်ကုန်မြို့ ကန်တော်ကြီးကန်ပတ်လမ်းတွင်ရှိသည့် ရေကစားမဏ္ဍပ်များအား ပေးထားသည့် အမည်များမှာ မြန်မာဆန် သည့် အမည်များမဟုတ်ကြောင်းလည်း သိရသည်။

“ပြောတော့သာ မြန်မာဆန်တဲ့ အမည်ပေးရမယ်ဆိုပြီး တချို့ဆို ငရဲပြည် လို့တောင် ပေးထားသေးတယ်။ ကျမအထင် သူတို့တွေ စည်ပင်ကိုတင်တော့ မြန်မာနာမည်နဲ့တင်ပြီး နောက်မှ သူတို့ပေးချင်တဲ့ နာမည်ပေးလိုက်တာလို့ထင်တယ်"ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ထို့အပြင် အဆိုပါ ကန်တော်ကြီး ကန်ပတ်လမ်းမှ မဏ္ဍပ်များကို အမည်းရောင်များဖြင့် တန်ဆာဆင်ထားသဖြင့် အတိတ်နိမိတ် မကောင်းကာ ၀မ်းနည်းဖွယ်ရာ အဖြစ်အပျက်များနှင့် ကြုံတွေ့ကြရခြင်းဖြစ်သည်ဟုလည်း ရန်ကုန်မြို့ခံများက ဝေဖန်ပြောဆို နေကြသည်။

ပြီးခဲ့သည့် သင်္ကြန်အကြတ်နေ့က ရန်ကုန် ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်အနီး ဗုံး ၃ လုံးဆက်တိုက် ပေါက်ကွဲ မှုကြောင့် လူ ၈ ဦး သေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၇၀ ရှိကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။

ယခုနှစ် သင်္ကြန်ရေသဘင်ပွဲကို မြန်မာနိုင်ငံတွင် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ကျင်းပခြင်းဖြစ်သည်။

No comments: