Tuesday, April 27, 2010

ကယားပြည်နယ် ရဲစခန်းတွင် ဗုံးပေါက်ကွဲ

နှောင်းလှိုင်/ ၂၇ ဧပြီ ၂၀၁၀။

ကယားပြည်နယ် လွိုင်ကော်မြို့( သီရိဒေါ) နာရီစင်အောက်မှ ရဲစခန်းတွင် ယနေ့မနက် ၁၀ နာရီခွဲ အချိန်တွင် ဗုံးတလုံးပေါက်ကွဲသည်ဟု လွိုင်ကော်ဒေသခံ တဦးက ပြောပါသည်။

“လွိုင်ကော်မှာ တစ်ခါမှ မဖြစ်ဖူးဘူး စောစောက နေ့လည် ၁၀း၃၀ လောက်မှာ လူနှစ်ယောက်ကို တောင်ဈေးထဲမှာ မိုင်းထောင်ဖို့ လုပ်နေတော့ ရဲတွေက မိသွားတယ် အဲဒါ အဲဒီ လူကို ရဲစခန်းခေါ်သွားတော့ သူ့ဆီမှာ ဗုံးတစ်လုံးပါသေးတော့ ရဲစခန်းမှာကွဲသွားတယ်တဲ့ ဘယ်နှစ်ယောက် သေလဲတော့ မသိဘူး။ အဲဒီ နှစ်ယောက်ထဲက တစ်ယောက်က သေသွားတယ် တစ်ယောက်က လွတ်သွားတယ်လို့ ပြောတယ်”ဟု လွိုင်ကော်ဒေသခံ တဦးက ပြောပါသည်။

ဗုံးထောင်ရန် ကြိုးစားသည့် လူ၂ ဦးတွင် တဦးသည် ရဲများဖမ်းမိပြီး တဦးမှာ လွတ်သွားသည်။ ရဲများ ဖမ်းမိသော ဗုံးထောင်သူ တဦးသည် ၄င်းနှင့်အတူ ပါသွားသောဗုံးတလုံးက ရဲစခန်းတွင် ပေါက်ကွဲပြီး သေဆုံးသွားသည်။ သို့သော် အားလုံး မည်မျှထိခိုက်ဒဏ်ရာရပြီး၊ မည်မျှသေဆုံးသည်ကို အတိအကျ မသိရှိသေးပါ။

“အခုထိ သွားတာက ရဲတွေပဲ ရဲစခန်းမှာဆိုတော့ ဘယ်နှစ်ယောက်လဲ မသိသေးဘူး” ဟု ၄င်းဒေသခံ တဦးက ပြောပါသည်။

ဗုံးပေါက်ကွဲပြီး နောက်ပိုင်းတွင် ၄င်းရဲစခန်းသည် ယာယီပိတ်ထားရသည်ဟု သိရသည်။

No comments: