Sunday, April 25, 2010

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၅၉

မင်းဟန်

(၂ဝ၇)
၁၉၉၈ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်။
အညာစုရွာအနီး…။
၁၃ ရက် ရှိလေပြီ…။ ကြိုတင်သယ်ဆောင်လာခဲ့သည့် အစားအစာများက ပျက်ပြီ။ အဓိကမှာ …သောက်သုံးရေ ဖြစ်သည်။ ရေပြတ်လပ်မှုက အကြီးမားဆုံးအခက်အခဲ…။

သို့သော်… အနီးရှိ ချောင်းရိုးအတွင်းမှ ရေကို ကြိုချက်၍ သောက်လျှင်မူ ရနိုင်၏။ ချောင်းရေက … ကော်ဖီဖျော့ဖျော့ အရောင်သန်းနေ၏။ မိုးရွာချလိုက်လျှင်မူ… ချောင်းရေသည် ပိုမို၍ နောက်ကျိသွား၏။ ညဦးယံမှစ၍ ရွာနေခဲ့သော မိုးသည် မိုးသောက်ယံတိုင်သည်အထိ စွေနေဆဲ…။ မြားအစင်းပေါင်းများစွာ ပစ်လွှတ်လိုက်သည်ကဲ့သို့ …မိုးစက်တို့က ထိုးဆင်းလာပြီး ဆလွန်းကားငယ်၏ နောက်ကာမှန်သားပြင်အား ဝင်၍ဆောင့်၏။ ပြီးလျှင် … ရေစီးကြောင်းလေးများအဖြစ်နှင့် မှန်သားပြင်အထက်၌ စီးဆင်း၏။ အုံ့ဆိုင်းသော တိမ်ဆိုင်တို့ကြောင့် နေဝန်းအား မမြင်တွေ့ရ။ ကောင်းကင်သည် မှိုင်းပျော့ပျော့…။ အပြင်တွင် အေးစိမ့်၍နေပေလိမ်မည်။ ဆလွန်းကားအတွင်း၌က … နွေးနွေးထွေးထွေး…။ အနေကျဉ်းကျပ်သော်လည်း ကားအတွင်း၌က သဘာဝရာသီဥတု၏ ဒဏ်အား အကာအကွယ်ရစေ၏။

လွန်ခဲ့သည့် ၁၂ ရက်အတွင်း တဖြည်းဖြည်းနှင့် အစာအဟာရ ချို့တဲ့လာမှုကြောင့် အားအင်တို့က သိသိသာသာပင် ဆုတ်ယုတ်၍ လာသည်။ မျက်ဝန်းများက …ဝေဝေဝါးဝါး၊ မှုန်မှုန်မှိုင်းမှိုင်း…။ ဦးခေါင်းအတွင်း၌ မူးနောက်၍နေသည်။ နား ၂ ဖက်တွင်က … ပုဇဉ်းရင်ကွဲအကောင်ပေါင်းများစွာ အော်မြည်နေသကဲ့သို့ ဆူညံနေ၏။ ရင်ဝတွင်မူ ….ရေနွေးအိတ်ပူပူကြီးအား ဖိကပ်ထားသကဲ့သို့ ပူလောင်နေသည်။ ခြေလက်များက မလှုပ်ချင်…။ ဦးခေါင်းအား တနေရာမှ တနေရာသို့ လှည့်လိုက်လျှင်က… မူးဝေမှုအား ပြင်းပြင်းထန်ထန် ခံစားရ၏။ နေအိမ်အကျယ်ချုပ်နှင့် ချုပ်နှောင်ခံခဲ့ရစဉ်က … ဖြစ်ပေါ်ခဲ့ဖူးသည့် ကြောရိုးနှင့် ပတ်သက်သည့်ရောဂါက … အရိယာပုဒ်မမျှတသည့် အနေအထိုင်ကြောင့် ပြန်၍ ဖြစ်ချင်လာသည်။

အန်ကယ်ဦးလှဖေသည်လည်း သူ၏ ဗင်ကားအတွင်း၌ပင် မိုးခို၍နေသည်။ မိုးကမစဲသေး…။

သစ်သားတံတားငယ်၏အောက်၌ ချောင်းရေတို့က စဉ်ဆက်မပြတ် စီးဆင်း၍ နေသည်။ ချောင်းမှသည်မြစ်…။ မြစ်မှသည် ပင်လယ်ဆီသို့ …။ တံတားအောက်မှ ရေအလျင်သည် တချိန်တွင်မူ ပင်လယ်သို့ ရောက်မည်ပင်…။

လွတ်လပ်သည့်နိုင်ငံတွင် လွတ်လပ်သည့် နိုင်ငံသားများက … အဘယ်ကြောင့်များ လွတ်လွတ်လပ်လပ် သွားလာခွင့်မရ..၊ ဖြစ်နေရပါသနည်း…။ ဤမျှသော အခြေခံလွတ်လပ်ခွင့် အခွင့်အရေးသည်ပင်လျှင် ဤနိုင်ငံ၌ ဆုံးရှုံးနေ၏။ ဆိပ်သုဉ်း၍နေ၏။ အာဏာပို်င်တို့က … ဤမျှသော အခြေခံအခွင့်အရေးကိုပင် မည်သည့်အတွက်ကြောင့် ပိတ်ပင်ချိုးဖောက်၍ နေကြရသနည်း…။

အတွေးတို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ဆလွန်းကားငယ်လေးအတွင်း၌ ငြိမ်သက်စွာ လဲလျောင်း၍ နေသည်။
လွန်ခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၁ဝ နာရီခန့်က ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မှ ထွက်ခဲ့၏။ ခရီးစဉ်က ပုသိမ်သို့သွားရန် ဖြစ်သည်။ ဧရာဝတီတိုင်း တာဝန်ခံ၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးလှဖေ (မော်ကျွန်း) လည်း ပါ၏။ ခရီးစဉ်၏ ရည်ရွယ်ချက်က လူထုစည်းရုံးရေး ခရီးစဉ်မဟုတ်…။ အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား သက်ဆိုင်ရာ အာဏာပိုင်တို့က …‘ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ’ နှင့် မတရား အရေးယူဆောင်ရွက်နေသည့် အရေးအား သွားရောက်၍ ဖြေရှင်းရန် ထွက်ခဲ့သည့် ခရီးဖြစ်သည်။ ဆလွန်းကားတစီး၊ ဗင်ကားတစီးဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်၊ ပုသိမ်ကားလမ်းအတိုင်း ထွက်ခဲ့ကြ၏။ ထန်းတပင်မြို့နယ်၊ ပန်တိုင်ရွာ (အညာစု) အနီးသို့ အရောက်တွင် ချောင်းကူးတံတားငယ်၏ တဖက်ထိပ်မှ လုံခြုံရေးတပ်သားတို့က သံဆူးကြိုးခွေများနှင့် လမ်းအား ပိတ်ထားလိုက်ကြ၏။ ရှေ့ဆက်သွားခွင့် မပြုတော့…။

ဤသို့ ဟန့်တားပိတ်ဆို့မှုမျိုးက …လွန်ခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က … ရန်ကုန်မှ ပုသိမ်သို့ သွားရောက်သည့် ခရီးစဉ်တွင်လည်း ယခုကဲ့သို့ပင် အညာစုရွာအနီး၊ အာဏာပိုင်တို့၏ ပိတ်ဆို့ခြင်းအား ခံခဲ့ရဖူး၏။ ၆ ရက်အကြာ ပိတ်ဆို့ထားပြီး အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်တို့အား အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်၍ ရန်ကုန်သို့ ပြန်ပို့ခဲ့သဖြင့် ပုသိမ်မြို့သို့ သွားရောက်သည့် ခရီးစဉ်က ပျက်ခဲ့ရသည်။

ပုသိမ်ခရီးစဉ် မတိုင်မီ ယခင်က သွားရောက်ခဲ့သည့် ပဲခူးတိုင်း၊ မင်းလှခရီးစဉ်နှင့် ဧရာဝတီတိုင်း၊ ပန်းတနော် ခရီးစဉ်များတွင်လည်း …လမ်းခုလပ်၌ ယခုကဲ့သို့ပင် အာဏာပိုင်တို့က ဟန့်တားပိတ်ဆို့ထားခဲ့ကြ၏။ သို့သော်… ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံမည့် မင်းလှမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှမိုးနှင့် ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ်တို့အား အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ထံသို့ ခေါ်ဆောင်လာ၍ တွေ့ဆုံခွင့်ပေးခဲ့သဖြင့် ခရီးစဉ်အား ဖျက်၍ ရန်ကုန်သို့ ပြန်ခဲ့ကြ၏။

ယခုခရီးစဉ်တွင်လည်း အာဏာပိုက်တို့က လမ်းပိတ်၍ ထားပြန်လေပြီ။ မည်သို့ အဆုံးသတ်မည်နည်း။

စွေသောမိုးက စဲ၍သွားပြီ။ မိုးရေဝသဖြင့် စပါးပင်တို့က စိုစိုလွင်လွင်…။ တခွင်တပြင်လုံးက မြသားရောင်အသွေးနှင့် …ပြန့်ပြန့်ဖြူးဖြူး…။

အာဏာပိုင်တို့မှ ခွင့်ပြုသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း ရောက်လာ၏။ သြဂုတ်လ ၂၁ ရက်ကလည်း၊ ပထမအကြိမ် ဒေါက်တာတင်မျိုးဝင်း လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအား စမ်းသပ်စစ်ဆေးခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးက မကောင်း…။ အနားယူရန် လိုသည်။ အာဟာရဖြစ်စေမည့် အစားအသောက်များအား စာသောက်ရန် လို၏။ သို့သော်… အခြေအနေက မပေး…။ လွတ်လပ်စွာ သွားလာခွင့်ဟူသည့် အခြေခံလူ့အခွင့်အရေးအတွက် တိုက်ပွဲဆင်နေရသည်။

ဒေါက်တာတင်မျိုးဝင်းက ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာရေး စစ်ဆေး၏။ လွန်ခဲ့သည့် ၃ ရက်က အခြေအနေထက် များစွာ ဆိုးဝါးနေ၏။ သွေးပေါင်က အလွန်အမင်း ကျဆင်းနေသည်။ နှလုံးမှာလည်း အားနည်းလွန်းလှ၏။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေက အထူးစိုးရိမ်ဖွယ်ရာ အခြေအနေ…။ မဖြစ်…။ ဒေါ်အောင်ဆန်းစုကြည် လက်ရှိကျန်းမာရေးအခြေအနေနှင့် ဤနေရာတွင်ရပ်၍ ဆက်လက်တိုက်ပွဲဝင်ရန် မသင့်…။ ရှေ့သို့ချီလှမ်းရမည့် ဒီမိုကရေစီခရီးက ရှိသေး၏။ အားလုံးက ဝိုင်း၍ တိုက်တွန်းကြ၏။ တောင်းပန်ကြ၏။ နေအိမ်သို့ပြန်၍ ကျန်းမာရေးကုသမှုအား စနစ်တကျခံယူရန် ဒေါ်အောင်ဆန်းစုကြည်အား တောင်းဆိုကြ၏။ အဆုံးတွင် နေအိမ်သို့ပြန်ရန် ဒေါ်အောင်ဆန်းစုကြည် သဘောတူလိုက်၏။ ရှေ့ခရီးအတွက် နောက်တလှမ်းဆုတ်ခြင်းမျှသာ….။ ၁၃ ရက်မြောက် ညနေ…။

“လွင်တီးခေါင်ကြီး နေပူထီးထီး
သံထည်တွေချည်း ကျဉ်းကျဉ်းထဲမှာ
ဒီလိုမျိုးညှဉ်းဆဲတဲ့ဒဏ်
ဘယ်သူဘယ်တုန်းက
ဘယ်လောက်ကြာကြာ ခံစားဖူးပါသလဲ။

ကွင်းထီးထီးမှာ
မှောင်ကြီးကျလည်း အမေနေရတယ်။

ကွင်းထီးထီးမှာ
မိုးကြမ်းကြီးရွာချလည်း
အမေနေရတယ်။”

(အဝေးလူ၏ ၁၂ ရက်မြောက် ညနေမှ)


(၂ဝ၈)

အမှတ် (၉၇/ခ) ၊ အနောက်ရွှေဂုံတိုင်လမ်း။
၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။
ရွှေဂုံတိုင်ရှိ ဌာနချုပ် အစည်းအဝေးခန်းမအတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီအမျိုးသားကွန်ကရက်မှ ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံ၍ ဆွေးနွေးကြ၏။ အကြောင်းအရာက … ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိစ္စပင် ဖြစ်၏။

အဖွဲ့ချုပ်မှ ၁၉၉၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့စွဲနှင့် ရက်ပေါင်း ၆ဝ အတွင်း ပြည်သူ့လွှတ်တော်အား ခေါ်ယူပေးရန် အာဏာပိုင်များထံသို့ တောင်းဆိုထားခဲ့၏။ ရက်ပေါင်း ၆ဝ ဟူသည်ကား…. ၁၉၉၈ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့တွင် ပြည့်ခဲ့ပြီဖြစ်၏။ စစ်အုပ်စုက လွှတ်တော်အား ခေါ်ယူပေးခြင်းမရှိ…။ သို့သော် …. လွှတ်တော်ကိုယ်စားလှယ်များကိုမူ တပ်စခန်းအသီးသီး၌ ခေါ်ယူ၍ ထိန်းသိမ်းထားလိုက်၏။

ယနေ့ထိ…. လွှတ်တော်ကိုယ်စားလှယ် ၁၉၅ ဦးနှင့် အဖွဲ့ဝင် ၆ဝ၇ ဦးတို့အား စစ်အုပ်စုက ထိန်းသိမ်းထားလိုက်၏။ ထိန်းသိမ်းခြင်း ခံနေကြရသည့် သူများမှာလည်း အကျဉ်းစခန်းအတွင်း စစ်အုပ်စုမှ မေးသည့် မေးခွန်းများအား ဖြေနေကြရသည်။

(၁) NLD ဗဟို၏ လက်ရှိအခြေအနေနှင့် လျှောက်လှမ်းနေသည့် နိုင်ငံရေးလမ်းကြောင်းအပေါ် သဘောထား၊
(၂) NLD အနေနှင့် လွှတ်တော်ခေါ်ယူသည့်အပေါ် သဘောထား
(၃) လွှတ်တော်ခေါ်ယူမပေးပါက ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေးအခြေအနေများအပေါ် အမြင်
(၄) လွှတ်တော်ခေါ်ယူပေးပါက ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးအခြေအနေများအပေါ် အမြင်၊
(၅) ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ရွှေ၊ ဦးတင်ဦးနှင့် အခြားဗဟိုအလုပ်မှုဆောင်များအပေါ် သဘောထား၊
(၆) နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအပေါ် သဘောထား၊
(၇) ထိန်းသိမ်းခံထားရမှုနှင့်ပတ်သက်၍ အာဏာပိုင်တို့အပေါ် သဘောထား၊
(၈) NLD က ပြည်သူ့လွှတ်တော်ခေါ်ယူရေးသည် တရားဝင်/မဝင်၊
(၉) NLD က ပြည်သူ့လွှတ်တော်ခေါ်ယူလျှင် တက်ရောက်မည်/ မတက်ရောက်မည်၊
(၁ဝ) NLD က ပြည်သူ့လွှတ်တော်ခေါ်ယူနိုင်ရန် လုပ်ပိုင်ခွင့်အာဏာ (Mandate) ပေး/မပေး…။ စသည့် အာဏာရှင်၏ မေးခွန်းကြီး ၁ဝ ခွန်းအား ရေးဖြေ၊ ဖြေနေကြရ၏။ ဤအခြေအနေတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအားလုံး ပါဝင်နိုင်မည့် အစည်းအဝေးတရပ်အား ခေါ်ယူရန်မှာမလွယ်…. မဖြစ်နိုင်။ သို့ဖြစ်၍… ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီအမျိုးသားကွန်ကရက်မှ ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံ၍ ဆွေးနွေးကြရခြင်း ဖြစ်သည်။

နောက်ဆုံးတွင်မူ… အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီအမျိုးသားကွန်ကရက်တို့၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ကိုယ်စားပြုသည့် ‘ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ’ အား ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြ၏။

၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ ရက်စွဲနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ ကြေညာချက်တစောင်အား ထုတ်ပြန်လိုက်၏။

“၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၄၈၅ ဦး ရွေးကောက်တင်မြှောက်ခံကြရသည်။ ၎င်းတို့အနက် ၂၆ ဦး ကွယ်လွန်သွားကြသဖြင့် ၄၅၉ ဦး ကျန်ရှိပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မိတ်ဆွေပါတီများ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ ဆောင်ရွက်နိုင်ခွင့် ပေးထားသည့် အရေအတွက်မှာ ၂၅၁ ဦး ဖြစ်ပါသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စား တရားဝင် ဆုံးဖြတ်လုပ်ကိုင်နိုင်ခွင့် ရှိပါသည်။”

ပြီးလျှင်….
“၁၉၉ဝ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှ တင်မြှောက်လိုက်သော ပြည်သူ့လွှတ်တော် ကိုယ်စားပြုသည့် ကော်မတီ” ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ပါသည်”

ဥက္ကဋ္ဌက ဦးအောင်ရွှေ၊ အတွင်းရေးမှူးများမှာ ဦးသန်းထွန်း၊ ဦးအေးသာအောင်တို့ ဖြစ်ကြပြီး၊ အဖွဲ့ဝင်များက… ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးလွင်၊ ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးလွန်းတင်နှင့် ဦးညွန့်ဝေတို့ ဖြစ်သည်။


No comments: