Friday, April 23, 2010

ကေအိုင်အိုတပ်ဖွဲ့၏ တိုက်နယ်ရုံး စစ်ဆေးခံရနှစ်ဖက်စစ်ရေး တင်းမာ

ခိုင်လင်း/ ၂၃ ဧပြီ ၂ဝ၁ဝ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ ဖားကန့်-ဆိုင်းတောင် တိုက်နယ်ရုံးအား နယ်မြေခံအာဏာပိုင်များက ယမန်နေ့ညပိုင်း ဝင်ရောက်ရှာဖွေမှုများ လုပ်ခဲ့သည်။

ယခင်က စစ်ဆေးခြင်းမျိုးမရှိဘဲ ယခုကျမှသာ ဧည့်စာရင်းစစ်ရန် အကြောင်းပြပြီး စစ်တပ်၊ ရဲ၊ ကျေးရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက)၊ မီးသတ်တပ်ဖွဲ့ စသည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ကေအိုင်အိုတပ်ဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက “မနေ့ည (၁ဝ) ကျော်လောက်မှာ ရယကတို့၊ စစ်တပ်၊ ရဲ၊ မီးသတ် အားလုံး လူ (၂ဝ) လောက်ရှိမယ်။ ဆိုင်းတောင်က အဲဒီအိမ်မှာ တိုက်နယ်မှူးနဲ့ ရဲဘော် (၄-၅) ယောက်လောက်နေတယ်။ အိမ်လည်း ဟုတ်၊ ရုံးလည်း ဟုတ်ပေါ့။ အခုကျမှ ဧည့်စာရင်းစစ်ပါတယ်ဆိုပြီး အိမ်ထဲဝင် ဟိုရှာဒီရှာ လုပ်တာ။ အခြားအိမ်တွေကို အဲလို မစစ်ဘဲ သူ့ကိုပဲလုပ်တော့ တမင်သက်သက် ရန်စသလိုမျိုးလို့ ရုံးကလူတွေက ယူဆနေကြတယ်” ဟု ပြောသည်။

မကြာသေးမီရက်ပိုင်းကလည်း ကေအိုင်အို၏ တပ်ရင်း (၆) အနီးတွင် နအဖစစ်တပ်မှ စစ်ကြောင်းတကြောင်း ရောက်လာခဲ့ပြီး ဂိတ်စခန်းတခုဖွင့်လှစ်ရန် ပြင်ဆင်နေသဖြင့် ကေအိုင်အိုဘက်မှ စစ်ရေးသတိဖြင့် စောင့်ကြည့်နေရသည်ဟု ဖားကန့်ဒေသခံ တဦးက ပြောသည်။

၎င်းက “လုံးခင်းမှာ ရှေ့တန်းတာဝန်ကျနေတဲ့ မပခလက်အောက်ခံ စစ်ကြောင်းတခုက ဆန်ခါမှာရှိတဲ့ ကေအိုင်အေ တပ်ရင်း (၆) စခန်းနားကို ပြီးခဲ့တဲ့ (၁၇) ရက်နေ့က ရောက်သွားတယ်။ ကေအိုင်အေကတော့ တပ်လှန့်ထားတယ်။ သူတို့က အဲဒီ ဆန်ခါနားမှာ ဂိတ်စခန်းတခု ဖွင့်မယ်ဆိုပြီး အခု ပြင်နေကြတယ်။ မှော်ထဲကလူတွေက တပ်ရင်း (၆) ကို အလုပ်ကိစ္စအတွက် သွားတာ လာတာရှိတယ်။ အဲလို အဝင် အထွက်တွေကို စစ်ဆေးချင်ပုံရတယ်။ အခုချိန်မှာ ကေအိုင်အိုက နယ်ခြားစောင့်ကိစ္စ ပေါ်နေတော့ သတိထားစောင့်ကြည့်နေတယ်၊ စစ်ရေးအရ ပြင်ဆင်ထားတယ်” ဟု ပြောသည်။

ကေအိုင်အိုတပ်ဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ယခုလ (၂၂) ရက်မှ (၂၈) ရက်အတွင်း အကြောင်းပြန်ရန် ပြောဆိုထားပြီး နယ်ခြားစောင့်တပ် လက်မခံပါက အပစ်ရပ်စာချုပ် ပျက်ပြီး ၁၉၉၄ ခုနှစ် မတိုင်မီက အခြေအနေအတိုင်း ပြန်ရောက်သွားမည်ဟု နအဖဘက်က ပြောဆိုထားသည်။

ကေအိုင်အိုအဖွဲ့ကမူ နယ်ခြားစောင့်တပ်အစား ပြည်ထောင်စုတပ်မတော်အတွင်းရှိ ကချင်လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် ဖွဲ့စည်းလိုကြောင်း ယခုလ (၁၆) ရက်က တရုတ်-မြန်မာနယ်စပ် ကေအိုင်အိုဌာနချုပ်၊ လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည့် လူထုအစည်းဝေးအတွင်း ပြောဆိုထားသည်။

No comments: