ရန်ကုန်သားတာတေ
နေပြည်တော် သေနာ သီရိ မြို့နယ် အတွင်းရှိ လယ်ကွင်း ပြင်ပေါ်တွင် ထီးတည်းရပ်ကာ ပုဆိုးကွင်းသိုင်း ထားသည့် လူတဦး “ကြံ့ဖွံကို မဲပေးပါ၊ ကြံ့ဖွံ့ကို မဲပေးပါ” ဟု အသံကုန် ဟစ်အော်နေသည်။ သူ့ရှေ့တွင် ရိုးပြတ်များ၊ ကောက်ရိုးပုံများနှင့် မြက်စားနေသည့် နွားနှစ်ကောင်သာ ရှိသည်ဟု ထင်ရ၏။
တကယ်တော့ ထိုမျှမကပါ … သူ ဟစ်အော်နေသည်ကို စိတ်ပျက်လက်ပျက် ကြည့်နေသည့် နေပြည်တော်အခြေစိုက် ကြပ်တအုပ်လည်း ရှိနေပါသည်။ နာနာဘာဝ ဖြစ်သည့် ကြပ်များကို ထိုသူ မမြင်နိုင်ပေ။ ထိုစဉ် ထို ကြပ်အုပ်နားသို့ ဦးရုက္ခစိုးကြီးလည်း ရောက်လာသည်။ ဦးရုက္ခစိုးကြီးကို ကြပ်ခေါင်းဆောင် ကြပ်ငပွေးက ဆီးကြိုလိုက်၏။
ကြပ်ငပွေး။ ။ အိုင်ဆေး ဦးရုက္ခစိုး … မြန်လှချည်လားဗျ။ ကျုပ်ကဖြင့် ခုနကမှ မက်ဆေ့ခ်ျ ပို့လိုက်တာကို။
ရုက္ခစိုး။ ။ မြန်ဆို … နတ်တို့တန်ခိုးနဲ့ နှစ်ဆတိုးတဲ့ အလျင်ကို ဖန်ဆင်းပြီး လာတာကိုးကွဲ့။ ကဲ ဆိုစမ်းပါဦး ကြပ်ငပွေးရာ။ ဘာတွေဖြစ်နေတာလဲ။
ကြပ်ငပွေး။ ။ ဘာတွေ ဖြစ်ရမလဲဗျာ။ အဲဟိုက အော်နေ ဟစ်နေတဲ့ လူကို ကြည့်စမ်းပါဦး။ သူ့ဘာသာ အော်တာက အရေးမကြီးဘူး ကျုပ်တို့ ကြပ်တွေ အိပ်ရေးပျက်တယ်ဗျ။
ရုက္ခစိုး။ ။ အေး ဟုတ်သားပဲ … မင်းတို့ ကြပ်တွေက ညဘက်ပျော်ပြီး နေ့ဘက်ကျမှ နားရတာကိုး။ မှန်းစမ်း ဘယ်သူပါလိမ့်။ သြော် … လတ်စသတ်တော့ ဦးရွှေပန်းပဲ။
ကြပ်ငပွေး။ ။ ဘယ်ကလူရွှင်တော်လဲဗျ၊ ပုဆိုးကြီးလည်း ကွင်းသိုင်းလို့။
ရုက္ခစိုး။ ။ လူရွှင်တော် မဟုတ်ပါဘူးကွယ်။ စစ်တပ်က ကသောကမျော ထွက်လာခဲ့တဲ့သူဆိုတော့ ချက်ချင်း ပုဆိုး မဝတ်တတ်ရှာသေးလို့ပါ။ သူက ဒီ နေပြည်တော် သေနာ သီရိ မြို့နယ်မှာ ပြည်နယ်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ပွဲ ဝင်မှာတဲ့။ အဲဒါကြောင့် စည်းရုံးရေးဆင်းနေတာ နေမှာပေါ့။
ကြပ်ငပွေး။ ။ ဟား … ပြဿနာပဲ … ဒီ မြို့နယ်တွေမှာ လူဖြင့်မရှိဘဲဟာ။ ဘယ်သကောင့်သားကို စည်းရုံးရေး ဆင်းမှာလဲ ဦးရုက္ခစိုးရဲ့။
ရုက္ခစိုး။ ။ လောလောဆယ်တော့ သူ့ရှေ့က နွားနှစ်ကောင်ကို အရင် စည်းရုံးမယ် ထင်ပါ့ ငပွေးရယ်။ ကဲ ကဲ မင်း သိချင်သပါ့ဆို ကိုယ်ထင်ပြပြီး မေးကြည့်ကြတာပေါ့။ လာလေ့ … လက်ညှိုးထောင် ကိုယ်ရောင် လင်းလိုက်မကွဲ့။
ဦးရုက္ခစိုးက ကိုယ်ထင်ပြလိုက်သည်နှင့် တပြိုင်နက် ကြပ်ငပွေးကလည်း အားကျမခံ ကျွမ်းနှစ်ပတ်ပစ်ကာ ကိုယ်ထင်ပြလိုက် သဖြင့် ဦးရွှေပန်း ရုတ်တရက် လန့်သွားသည်။
ရွှေပန်း။ ။ ကြံ့ဖွံ့ကို … အမေကယ်ပါ၊ အဘကယ်ပါ၊ ချိုကုပ်ဒူးကြီးကယ်ပါ၊ ကယ်လို့ရသမျှ အကုန်ကယ်ပါ။ ဟာ … ဘယ်လို သတ္တဝါလည်းဟ ...။ ဟိုမရောက် ဒီမရောက်နဲ့ … တော်တော်အချိုးမကျတဲ့ ကောင်ပဲ။
ကြပ်ငပွေးကို ကြည့်၍ ပြောလိုက်ခြင်းဖြစ်ရာ ငပွေး နည်းနည်း တင်းသွားသည်။
ကြပ်ငပွေး။ ။ ဘာ အချိုးမကျတာလဲဗျ ...။ ကြပ်လောကမှာ ကျုပ်က ကြပ်နေတိုး … မြဲမြဲမှတ်ထား။ ခင်ဗျားသာ ဘိုကလေး မီးသွေး ကိုယ်ပျက်နေတဲ့ရုပ်။
ကြပ်ငပွေးက ဦးရွှေပန်းကို ချိုးချိုးဖဲ့ဖဲ့ ပြောလိုက်သဖြင့် စိတ်တိုသွားသော်လည်း မဲဆွယ်နေသည့် ကာလဖြစ်သည်ကို သတိရ သွားပြီး မျက်နှာချိုသွေးကာ ...။
ရွှေပန်း။ ။ သြော် ကြပ်နေတိုးတဲ့လား ...။ ကျုပ်က ကြပ်လီယိုနာဒို အောက်မေ့နေတာ။ ဟဲဟဲ ဟဲဟဲ။ ကြံ့ဖွံ့ကို မဲထည့်နော်။
ကြပ်ငပွေး။ ။ အာ … ရှုပ်ရှုပ်ရှက်ရှက် ဘာလို့ မဲထည့်ရမှာလဲ။
ရွှေပန်း။ ။ ထည့်ပါ … ကြံ့ဖွံ့ကို မဲထည့်ရင် လိုတာတွေအားလုံး ဖြစ်စေရမယ်။
ပြောရင်း ဦးရုက္ခစိုးကို မြင်သွားသဖြင့် “ဦးရုက္ခစိုးလည်း ကြံ့ဖွံ့ကို မဲထည့်နော်။ မှတ်ပုံတင် နေ့ချင်းပြီး လုပ်ပေးမယ်” ဟု ပြောလိုက်သည်။
ရုက္ခစိုး။ ။ ဦးရွှေပန်း … ဒီက ကြပ်ငပွေးက မေးနေတယ်။ လူမရှိတဲ့ ကွင်းခေါင်ခေါင်မှာ ဘာလို့ အမတ်လောင်းလုပ်ပြီး ရွေးကောက်ပွဲ ဝင်တာလဲတဲ့။
ရွှေပန်း။ ။ သြော် ဦးရုက္ခစိုးကလည်း … လူမရှိတဲ့ နေရာမှာ ဝင်ပြိုင်မှ ကန့်ကွက်မဲမရှိ ၁၀၀ ရာခိုင်နှုန်း နိုင်မှာပေါ့လို့။ ကျုပ်လိုပဲ … လဒူသီရိ တို့၊ ဒုက္ခ သီရိ တို့၊ ပေါက်ကရ သီရိတို့မှာလည်း ဗိုလ်ပြုတ်တွေ ဝင်ပြိုင်ကြလိမ့်မယ်။
ထိုစဉ် သူတို့နားသို့ လှုပ်လှုပ် လှုပ်လှုပ်နှင့် ချိုကုပ်ဒူးကြီး လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ချိုကုပ်။ ။ ဟဲ့ ရွှေပန်း … မဲဆွယ်စည်းရုံးပါဆို ဘယ်သူတွေနဲ့ လေပန်းနေတာလဲ။
ရွှေပန်း။ ။ စည်းရုံးတာ တော်တော်ခရီးရောက်နေပြီ ချိုကုပ်ဒူးကြီးရဲ့။ အခုဆို ရှေ့က မြက်စားနေတဲ့ နွားတွေ ကျနော်မျိုးကြီးရဲ့ လေမှာ တော်တော်လေး မိနေပြီ။
နွားနှစ်ကောင်ထဲက တကောင်က “ဘွတ်အဲ” ဟု ထအော်လိုက်ရာ ဦးရွှေပန်းက “တွေ့လား၊ ထောက်ခံနေတယ်” ဟု ဆိုကာ ရင်ကော့လိုက်သည်။
ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးက ဘာလာလုပ်တာလဲ။ နွား ဘယ်နှကောင်ကို စည်းရုံးပြီးပြီလဲ ဆိုတာ လာကြည့်တာလား။
ချိုကုပ်။ ။ မဟုတ်ပါဘူးဗျာ … ရန်ကုန်မှာ စည်းရုံးမှု အရှိန်အဟုန် တက်နေတဲ့အကြောင်း လာပြောတာ။ ဒါမှ ဒီက ရွှေပန်းတို့လည်း အားတက်မယ် မဟုတ်လား။
ရွှေပန်း။ ။ ဒီမှာလည်း စည်းရုံးမှု အရှိန်တက်ပါတယ် ဘဘဘုရားရယ်။ နွားတွေတင် မကဘူး နတ်တွေကော၊ ကြပ်တွေကောကို စည်းရုံးထားတာ။ ကျနော့်ကို နိုင်ငံတော် ဘဏ္ဍာထဲက ပိုက်ဆံတွေ ပိုထုတ်ပေးတော့ဗျာ။ နေပြည်တော်က နွားတွေကို မြက်တထုံးစီ ပိုကျွေးမယ်ဆိုပြီး မဲဆွယ်မလို့။
ချိုကုပ်။ ။ မဖြစ်ဘူးကွ ...။ အခု ရန်ကုန်ကိုပေးထားတဲ့ ဘဏ္ဍာငွေတောင် မလောက်ဘူး ဖြစ်နေတာ။ သိန်းဂိန်လေ … အသက် ၇၀ ကျော် အဘိုး၊ အဘွားတွေကို ငွေလှူပါမယ်ဆိုပြီး စကားတွေ ကျွံကုန်လို့၊ အဲဒါ အခု အသက် ၇၀ ကျော်တွေက အများကြီးဖြစ်နေတော့ အသက် ၇၅ နှစ်ကျော် အဘိုး၊ အဘွားတွေကိုပဲ လှူပါတော့မယ် ဆိုပြီး ပြန်ပြင်ရတယ်။ ဒါတောင် ငွေက မလောက်ဘူးတဲ့။
ရုက္ခစိုး။ ။ အဲဒီလို လှူတော့ ဘာဖြစ်လဲ။ သူတို့က မဲထည့်မှာလား။
ချိုကုပ်။ ။ မဲ ထည့်မထည့်တော့ မသိဘူးလေ။ ပိုက်ဆံယူမယ့်သူကတော့ တန်းစီနေတာပဲ။ ဘာပဲဖြစ်ဖြစ် အောင်မြင်တယ် ဆိုရမှာပေါ့။
ရုက္ခစိုး။ ။ အင်း အင်း ဟုတ်တာပေါ့။ ဒါဆို နောက်ထပ် အောင်မြင်တာတွေ ပြောစမ်းပါဦး။
ချိုကုပ်။ ။ အောင်မြင်တာတော့ ပြောမနေနဲ့။ လူတယောက်သေရင် ၃ သောင်းပေးမယ်ဆိုပြီး စည်းရုံးတာလေ။
ကြပ်ငပွေး။ ။ လူတွေ သေကုန်ရောလား။
ချိုကုပ်။ ။ သေတဲ့သူတွေလည်း သေကြပါတယ်။ ဒါပေမယ့် စရန်လာသတ်တဲ့သူက ပိုများတယ်။
ရုက္ခစိုး။ ။ စရန်သတ်တယ် ဟုတ်လား။ ဘယ်လို စရန်လာသတ်တာလဲဗျ။
ချိုကုပ်။ ။ လူဆိုတာ သေမျိုးပဲတဲ့၊ အခုမသေလည်း နောက်သေမှာပဲဟာ … အခု မသေခင် စရန် ၁ သောင်းခွဲ ကြိုပေးထားပါ၊ သေပြီးမှ ကျန်တဲ့ ၁ သောင်းခွဲ ယူပါ့မယ် ဆိုပြီး စရန်လာသတ်တာလေ။ ဘာပဲဖြစ်ဖြစ် ကြံ့ဖွံ့အောင်မြင်တယ် ပြောလို့ရတာပဲ။ ကျော်သူ့ဆီကို သေမှ သွားကြတာ … ကြံ့ဖွံ့ဆီကိုတော့ မသေခင်လာတယ်မဟုတ်လား။
ကြပ်ငပွေး။ ။ (လေသံလေးဖြင့်) ဦးရုက္ခစိုးရေ … သူတို့လုပ်နေပုံက မဲ ရမရတော့ မသိဘူး၊ သေချာတာက ရှိသမျှ ပိုက်ဆံတွေ ကုန်မှာတော့ အမှန်ပဲနော်။ ကျနော်လည်း ဆက်နေရင် အကုသိုလ်များတယ် လစ်ပြီဗျို့။
ကြပ်ငပွေး ပျောက်ကွယ်သွားသည်နှင့် ...
ချိုကုပ်။ ။ ကဲ ကဲ … ရွှေပန်းရေ … ငါကိုယ်တော် အားရတော်မူတယ်။ ဆက်အော် ဆက်အော် ...။ ငါတော့ ဒုက္ခသီရိ ဘက် သွားလိုက်ဦးမကွဲ့။
ရွှေပန်း။ ။ သွား သွား အဘရေ ...။ ကျနော်မျိုးကြီးလည်း လည်ချောင်းကွဲအောင် အော်လိုက်ဦးမယ်။
ချိုကုပ်ဒူးကြီး ထွက်သွားသည်နှင့် ဦးရွှေပန်းမှာ “ကြံ့ဖွံ့ကို မဲထည့်ပါ၊ ကြံ့ဖွံ့ကို မဲမထည့်ရင် ဘာဖြစ်သွားမယ်ထင်လဲ” ဟု လက်သီးလက်မောင်းတန်းကာ အော်ဟစ်လိုက်သည်။ ဦးရွှေပန်းရှေ့သို့ မြေကျစ်စာခဲများ ဖွဲခနဲ ကျလာသည်။
ရွှေပန်း။ ။ ဟေ့ … ဘယ်ကောင်တွေလဲကွ … သတ္တိရှိရင် ထွက်ခဲ့။
နောက်ထပ် မြေကျစ်စာခဲများ ဖွဲခနဲ လွင့်ကျလာပြန်သည်။ မြေကျစ်စာခဲ တလုံးမှာ ဦးရွှေပန်း၏ ထိပ်တည့်တည့်ကို တိန်ခနဲ မှန်သွားသည်။ ဦးရွှေပန်းက “ကြံ့ … ကြံ့ … ဖွံ့” ဟု အော်ခါရှိသေးသည် နောက်ထပ် မြေတုံးမြေခဲများ တဝုန်းဝုန်းကျလာသည်။
ရွှေပန်း။ ။ ဦး … ဦးရုက္ခစိုး … ဘယ် … ဘယ်လို ဖြစ် … ဖြစ်။
ရုက္ခစိုး။ ။ မကြောက်ပါနဲ့ ဦးရွှေပန်းရယ်။ ကြပ်ငပွေးတို့ အုပ်စုပါ။ ကြပ်အကောင် ၁၀၀ ကျော်လောက်က ခင်ဗျား စည်းရုံးရေး ဆင်းတာကို နားထောင်ပြီး သြဘာပေးနေတာ။ သူတို့ အိပ်မရလို့တဲ့။
ဦးရုက္ခစိုး စကား အဆုံးတွင် နောက်ထပ် မြေတုံးမြေခဲများ တဝုန်းဝုန်းကျလာရာ ဦးရွှေပန်းလည်း “အောင်မငေး … သရဲဗျ သရဲ” ဟု အော်ရင်း ဖနောင့်နှင့် တင်ပါး တသားတည်းကျအောင် ထွက်ပြေးလေတော့၏။
No comments:
Post a Comment