ဝေမိုး Monday, September 13, 2010
စစ်အစိုးရသည် တရုတ် တပြည်ထောင်တည်း မူဝါဒ (one-China Policy) ကို ထောက်ခံပြီး တရုတ်အစိုးရနှင့် နီးကပ်စွာ ဆက်ဆံနေသည့်တိုင် ထိုင်ဝမ် သူလျှိုများကို မြန်မာပြည်တွင်းတွင် လွန်ခဲ့သည့် အနှစ် ၂၀ ကတည်းက လှုပ်ရှားခွင့် ပေးထားကြောင်း မြန်မာ ထောက်လှမ်းရေး အသိုင်းအဝန်းမှ သိရသည်။
၁၉၉၀ ဝန်းကျင် နှစ်အစောပိုင်းမှ စ၍ စစ်အစိုးရ၏ အကူအညီအဖြင့် ထိုင်ဝမ် သူလျှို ဒါဇင်ပေါင်းများစွာ မြန်မာပြည်တွင်းတွင် လှုပ်ရှားလျက်ရှိကြောင်း၊ ယင်း သူလျှို ကွန်ရက်ကို မြန်မာ အမည် “ဝင်းနိုင်” ဟု ခံယူထားသည့် ဗိုလ်မှူးကြီး အဆင့်ရှိ ထောက်လှမ်းရေးအရာရှိက ဦးဆောင်ခဲ့ကြောင်း သိရှိရသည်။
ထိုင်ဝမ် သူလျှိုများကို အစောပိုင်းတွင် ဖမ်းဆီးရမိသော်လည်း ကာကွယ်ရေး ဦးစီးချုပ်ရုံး - ကြည်း (ကကကြည်း) ၏ အမိန့်ဖြင့် နောက်ပိုင်း ပြန်လွှတ်ပေးခဲ့ရပြီး ထိုဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံသို့ ပေါက်ကြားခြင်း မရှိစေရန် သက်ဆိုင်ရာ အရာရှိများကို ညွှန်ကြားခဲ့ကြောင်း သိရသည်။
“ထိုင်ဝမ် သူလျှိုတွေကို ဖမ်းမိတာနဲ့ ပတ်သက်ပြီး သတင်းမှောင်ချထားဖို့ ကကကြည်းက ညွှန်ကြားပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်နဲ့ ပတ်သက်ပြီး သူတို့ဆီကနေ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ရဖို့ ညှိနှိုင်းလို့ ရနိုင်တယ်” ဟု ထိုစဉ်က တာဝန်ထမ်းဆောင်ခဲ့သူ မြန်မာ ထောက်လှမ်းရေးဟောင်းတဦးက ဧရာဝတီသို့ ပြောသည်။
“ထိုင်ဝမ် သူလျှိုတွေရဲ့ ကွန်ရက်က အခုထိ မြန်မာပြည်မှာ လှုပ်ရှားတုန်းလို့ ယုံကြည်ရတယ်။ အထူးသဖြင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လာရှိုးနဲ့ နယ်စပ်မြို့တွေမှာပေါ့။ အေးဂျင့်တွေက မြန်မာပြည်ပေါက် ထိုင်ဝမ်တွေ။ မြန်မာစကားကို မွှတ်နေအောင် ပြောတတ်တယ်” ဟု အဆိုပါ ထောက်လှမ်းရေးဟောင်းက ဆက်လက်ပြောသည်။
ထိုင်ဝမ်နှင့် မြန်မာသည် တရားဝင် သံတမန် ဆက်ဆံရေး မရှိသော်လည်း ၁၉၄၉ ခုနှစ်တွင် ကူမင်တန်ပါတီ နှိမ်နင်းခံရပြီး တရုတ်ပြည်တွင်းစစ် ပြီးဆုံးချိန်မှစ၍ ထိုင်ဝမ်-မြန်မာ ခိုင်မာသော ပတ်သက်မှုများ ရှိခဲ့သည်။
ထိုင်ဝမ်နိုင်ငံ တိုင်ပေ အခြေစိုက် မြန်မာသုတေသီတဦး၏ အဆိုအရ ထိုင်ဝမ်တွင် မြန်မာနိုင်ငံဖွား ထိုင်ဝမ်နိုင်ငံသား ၁ သိန်းခန့်ရှိကြောင်း သိရသည်။
“မြန်မာပြည်ကလာတဲ့သူ အများစုက တိုင်ပေမြို့တွင်းနဲ့ မြို့အနီးတဝိုက်မှာ နေကြတယ်။ တိုင်ပေမှာ မြန်မာလက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ သီချင်းထုတ်လုပ်ရေး ကုမ္ပဏီတွေနဲ့ မြန်မာတန်းတောင် ရှိတယ်” ဟု အမည်မဖော်လိုသည့် အဆိုပါ မြန်မာသုတေသီက ပြောသည်။
“မြန်မာ စစ်အစိုးရက တရုတ် တပြည်ထောင်တည်း မူဝါဒကို ထောက်ခံပါတယ်၊ ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေး မရှိပါဘူးလို့ ဆိုတယ်။ ဒါပေမယ့် မြန်မာနဲ့ ထိုင်ဝမ်ကြားမှာ အပြန်အလှန် အဆက်အသွယ်တွေ သေချာပေါက်ရှိတယ်။ လျှို့ဝှက်တယ် ဆိုပေမယ့် သိသာတာတွေက အများကြီးပါ။ ဥပမာဆိုရင် တိုင်ပေကနေ ရန်ကုန်ကို တပတ်ကို လေးကြိမ် လေယာဉ်ပြေးဆွဲတာမျိုးပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုင်ဝမ်-မြန်မာ ဆက်ဆံရေးသည် လုံးဝ ချောမွေ့သော မိတ်ဆွေ ဆက်ဆံရေးမျိုးဟု ယူဆ၍ မရပေ။ ကူမင်တန်ပါတီကို ထောက်ခံသူများသည် တရုတ်နိုင်ငံမှ ၁၉၄၉ ခုနှစ်တွင် ထွက်ပြေးလာပြီးနောက် မြန်မာပြည်တွင် အခြေချခဲ့ကြသော်လည်း ၁၉၅၀ ဝန်းကျင်နှောင်းပိုင်းတွင် မြန်မာစစ်တပ်က ကူမင်တန်တပ်များကို တိုက်ထုတ်နိုင်ခဲ့သည်။ ထို့အပြင် ၁၉၆၇ တရုတ်-မြန်မာ အဓိကရုဏ်းဖြစ်ပွားပြီး အကျိုးဆက်အဖြစ် ထိုင်ဝမ်သို့ မြန်မာပြည်ပေါက် တရုတ်အများအပြား ရွှေ့ပြောင်း နေထိုင်ခဲ့ကြသည်။
ထို သမိုင်းဖြစ်စဉ်များ ရှိခဲ့သော်လည်း ထိုင်ဝမ်နှင့် မြန်မာ အစိုးရပိုင်းသည် ဆက်ဆံရေးကို ဆက်လက် ထိမ်းထားခဲ့သည်။ ၂၀၀၀ ပြည့်နှစ် မေလတွင် ထိုင်ဝမ်၌ ဒီမိုကရက်တစ် တိုးတက်ရေး ပါတီ အာဏာရလာပြီးအချိန် မတိုင်ခင်အထိ ရန်ကုန်နှင့် မန္တလေးတွင် စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ရုံးများ ဖွင့်လှစ်ခဲ့သည်ကို တွေ့ရသည်။ ထိုနောက်ပိုင်း သမားရိုးကျ မဟုတ်သော ကုန်သွယ်ရေးရုံးများနှင့် တရုတ်ဘုံကျောင်းများမှတဆင့် စစ်အစိုးရနှင့် အဆက်အဆံပြုလုပ်သည်ဟု ယုံကြည်ရသည်။
မကြာသေးမီက အထောက်အထားများအရ ၂၀၀၉ ခုနှစ် ဇွန်လတွင် ထိုင်ဝမ် ပြည်ပ ကုန်သွယ်ရေး ဖွံ့ဖြိုးမှု ကောင်စီ (TETDC) သည် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ကုန်သွယ်ရေး သဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့သည်။
မြန်မာစစ်အစိုးရသည် အဓိက မဟာမိတ်ကြီးအဖြစ် တရုတ်အစိုးရကို ဆက်ဆံနေသော်လည်း တချိန်တည်းတွင် ထိုင်ဝမ် သူလျှိုများနှင့် သဘောတူညီချက် ရယူ၍ တရုတ်ကို ပြန်လည် စောင့်ကြည့်နေသည်မှာ အနည်းငယ် ထူးဆန်းလျက်ရှိသည်။ ဒီမိုကရေစီ အင်အားကြီးနိုင်ငံ အိန္ဒိယနှင့် ဆက်ဆံရေးမှာ မြန်မာအဖို့ တရုတ်၏ လွှမ်းမိုးမှုကို ချိန်ခွင်လျှာမျှရန် ဖြစ်သည့်နည်းတူ ထိုင်ဝမ်နှင့် ဆက်ဆံရေးမှာလည်း တရုတ်အစိုးရအပေါ် အခြေခံအားဖြင့် မယုံကြည်မှုကို ပြသရာရောက်နေသည်။
တရုတ်-မြန်မာ ဆက်ဆံရေးတွင် ကြုံတွေ့ရသော ပြဿနာများအကြောင်း လေ့လာသုံးသပ်ထားသည့် စာတမ်းတွင် မြန်မာ့အရေး ကျွမ်းကျင်သူ တရုတ်လူမျိုးပညာရှင် Li Chenyang နှင့် Lye Liang Fook တို့က မြန်မာစစ်အစိုးရသည် တရုတ်၏ ဗမာပြည် ကွန်မြူနစ်ပါတီအပေါ် ထောက်ခံခဲ့မှုကို မမေ့သေးသည်မှာ ထင်ရှားကြောင်း၊ စစ်အစိုးရသည် တရုတ်ပြည်အပေါ် အလွန်အမင်း မှီခိုရမည့် အရေးကိုလည်း သတိထားနေခဲ့ကြောင်း ဖော်ပြထားသည်။
ဆက်လက်၍ အဆိုပါပညာရှင် ၂ ဦးက တရုတ်အပေါ် ယုံကြည်မှု မရှိသည့် လက္ခဏာ တရပ်အဖြစ် စစ်အာဏာရှင်များသည် တရုတ်နိုင်ငံသို့ ဆေးကုသမှု ခံယူရန် မည်သည့်အခါကမှ မလာခဲ့ဖူးကြောင်း ထောက်ပြသည်။ တရုတ်အစိုးရအပေါ် မယုံကြည်သော အထောက်အထားအဖြစ်လည်း ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို ဖြုတ်ပစ်ခြင်းနှင့် အစိုးရရုံးစိုက်သည့်မြို့ကို နေပြည်တော်သို့ ပြောင်းခြင်းတို့ကို စစ်အစိုးရသည် တရုတ်အစိုးရကို ကြိုတင်အကြောင်းကြားခြင်း မရှိခဲ့ကြောင်း ပညာရှင် ၂ ဦးက တင်ပြထားသည်။
အများအမြင်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ပြီး စက်တင်ဘာလ ၇ ရက်နေ့မှစ၍ ၅ ရက်ကြာသွားရောက်ခဲ့သော ခရီးစဉ်က တရုတ်-မြန်မာ ဆက်ဆံရေးသည် ယခင်ကထက် ပိုမိုနီးကပ်လာကြောင်း ဖော်ပြနေသကဲ့သို့ ရှိသည်။
တရုတ်သမ္မတ ဟူကျင်းတောင်နှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးက တရုတ်နှင့် မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ဆက်လက်တိုးမြှင့်မည်ဖြစ်ပြီး နှစ်နိုင်ငံကြား ယုံကြည်မှု ပိုမို ခိုင်မာလာပါသည်ဟု ပြောကြားခဲ့သည်။
ယမန်နေ့ထုတ် စစ်အစိုးရ သတင်းစာတွင်လည်း တရုတ် တပြည်ထောင်တည်း မူဝါဒကို အပြည့်အဝ နားလည်ပြီး ထောက်ခံကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည်ဟု ဖော်ပြထားသည်။
No comments:
Post a Comment