ဇော်ကြီး။
ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးဝင် ရောက်လာသည့် စစ်ပြေးဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက မြန်မာဖက်ခြမ်းသို့ ပြန်ပို့နေသည်။
ယနေ့မွန်းတည့်ချိန်က ဒေသခံထိုင်းအာဏာပိုင်အဖွဲ့အစည်းများက နေရပ်ရင်းသို့ပြန်ကြရန် လာရောက်ပြောဆို ခဲ့ပြီး သောင်ရင်းမြစ် တဖက်ကမ်းသို့ကူးရန် စက်လှေများစီစဉ်ပေးနေသည်ဟု ဒုက္ခသည် အမျိုးသမီးတဦးက ယခု လိုပြောသည်။
“ရှမ်း(ထိုင်း)စစ်သားတွေက ပြန်ခိုင်းနေတယ်။ အခြေအနေကောင်းပြီလို့ပြောတယ်။သူတို့ညှိထားပြီးပြီ လို့ပြောတယ်။ ကျမတို့ကတော့ ပြန်မရဲသေးဘူးလေ။”
သို့သော် ယင်းသို့ပြန်ပို့နေစဉ် ဖလူးလေးကျေးရွာဖက်မှ လက်နက်ကြီးသံ ကြားနေရသော်လည်း ထိုင်းအာဏာ ပိုင်များက အဓမ္မပြန်ခိုင်းနေသည်ဟု နယ်စပ်ဒုက္ခသည်များကို ကူညီပေးနေသည့် မြန်မာပြည်သားအသင်းဥက္ကဌ ဦးမိုးကြိုးက ယခုလိုပြောသည်။
“အဲတာလူတွေက ကူးရမလို၊ မကူးရမလိုနဲ့ တောင်ပြင်မှာထိုင်နေကြတယ်။ အဲဒီမှာ နယ်ခြားစောင့် စစ် သားတွေက အတင်းကိုလှေပေါ်တက်ခိုင်းနေတယ်။ အခုက ကျနော်တို့ဓါတ်ပုံရိုက်နေတဲ့သူတွေ ကိုပါ ပြဿနာရှာချင်သလိုဖြစ်နေတယ်။ ကျနော်တို့ကိုပါ လက်ရမ်းပြီး ဟိုဖက်သွားပေါ့။ ဒါနဲ့ ကျနော်တို့ လည်း ပြန်တက်လာရတယ်။”
တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA တပ်ဖွဲ့များနှင့် စစ်အစိုးရတို့ လွန်ခဲ့သည့် ငါးရက် ခန့်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် မင်းလက်ပန်၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတို့မှ ထွက်ပြေးလာသည့် ဒုက္ခသည် ၁၂၀၀ ကျော်ရှိပြီး ထိုင်းနယ်ခြားစောင့်တပ်နှင့် အစိုးရမဟုတ်သည့် NGOs အဖွဲ့များက စားရေရိက္ခာ များ ကူညီပေးခဲ့သည်။
ယင်းဒုက္ခသည်များအား မဲဆောက်မြို့နယ် မယ့်ကူကင်း ကျေးရွာ၌ ယာယီဒုက္ခသည်စခန်း ဖွင့်လှစ်ပေးခဲ့ပြီး ဒေသ ခံ ထိုင်းအာဏာပိုင်အဖွဲ့ပေါင်းစုံမှ အင်အား(၁၀၀)ခန့်က ယနေ့တွင် ပြန်လည်မောင်းထုတ်နေခြင်း ဖြစ်သည်။
ထိုင်းမြန်မာနယ်စပ်တလျှောက်တွင် စစ်ပြေးဒုက္ခသည်စခန်း ၉ ခုရှိပြီး လူဦးရေ တစ်သိန်း ခြောက်သောင်းကျော် အား နေရပ်ရင်းပြန်ပို့ရန် ထိုင်းအစိုးရက ပြင်ဆင်မှုများရှိနေချိန် ဒုက္ခသည် ထပ်မံတိုးပွားလာမည်ကို စိုးရိမ်သည့် အတွက် ယခုလို ပြန်ပို့ခြင်းဖြစ်နိုင်သည်ဟု ဦးမိုးကြိုးက သုံးသပ်ပြောဆိုသည်။
“ထိုင်းက လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ရက်ပိုင်းတော့ စောင့်ရှောက်မယ်။ သို့သော် လုံးဝ ဒုက္ခသည်အဖြစ်တော့ လက်မခံဘူးပေါ့ဗျာ။ ထိုင်းနိုင်ငံက သူ့ရဲ့အမျိုးသားလုံခြုံရေးရှုထောင့် ကနေပဲ ကြည့်တယ်လို့ ကျနော်တော့ ပြောချင်ပါတယ်။”
နယ်စပ်တိုက်ပွဲများကြောင့် အရပ်သားများထိခိုက်မှုမရှိစေရန် လုပ်ဆောင်သင့်ပြီး နယ်စပ်သို့ ရောက်ရှိလာသည့် ဒုက္ခသည်များအား အချိန်မတိုင်မီ ပြန်မပို့ရန် လူ့အခွင့်အရေးလေ့လာ စောင့်ကြည့်ရေးအဖွဲ့(HRW) က ထိုင်းအစိုး ရထံ လွန်ခဲ့သည့် ဒီဇင်ဘာလ (၄)ရက်နေ့က တောင်းဆိုခဲ့သည်ဟု သိရသည်။
ထိုင်းနှင့်မြန်မာ နှစ်ဖက်အာဏာပိုင်တို့ ညှိနိုင်းပြီး ဒုက္ခသည်များအား ယခုလိုပြန်လည်ပို့ဆောင် ခြင်းဖြစ်သည်ဟု ဆိုသော်လည်း အတည်ပြု၍မရသည့် သတင်းများအရ ဖလူးကြီးနှင့် ဖလူးလေး ကျေးရွာနှစ်ရွာမှ တစ်ရွာလျှင် ပေါ်တာအထမ်းသမား ၁၅၀ စီ မြန်မာစစ်အစိုးရတပ်က ဆင့်ခေါ်ထား သည်ဟုသိရသည်။
No comments:
Post a Comment