Wednesday, December 15, 2010

တာချီလိတ်မြို့သစ် တိုးချဲ့ရန် လူထုမြေကွက် သိမ်းယူပြီး အကွက်ပိုင်း၍ ပြန်လည်ရောင်းချ

သျှမ်းသံတော်ဆင့်

တာချီလိတ်မြို့ ဟောင်လိတ် ကျေးရွာအုပ်စု လွယ်စထုံတောင်နှင့် လျှပ်စစ်ဖြန့်ဝေရေးရုံးအကြား (အကွက် ၁၀၀၀ ထက်မနည်း အကွက်ချ၍ တချို့တ၀က် ကို ဌာနဆိုင်ရာ ၀န်ထမ်းများအား ပေးထားသော) နအဖအာဏာပိုင်နှင့် ငွေကြေးရှင် လောပန်းများ ပူးပေါင်း သိမ်းယူထားသည့် လူထုပိုင် လယ်ယာခြံမြေများ ပြန်လည်ရောင်းချ နေကြောင်း စုံစမ်းသိရှိရပါသည်။

“ပုံလို့ကျောင်းရဲ့မြောက်ဘက် တောင်ခြေဘက်အထိ မြေရိုင်းတွေ။ ဒေသခံတွေရဲ့ လယ်တွေ၊ သရက်ခြံတွေ၊ ယာမြေ တွေပါတယ်။ အားလုံးပေါင်း ဧက ၂၀၀၀ ကျော်အထိ ရှိတယ်။ အဲဒါတွေကိုသိမ်းယူပြီး ၀န်ထမ်းအတွက် အကွက် ၅၀၀ ချပေးတယ်။ ၀န်ထမ်းတွေက တကွက်ကို ထိုင်းဘတ်ငွေ တသိန်းကနေနှစ်သိန်းကျော်သုံးသိန်းအထိ ပြန်ရောင်းချတယ်” - ဟု ဆန်ဆိုင်းခ ရပ်ကွက် သားတဦးကပြောသည်။

ယခုနှစ်များအတွင်း တာချီလိတ်မြို့တွင်းသို့ ပြောင်းရွှေ့နေထိုင်လာသူ ထောင်ချီရှိသဖြင့် အိမ်/ မြေဈေးများ အဆမတန် တက်လာ ခြင်းကြောင့်တကြောင်း၊ တာချီလိတ် - ကျိုင်းတုံ ရထားလမ်းစီမံကိန်း သတင်းကြောင့်တကြောင်း လောပန်း နှင့် ၀န်ထမ်းများက အဆိုပါမြေကွက်များ ထုတ်ရောင်းခြင်းဖြစ်ကြောင်းလည်း အမည်မဖော်လိုသည့် မြေပွဲစားနှင့် အမျိုးတော်သူ တဦးက ပြောသည်။

ဝန်ထမ်းများအပြင် ကျန်မြေကွက်အများစုကို သူဌေး/လောပန်း ၄ ယောက်ပိုင်သည်ဟုလည်းဆို၏။ မိုင်းယန်းသား စိုင်းဆမ်တန်း (အသက် ၅၁ နှစ်) နှင့် ဦးစိန်မောင် + ဇော်ဇော်ထွန်း တို့ ပါဝင်သည်ဟုလည်းဆို၏။

“အဲဒီနေရာတွေအပြင် ၀မ့်ဟောင်-ဟောင်လိတ်ဘက်မှာ လေယဉ်ကွင်းဧရိယာထဲကျတယ်ဆိုပြီး လယ်သမားတွေဆီက အာဏာ ပိုင်တွေ သိမ်းယူထားတဲ့မြေတွေလဲရှိသေးတယ်။ အခု ပေ ၆၀ x ၄၀ အကွက်လေးတွေ ချထားတာ အကွက်ပေါင်း ၅၀၀ လောက် ရှိတယ် ” – ဟု ဆန်ဆိုင်း ခ ရပ်ကွက်သားက ဆက်ပြောပြသည်။

ထိုမြေကွက်များ မြေဂရမ်ရရှိရေးအတွက် ပိုင်ရှင် လောပန်း ကိုမြင့်ဦးကိုယ်တိုင် ကျိုင်းတုံ တြိဂံစစ်တိုင်းရုံးနှင့် ပြည်နယ် ရုံးသို့ သွားရောက် လဒ်ထိုးဘဏ္ဍာဆက်သရာ ကျပ်ငွေ ၁၀ သန်းကျော်ကုန်သွားပြီဖြစ်ကြောင်း တာချီလိတ်မြေတိုင်း ဌာနနှင့်နီး စပ်သည့် လူလတ်ပိုင်းအမျိုးသားတဦးကလည်း ပြောပြသည်။

“ လမ်းမနဲ့နီးရင်ပေ ၄၀x၆၀ တကွက် အရင်က ကျပ် ၅ သန်းကနေ အခု သန်း ၂၀ အထိ တက်လာတယ်။ ရပ်ကွက်ထဲမှာ ကျပ် ၂ သန်းကနေ ကျပ် ၅ သန်းအထိ တက်တယ်” ဟု ဗိုလ်ချုပ်လမ်းအိမ်ဆိုင်ရှင်တဦးကလည်း ပြောပြသည်။

၂၀၀၉ နှစ်နှောင်းပိုင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား နယ်ခြားစောင့်တပ်/ ပြည်သူ့စစ်အသွင်ပြောင်းရေး နအဖက ဖိအား အကြပ်ကိုင်ရာမှ တင်းမာမှုဖြစ်လာချိန်မှစ၍ နေရာအသီးသီးမှ ဒေသခံ အများစုက တာချီလိတ်မြို့တွင်း သို့ ပြောင်းရွှေ့ နေထိုင်ကြသဖြင့် အိမ်/မြေဈေးနှုန်း တက်လာခြင်းဖြစ်သည်။

No comments: