Thursday, December 9, 2010

နေပြည်တော် ညွှန်ကြားချက်ကြောင့် ကျားဖြူပါတီမျက်နှာစုံညီ အစည်းအဝေး ပြင်ဦးလွင်သို့ပြောင်းရ

မွေခေါဝ်

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ မျက်နှာစုံညီအစည်းအဝေးကြီးကို နေပြည်တော် ညွှန်ကြားချက်ကြောင့် မန္တလေးတိုင်း ပြင်ဦးလွင်(မေမြို့)သို့ ပြောင်းရွှေ့ပြုလုပ်မည်ဖြစ်ကြောင်း ကျားဖြူပါတီခေါင်း ဆောင်တစ်ဦးက ပြောပါသည်။

အစက တောင်ကြီးမှာလုပ်ဖို့ စီစဉ်ထားပြီးပြီ။ ပယကလည်း ခွင့်ပြုတယ်။ ဒါပေမဲ့ နေပြည်တော်က ကျားဖြူဟာ သျှမ်းပြည်တခုတည်းနဲ့မသက်ဆိုင်တဲ့အတွက် အများနဲ့သက်ဆိုင်တဲ့နေရာမှာလုပ်ရမှာဆိုတဲ့အချက်ကြောင့် ပြင်ဦးလွင် ကို ပြောင်းရွှေ့လိုက်ရတာပါ” ဟု ဗဟိုကော်မတီဝင်တစ်ဦးက ပြောပါသည်။

ကျားဖြူပါတီ မျက်နှာစုံညီအစည်းအဝေးကြီးကို ဒီဇင်ဘာ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ၁၁-၁၂ ရက်၌ EC(ဗဟိုအလုပ်အမှုဆောင်)ကော်မတီဝင် အစည်းအဝေးဖြစ်ပြီး ၁၃-၁၄-၁၅ ရက်၌ ပါတီဝင်အားလုံး မျက်နှာစုံညီ အစည်းအဝေးဖြစ်သည်။

အစည်းအဝေးမှာ ဗဟိုကော်မတီဝင် ၁၅ ဦးကနေ ၂၁ ဦးအထိ တိုးချဲ့ဖွဲ့စည်းဖို့ရှိပါတယ်။ ပြီးတော့ တာဝန်တွေ တိတိကျကျဖြစ်အောင် ပြန်ပြီးစီမံခန့်ခွဲမယ်။ ဗဟိုကော်မတီမှာ အပြောင်းအလဲနည်းနည်းတော့ ရှိမှာဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောပါသည်။

ဗဟိုကော်မတီဝင် ၁၅ ဦးမှာ သျှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းသာဖြစ်သောကြောင့် သျှမ်းပြည်အရှေ့ပိုင်း၊ ကချင်ပြည်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှလည်း ပါဝင်နိုင်ရန် ပြန်လည်တိုးချဲ့ဖွဲ့စည်းမည်ဟုဆို၏။

မျက်နှာစုံညီအစည်းအဝေးကြီး၌ နမ့်ခမ်းမြို့နယ် ကျားဖြူပါတီက ဒေသခံမျိုးဆက်သစ်အသင်းဖွဲ့စည်းရန် တင်ပြမည်ဟု နမ့်ခမ်းကျားဖြူပါတီခေါင်းဆောင်တစ်ဦးက ဤကဲ့သို့ပြောပါသည်။

“အစည်းအဝေးမှာ ရှေ့ဆက်ပြုလုပ်မဲ့ လမ်းစဉ်တွေကို တင်ပြမှာဖြစ်ပါတယ်။ အနာဂတ်တိုင်းပြည်အတွက် လူငယ် တွေဟာ အရေးကြီးတာကြောင့် ဒေသခံလူငယ် မျိုးဆက်သစ်အသင်းဖွဲ့စည်းဖို့ အဓိကထားတင်ပြမှာ ဖြစ်ပါတယ်။ လူငယ်တွေကို မပျက်စီးအောင် ဗဟုသုတတိုးပွါးအောင် တစ်လတစ်ကြိမ် ဒါမှမဟုတ် တစ်လနှစ်ကြိမ်ခေါ်ပြီး ပညာပေး လုပ်ငန်းတွေ ပြုလုပ်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်”

ဒေသခံအမျိုးသမီးများ အသိပညာဗဟုသုတတိုးပွါးစေရန် အမျိုးသမီးအသင်း၊ လယ်သမားများ ခေတ်မီတိုးတက်သော နည်းပညာဖြင့် လယ်ယာလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် လယ်သမားအသင်းများကိုလည်း ဖွဲ့စည်းကာ ပညာပေး လုပ်ငန်းများ ပြုလုပ်သွားနိုင်ရန် တင်ပြမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပါသည်။

ဗဟိုကော်မတီဝင် ၁၅ ဦးအနက် ဦးစိုင်းအိုက်ပေါင်း (ဥက္ကဋ္ဌ)၊ စိုင်းဆောင်ဆီ (ဒု-ဥက္ကဋ္ဌ)၊ စိုင်းဘိုးအောင်၊ ဒေါက်တာ စိုင်းကျော်အုန်း၊ စိုင်မောင်တင်၊ စိုင်းပန်နှင့် စိုင်းအွမ်ဆိုင်မှိုင်းတို့ ၇ ဦးမှာ လွှတ်တော်အမတ်နေရာအနိုင်ရရှိထားသူ များဖြစ်သည်။

No comments: